မနေ့က ပုံမှန်ကိုယ်ဝန်ဆောင်တဲ့ဖြစ်စဥ်အကြောင်း ရေးသားပေးခဲ့ရာမှာတော့ ကွန်မန့်တွေထဲမှာ နောက်ထပ်မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ အမွှာတွေကျ ဘယ်လိုဖြစ်လာတာပါလဲတဲ့…

မမျိုးဥလေးကို သုက်ပိုးနှစ်ကောင် ပြိုင်တူဝင်သွားလို့ အမွှာလေးတွေ ဖြစ်လာတာလားတဲ့…

မဟုတ်ပါဘူးနော်…

ပြောပြီးသားပါ…အီလည်လည် (၃)ပွင့်ဆိုင်ဇာတ်လမ်းမျိုးတွေ မမျိုးဥလေးက စိတ်မဝင်စားပါဘူး

တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ရိုးမြေကျလက်တွဲသွားမယ့်သူလေးပါ…( အလဲ့ )

အမွှာလေးတွေ ဖြစ်ပုံဖြစ်နည်းက သပ်သပ်ဒီလိုပါ

ဆဲလ်လေးတွေ ကွဲထွက်တဲ့အကြောင်းနဲ့ အရင်ရှင်းပြပါမယ်

….

….

ခန္ဓာကိုယ်ရဲ့ ဆဲလ်လေးတွေထဲမှာ Chromosomeဆိုတဲ့ ဟာလေးတွေပါဝင်ပါတယ်။ သူတို့ဟာ ဆဲလ်လေးတွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ဖို့ အရေးကြီးတဲ့နေရာမှာ ပါဝင်ပါတယ်

ထူးခြားတာတစ်ခုက သတ္တဝါအမျိုးအစားပေါ်မူတည်ပြီး chromosome အရေအတွက် မတူညီကြပါဘူး

ဥပမာ…လူသားတွေရဲ့ ဆဲလ်တွေထဲမှာ chromosome (၄၆)ခု ပါဝင်ပြီး…ခွေးတွေမှာတော့ (၇၈)…ကြောင်တွေမှာ (၃၈)….အဲ့လိုမျိုးပါ

( သူတို့တွေဟာ နှစ်ခု တစ်တွဲစီရှိနေကြတာမို့ လူမှာဆို ၂၃တွဲ…ခွေးမှာဆို ၃၉တွဲ…ကြောင်မှာဆို ၁၉တွဲ အဲ့လိုလည်း မှတ်ထားလေ့ ရှိကြပါတယ် )

နားရှုပ်ပါတယ် ထားလိုက်ပါတော့ ????

ခန္ဓာကိုယ်မှာ နေ့စဥ် ဆဲလ်လေးတွေဟာ သေဆုံးနေကြပါတယ်။ ဒီအခါမှာတော့ ကျန်တဲ့ဆဲလ်လေးတွေက ပြန်ပွားပြီး သေဆုံးသွားတဲ့ ဆဲလ်လေးတွေနေရာ အစားထိုးဖြည့်ပေးပါတယ်

ဆဲလ်ပွားတဲ့အခါ နည်းလမ်း (၂)မျိုး ရှိပါတယ်

(Mitosis နည်းဖြင့် ဆဲလ်ပွားခြင်း)

ဆဲလ်လေးတွေ တစ်ခုကနေ နှစ်ခုအဖြစ်ပွားတဲ့အခါ နဂိုပုံစံအတိုင်းဖြစ်အောင် ပွားကြပါတယ်။ အသစ်ဖြစ်လာတဲ့ ဆဲလ်လေးတွေမှာ chromosome အရေအတွက်ဟာလည်း (၄၆)ခု (၂၃တွဲ) အဖြစ် နဂိုအတိုင်း ဆက်လက်ရှိနေပါတယ်

(Meiosis နည်းဖြင့် ဆဲလ်ပွားခြင်း)

