ဒီတစ်ပတ်တော့ ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းဘူးထည့်ပေးဖို့အတွက် အရာရာကိုဂရုစိုက်တတ်တဲ့ လေးမေတစ်ယောက် ဘယ်လိုစဥ်းစားပြီး အကောင်းဆုံး စီစဥ်ဆောင်ရွက်တယ်ဆိုတာလေး ပြောပြချင်လို့ပါ အိမ်ရှင်မတို့ရေ။

တကယ်တော့ ကလေးနှစ်ယောက်နဲ့ လင်ယောက်ျားရဲ့ ဝေယျာဝစ္စတွေရှိနေတော့ တစ်နေ့တစ်နေ့ မအားရ။ ဒီကြားထဲ ကလေးတွေ ထမင်းဘူးက ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ်ဆိုပြီး လိုင်းပေါ်မှာ ဂယက်တွေထတော့ လေးမေမှာ ဝင်အာချောင်ချင်ပေမယ့် တကယ့် လက်တွေ့ကျ တစ်နေ့တစ်နေ့ ထမင်းဘူး အလျင်မီအောင်လုပ်ရတာနဲ့၊ ကိုယ်ခွဲမရှိတာနဲ့ မအားဘူးရယ်။

ကလေးတွေရဲ့ထမင်းဘူးထဲ အရုပ်ပုံလေးတွေ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် လေးမေက ထမင်းဘူး လှလှလေး လုပ်ဖြစ်ဖို့ထက် အာဟာရစုံစုံလေးဖြစ်အောင် သတိထားပြင်ဖြစ်ပါတယ်။ ဘာမဆို အလေးအနက်ထားတတ်တဲ့ လေးမေအဖို့တော့ ကလေးတွေ ကျန်းမာဖို့အတွက် အိမ်ပြန်လာလို့ ထမင်းဘူးကုန်ရင်ကို ပီတိဖြာမဆုံး။

လေးမေထည့်ပေးတဲ့ ထမင်းဘူးလေးကို ကြည့်လိုက်ရင် အရုပ်လေးတွေမပါဘဲ ထမင်းဟင်းချည့်ဆိုပေမယ့် သန့်သန့်လေး။ အသားဆိုလည်း မျှင်ပေးထားတယ်။ ကလေးတွေ ဖဲ့မစားမှာ မကုန်မှာစိုးလို့။ ပြီးတော့ ကလေးအတွက် ဆရာဝန်အကြံပေးထားတဲ့အတိုင်း ကြယ်လေးတွေစုံအောင် ထည့်ရသေးတာ။

ဘယ်က ကြယ်လေးတွေလဲ။ ကြယ်ပုံစံ ချောကလက်၊ ဂျယ်လီလေးတွေလားလို့လည်း မတွေးကြပါနဲ့ဦး။ အာဟာရအဖြစ် သတ်မှတ်ထားတဲ့ ကြယ်လေးတွေတဲ့။ ကြယ်လေးတွေ ပြည့်အောင်စားမှ ကြယ်လေးလိုတောက်ပတဲ့ ကလေးတို့ဘဝကို တက်လှမ်းနိုင်မှာတဲ့။

အဲဒီကြယ်လေးတွေအကြောင်း လေးမေပြောပြချင်ပါသေးတယ်။

ပထမကြယ်လေးတစ်ပွင့်က အားအင်ကိုဖြစ်စေသော အစာအုပ်စုတဲ့။ ကစီဓာတ််ကြွယ်ဝတာကို ပြောတာ။ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့် စတာမျိုး တစ်ခုခုပေါ့။

ဒုတိယကြယ်လေးကတော့ ရောဂါကိုကာကွယ်သော အစာအုပ်စုတဲ့။ ဗီတာမင်နဲ့ သတ္တုဓာတ် စုံလင်ကြွယ်ဝသော အသီးအရွက်မျိုးစုံပေါ့ (ဝါစိမ်းနီ အရောင်စုံနိုင်ရင် ပိုကောင်း)။ ကလေးတွေဆိုတော့ အသီးအရွက်ကို ခါးတယ်ဆိုပြီး သိပ်မကြိုက်ကြမှာစိုးလို့ ချိုတဲ့မုန်လာဥနီတို့၊ ကန်စွန်းဥတို့၊ ပြောင်းဖူးတို့နဲ့ အစိမ်းရောင်နည်းနည်း ဖန်သက်သက်အရွက်လေးတွေဆို နုပ်နုပ်စဉ်းပေးလိုက်တယ်။

တတိယနဲ့ စတုတ္ထကြယ်လေးနှစ်ပွင့်က (ပရိုတိန်း) အသားဓာတ်တွေတဲ့။ ကလေးတွေအတွက်ဆို ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုပေါ့။ အသားဓာတ်ထဲမှာမှ ကြက်၊ ဝက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ စတဲ့ အသားငါးတွေကရတဲ့ အသားဓာတ်က ကြယ်တစ်ပွင့်တဲ့။ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်ကရတဲ့ အသားဓာတ်က ကြယ်တစ်ပွင့်တဲ့။ ပဲနီ၊ ပဲဝါ၊ ကုလားပဲ၊ မြေပဲ ဒါမျိုးတွေလည်း နေ့စဥ်အစားအသောက်ထဲမှာ ပါဝင်ရမယ်တဲ့။ ပဲမချက်ဖြစ်ရင် အသင့်ကြော်ထားတဲ့ မြေပဲဆန်လေးတွေ ထည့်ပေးဖြစ်တယ်။ ဒါမှမဟုတ်လည်း တိုဖူးကြော်လေးပေါ့။