မျိုးပွားခြင်းနဲ့ဆိုင်တဲ့ ဆဲလ်လေးတွေပွားတဲ့အခါမှာတော့ အသစ်ဖြစ်လာတဲ့ဆဲလ်လေးတွေထဲမှာ chromosomeအရေအတွက်က တစ်ဝက်ပဲ ပါလာပါတော့တယ်။ မူလရှိနေတဲ့ ၄၆ခုကို ထက်ခြမ်းခြမ်းပြီး ပေးလိုက်တဲ့ သဘောပါ

( တစ်ကယ်တမ်းတော့ သူဟာ chromosome ၂၃ခုပါတဲ့ ဆဲလ် ၄ခုအထိကို ကွဲပါတယ်။

ထားလိုက်ပါတော့….အဂိန်း….

နားရှုပ်ပါတယ် )

ပြောရရင် လိုရင်းကတော့….

မမျိုးဥလေးဆီမှာ chromosome ၂၃ခု

သုက်ပိုးကောင်လေးဆီမှာလဲ….၂၃ခု

နှစ်ယောက်ပေါင်းမှ ၄၆ခု (၂၃တွဲ) အနေနဲ့ လူသားကလေးငယ်လေး ဖြစ်ပေါ်လာတာလို့ ဆိုလိုချင်တာပါ

( ၃ပွင့်ဆိုင် ဇာတ်လမ်းတွေ လုပ်လို့မရပါဘူး

တော်ကြာ…chromosome ၆၉ခုနဲ့ ဂြိုလ်သားလေးတွေ ထွက်လာပါဦးမယ် ???? )

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒါဆို အမွှာလေးတွေ ဘယ်လိုဖြစ်လာတာလဲ ?

နည်းလမ်း ၂မျိုးဖြစ်နိုင်ပါတယ်

(၁) Dizygotic twins

ဒီနည်းလမ်းကတော့ ရှားရှားပါးပါး မမျိုးဥနှစ်ခုကြွေလို့ ဖြစ်ရတာပါ

မမျိုးဥတစ်ခုချင်းဆီကို သုတ်ကောင်လေးတွေ တစ်ကောင်ချင်းစီ ဝင်ရောက်သွားပြီး….စုံတွဲ ၂တွဲ ဖြစ်သွားတယ်ပေါ့

ဖြစ်လာတဲ့ အတွဲနှစ်တွဲဟာလည်း သားအိမ်နံရံရဲ့ မတူညီတဲ့နေရာနှစ်ခုမှာ ကွန်းခိုရင်း ကလေးလေးနှစ်ယောက်အဖြစ် ကြီးထွားလာတာပါ

ဒီနည်းလမ်းက ရှင်းပါတယ်…

နဂိုကတည်းက မတူညီတဲ့ မျိုးဥနှစ်ခုနဲ့ သုတ်ပိုးနှစ်ခုကနေ ဖြစ်လာတာမို့…ကလေးနှစ်ယောက်ဟာလည်း တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး

( ဟယ်…အမွှာသာပြောတာ ရုပ်ချင်းလည်း မဆင်ဘူးဆိုတာမျိုးပေါ့ )

မွေးလာတာဟာလည်း…သားသား ၂ယောက် ၊ မီးမီး ၂ယောက် ဖြစ်နိုင်သလို…သားလေးတစ်ယောက် သမီးလေးတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်

သားအိမ်ထဲမှာ တစ်ယောက်တစ်နေရာစီ နေရာခွဲပြီး ကြီးပြင်းခဲ့တာမို့ အချင်း (၂)ခု ၊ ရေမွှာ (၂)အိတ်နဲ့ သပ်သပ်စီပါ

(၂) Monozygotic twins

ဒီကောင်ကတော့ နည်းနည်းရှုပ်ပါတယ်

မနေ့ကပြောခဲ့တဲ့ ချစ်သူလမ်းကြားမှာ သန္ဓေအောင်ပြီး နေစရာအိမ်လိုက်ရှာနေတဲ့ စုံတွဲလေး ( ကလေး ဖြစ်လာမယ့်ဆဲလ်လေး )ဟာ…အကြောင်းအမျိုးမျိုးကြောင့် Mitosis နည်းလမ်းနဲ့ ဆဲလ်တွေ ကွဲထွက်သွားပါတယ်

– နေစရာအိမ် (သားအိမ်နံရံ)မရောက်ခင် ကွဲတာရယ်

– နေစရာအိမ်ထဲရောက်ရောက်ချင်း ကွဲတာရယ်

– နေစရာအိမ်ထဲရောက်ပြီး အတော်ကြာမှ ကွဲတာရယ်ဆိုပြီး…ရှိပါသေးတယ်

အဲ့အပေါ်မူတည်ပြီး အချင်း တစ်ခုတည်းဖြစ်တာ…အချင်း နှစ်ခုဖြစ်တာ…ရေမွှာတစ်အိတ်ထဲမှာ ကြီးပြင်းကြတာ…ရေမွှာနှစ်အိတ်ခွဲနေကြတာ…မျိုးစုံဖြစ်နိုင်ပါတယ်

အသေးစိတ်ဆက်ရေးရင် ရှုပ်ကုန်မှာစိုးလို့ ဒီမှာတင်ဖြတ်ပါရစေ

( ခေါင်းရှုပ်မခံကြပါနဲ့…ခေါင်းရှုပ်မယ့်ကိစ္စ ဆရာဝန်တွေ လုပ်ကြပါ့စေ…..

ကိုယ့်ကတော့ အေးရာအေးကြောင်း ရေခဲချောင်းအနေနဲ့ပဲ နေကြပါ )

ဟုတ်ပါပြီ…

အရေးကြီးတာလေးတစ်ခုတော့ မှတ်သားထားစေချင်ပါတယ်

ဒီလိုအမွှာလေးတွေဟာ မမျိုးဥတစ်ခုရယ် သုက်ပိုးတစ်ခုရယ်ကပဲ ဖြစ်လာတယ်…ပြီးမှ ပုံစံတူ ဆဲလ်လေးနှစ်ခုအဖြစ် ကွဲသွားတာမို့…မွေးလာတဲ့ကလေးလေးတွေဟာလည်း ပုံစံတူလေးတွေပါ ????

ဒါ့အပြင် သားသားလေး ၂ယောက် ၊ မီးမီးလေး ၂ယောက်ပဲ ဖြစ်နိုင်ပါတယ်…

( သားတစ်ယောက် သမီးတစ်ယောက်အနေနဲ့ မလာပါဘူး )

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိဘတော်တော်များများကတော့ အမွှာလေးတွေ လိုချင်ကြမယ် ထင်ပါတယ်…ချစ်ဖို့လည်း ကောင်းကြသလို မိဘတွေအနေနဲ့လည်း

” ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်နိုင်ကြတာပေါ့လေ “

ဒါပေမယ့် သတိထားရမှာလေးတွေလည်း ရှိနေပါတယ်

– များသောအားဖြင့် အမွှာကိုယ်ဝန်တွေရဲ့ ထက်ဝက်ကျော်ဟာ နေ့မစေ့ လမစေ့ မွေးရတာများပါတယ်

( ဗိုက်ထဲမှာ ကလေးနှစ်ယောက်စာ နေရာပေးထားရတော့ သိပ်မှ မဆန့်ချင်တာကြီးကို )

– နောက်ပြီး အမွှာကိုယ်ဝန်တွေဟာ သာမာန်ကိုယ်ဝန်တွေထက် အစောပိုင်းကာလမှာ ပျက်ကျနိုင်ချေ ပိုများပါတယ်

( တချို့တွေဆို အမွှာကိုယ်ဝန်ရှိနေမှန်း သေချာတောင် သတိထားမိမှာ မဟုတ်ပါဘူး )