နောက်ထပ်အရေးကြီးတာကတော့ ကလေးတို့အကြိုက် သစ်သီးဝလံများပေါ့။

သစ်သီးဝလံ အသီးတွေကတော့ စားခါနီးအခွံနွှာစားမှ ပိုးမွှားမကပ်တာ။ အခွံနွှာအပြီး အချိန်ကြာသွားရင် ဝမ်းပျက်၊ ပိုးတွေပေါက်လွယ်၊ ကပ်ငြိစေတာမို့ ကျောင်းကိုထည့်ပေးရင် သူတို့ဘာသူတို့ အခွံနွာနိုင်မယ့် ငှက်ပျောသီးတို့ လိမ္မော်သီးတို့ ထည့်ပေးဖြစ်တယ်။

အိမ်ပြန်လာလို့ လွယ်အိတ်ချပြီး ဆော့ပြီး ရေလာသောက်ပြီဆို အသင့်နွှာထားတဲ့ သရက်သီး ဖရဲသီးတို့လည်း အဆင်သင့်သလိုတော့ ကျွေးဖြစ်တယ်။ အသီးတွေ မဝယ်ဖြစ်သေးတဲ့အခါလည်း အသီးဖျော်ရည်ဘူးလေးတွေကို ကျောင်းထည့်ပေးတာပေါ့။ သဘာဝအသီးလောက် မကောင်းပေမယ့် ကလေးဆိုတော့ အချိုရည်ကြိုက်တယ်လေ။ အသီးအစစ်စားလိုက် ရံဖန်ရံခါ အသီးအရည်သောက်လိုက်ဆိုတော့ ဆိုးကျိုးတော့ ထွေထွေထူးထူး မများစေဘူးပေါ့။

အဓိက သေချာကန့်သတ်ဖြစ်တာတော့ ကလေးတွေကို လေဖောင်းမုန့်စားတဲ့ အကြိမ်ရေ၊ အကျင့်နဲ့ ကျွဲရိုင်းလိုအချိုရည်တွေပဲ။ စွဲလည်းစွဲစေသလို အငန်မုန့်စားပြီးရင် အမေချက်တဲ့ဟင်းတွေကျ ပေါ့ရွတ်ပြီး စားမကောင်းဖြစ်စေရော။ ဒါကြောင့် ဒါမျိုးတွေကိုတော့ အကြိမ်ရေနည်းနည်းနဲ့ ဘယ်လောက်ပဲစားရမယ်ဆိုပြီး သေချာကန့်သတ်ထားရတယ်။

နောက်ပြီး ကလေးသဘာဝ မုန့်ကြိုက်တော့ အရုပ်ပုံမုန့်လေးတွေ၊ ချောကလက်တွေ၊ ဂျယ်လီတွေ တောင်းဆိုလာရင်တော့ နေ့တိုင်းမဟုတ်စေဘဲ ကလေးသဘာဝနဲ့လည်းလိုက်အောင် ထိန်းပြီးစားသင့်တယ်ဆိုတဲ့ သတိလေးလည်းရှိအောင် ပြောပြသင်ပေးရင်း ခွင့်ပြုပေးပါတယ်။

ကလေးတွေ အစားအသောက် ကောင်းကောင်းစားဖို့က မေမေတို့ဆန္ဒဖြစ်သလို ဆော့ချင်ပျော်ချင်တာလည်း ကလေးတို့ သဘာဝမို့လား။ ဒီတော့ ကိုယ်လျှော့လိုက် သူ့လျှော့ခိုင်းလိုက်နဲ့ ကလေးတွေနဲ့ ညှိနှိုင်းရင်း ကြယ်လေးတွေစုံအောင် ကျွေးဖြစ်အောင် ကြိုးစားရတာပေါ့။ နေ့တိုင်းတော့ ကြယ်လေးပွင့်လုံး မစုံပါဘူး အမှန်ပြောတာ။ တချို့ရက်တွေလည်း ကြယ်တွေလျှော့ပေါ့။ ကြိုးစားလုပ်ကိုင် စောင့်ရှောက်ရင်း ဒီကလေးတွေ အိမ်ပြန်အလာ အမေ့ကိုပြေးဖက်ရင်ကို အမောတွေ ပြေသွားပြန်ရောလေ။

ဘယ်သူ့ထက် ဘယ်သူ့ထမင်းဘူးက ပိုသာတယ်၊ ပိုကောင်းတယ်၊ ပိုလှတယ်… သူ့ဟင်းကကောင်းတယ် ငါ့ဟင်းကမကောင်းဘူးဆိုတာ မတွက်ဘဲ ကိုယ့်ကလေးအတွက် အာဟာရဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ရင်း မျက်စိရှေ့ကြီးလာမယ့် သူတို့တွေအတွက် ကိုယ်ကတော့ ချွေးတွေကျတာတောင် ပီတိတွေဝေနေရတာပဲ မဟုတ်လား မေမေတို့ရေ…။

အာဟာရဆရာဝန်တစ်ဦး
Telekyanmar

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here