– ရိုးရိုးမွေးဖွားဖို့ထက် ခွဲမွေးရနိုင်ချေလည်း ပိုများပါတယ်

– အချင်းတစ်ခုတည်းကို မျှဝေသုံးစွဲနေရတဲ့ အမွှာလေးတွေဆိုရင် ကလေးတွေအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်

– အချင်းနှစ်ခုနဲ့ အမွှာတွေကျ မွေးပြီးချိန်မှာ အမေအတွက် သွေးသွန်နိုင်​ချေ ပိုများပါတယ်

– အမွှာကိုယ်ဝန်လွယ်ထားသူ မိခင်တွေဟာ သာမာန်ကိုယ်ဝန်ဆောင်တွေထက် ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ ပိုဖြစ်နိုင်ချေလည်း ပိုများပါသေးတယ်တဲ့

ထားပါတော့လေ

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ အမွှာပူးလေးပဲ လိုချင်တာ မွေးချင်တာ ဆိုသူတွေအတွက်တော့….

အမွှာဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အဖြေတော့ မ​ရှိသေးပါဘူး

ဒါပေမယ့်…

– အသက် (၃၀)ကျော် ကိုယ်ဝန်ဆောင်သည်တွေ

– ကိုယ်ဝန် ခဏခဏ ဆောင်ဖူးသူတွေ

– အမွှာကိုယ်ဝန် မျိုးရိုးရှိသူတွေ

– မျိုးဥကြွေအောင် ပြင်ပဆေးဝါး သောက်သုံးနေရသူတွေနဲ့

– ကိုယ်ဝန်ရရှိအောင် တခြားသိပ္ပံနည်းလမ်းတွေနဲ့ ပြုလုပ်နေသူတွေမှာတော့ အမွှာကိုယ်ဝန်ဖြစ်နိုင်ချေ ပိုများတာကို တွေ့ရှိရပါတယ်

ဒါ့ကြောင့် အမွှာလေးတွေလိုချင်သူ မိဘများကို လောလောဆယ် အကြံပေးနိုင်တာက တစ်ခုပဲ ရှိပါတယ်…

• ရေမိုးချိုး သန့်စင်ပြီး မိမိခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပါ

• အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်ပါ

• ပြီးရင်တော့ ကိုယ့်အိမ်မှာရှိတဲ့ ဥဒ္ဒိဿစေတီရှေ့မှာ ပွင့်တော်မူခဲ့ဖူးသော ဘုရားရှင်အပေါင်းရဲ့ ဂုဏ်တော်များကို ကြည်ညိုပွားများရင်း လိုရာဆုကိုတောင်းကြပါလို့ပဲ အကြံပေးချင်ပါတယ်…????

ဟုတ်တယ်လေ…

အနည်းဆုံးတော့ အမွှာပူးလေးတွေ မရတောင်

စေတီနဲ့ ဘုရား သဲကွဲသွားတာပေါ့…

သောင် နဲ့ ကမ်း…ကွဲပြားသွားတာပေါ့…

နို့မို့ မြန်မာပြည်အနှံ့ ဘုရားဖူး ဆိုတာတွေမြင်ရတာ သိပ်စိတ်မသက်သာလှဘူး

( ဗုဒ္ဓဘာသာဝင်တွေအတွက် ပြောတာပါ…

ကျန်ဘာသာဝင်တွေလည်း ယုံကြည်ရာ ထာဝရဘုရားသခင်မှာ လိုရာဆုတောင်းကြပါနော် )

ဘာသာတရားကို အမှန်တကယ် သက်ဝင်ယုံကြည်မှုရှိနေရင် စိတ်ထဲ အေးချမ်းပါတယ် ????

တောင်းတဲ့ဆုတွေလည်း ပြည့်ကြပါ့စေ…

အားလုံးလည်း ရွှင်လန်းချမ်းမြေ့ကြပါစေ…

ဗဟုသုတများလည်း တိုးပွားကြပါစေကြောင်း ဆုတောင်းလျက်…

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here