ကျန်းမာရေးအတွက် ယောဂ “ Yoga” (April 2023)

“ကျန်းမာရေးအတွက် ယောဂ” (Yoga)

ယောဂ (Yoga) ဆိုတာကတော့ ခန္ဓာကိုယ်၊ ဝင်သက်ထွက်သက်နဲ့ စိတ်တို့ကို ချိတ်ဆက်ပေးတဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်။ ယောဂဟာ အထွေထွေ ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့အတွက် ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားတွေ၊ အသက်ရှူလေ့ကျင့်ခန်းတွေနဲ့ တရားထိုင်တာတွေကို ပြုလုပ်ခြင်းဖြစ်ပါတယ်။

ယောဂကျင့်စဥ်ဟာ ရှေးနှစ်ထောင်ပေါင်းများစွာက စိတ်ပိုင်းဆိုင်ရာကျင့်စဥ်အဖြစ် India နိုင်ငံမှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ India မှာသာမက အခြားနိုင်ငံတွေမှာလည်း လေ့ကျင့်ခန်းတစ်ခုအနေနဲ့ (ဒါမှမဟုတ်) စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် ယောဂကျင့်ကြပါတယ်။
..
..

????ယောဂကျင့်ခြင်း၏ ကောင်းကျိုးများ

ယောဂဟာ ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ကိုယ်နေဟန်ထားနဲ့ ပျော့ပျောင်းမှုကိုလည်း တိုးမြင့်စေပါတယ်။ ဒါ့အပြင်….

▪️ သွေးပေါင်ချိန်ကို လျော့ကျစေပြီး နှလုံးခုန်နှုန်းကို နှေးစေပါတယ်

▪️ စိတ်အပန်းပြေစေပါတယ်

▪️ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေပါတယ်

▪️ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်

▪️ လူအများနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို တိုးတက်စေပါတယ်

▪️ အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်

▪️ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်

▪️ အစာခြေခြင်းကို ကူညီပေးပါတယ်

ဒါ့အပြင် ယောဂလေ့ကျင့်ခြင်းဟာ စိုးရိမ်ပူပန်တတ်ခြင်း၊ ခါးနာခြင်းနဲ့ စိတ်ကျရောဂါတွေကို ကုသရာမှာလည်း အကူအညီဖြစ်စေပါတယ်။
..
..

????ဘယ်သူတွေက သတိထားလေ့ကျင့်သင့်လဲ ?

ယောဂကျင့်ခြင်းဟာယေဘူယျအားဖြင့် လူအများစုအတွက် ဘေးကင်းပါတယ်။ ဒါပေမယ့် သင့်မှာ…

* ကိုယ်ဝန်ရှိနေတာ

* သွေးတိုးရောဂါ

* မျက်စိရေတိမ်ရောဂါ

* ခါး​ကြောညပ်တာနဲ့

* အဆစ်အမြစ်ရောင်ရောဂါ တစ်ခုခုရှိနေရင်တော့ အချို့သော Yoga pose တွေကို ရှောင်ကြဉ်ပါ (ဒါမှမဟုတ်) ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်နဲ့ ပြုပြင်မွမ်းမံပြီး လေ့ကျင့်ပါ။

သင့်မှာ အထက်ပါ ကျန်းမာရေးအခြေအနေတွေ၊ အခြားကျန်းမာရေးပြဿနာ (ဒါမှမဟုတ်) ထိခိုက်ဒဏ်ရာရှိနေရင် သင့်ယောဂနည်းပြ (Instructor) ကို သေချာပြောပြပါ။ Yoga instructor က သင့်အတွက် ဘေးကင်းတဲ့ pose တွေကို ကူညီရှာဖွေပေးပါလိမ့်မယ်။
..
..

????ယောဂအမျိုးအစားများ

ယောဂ အမျိုးအစား (သို့မဟုတ်) style များစွာ ရှိပါတယ်။ ၎င်းတို့ဟာ အပျော့စားကနေ ပြင်းထန်သည်အထိ အမျိုးမျိုးရှိပါတယ်။ လူကြိုက်များတဲ့ ယောဂပုံစံအချို့ကတော့…

▪️ Ashtanga သို့မဟုတ် Power Yoga

ဒီယောဂအမျိုးအစားဟာ Workout များများပါဝင်ပြီး အတန်းအလိုက် ကိုယ်ဟန်အနေအထားတစ်ခုမှ အခြားတစ်ခုကို လျင်မြန်စွာ ရွေ့လျားရပါတယ်။
.

▪️ Bikram သို့မဟုတ် Hot Yoga

95°F မှ 100°F (35°C မှ 37.8°C) အထိ အပူပေးထားတဲ့ အခန်းမှာ pose ၂၆ ခုကို ဆက်တိုက်လုပ်ရပါတယ်။ ရည်ရွယ်ချက်ကတော့ ကြွက်သားတွေနဲ့ အရွတ်တွေကို နွေးထွေးစေဖို့၊ ဆန့်ထုတ်ဖို့နဲ့ ချွေးများများထွက်ပြီး ခန္ဓာကိုယ်ကို သန့်စင်စေဖို့ ဖြစ်ပါတယ်။
.

▪️ Hatha ယောဂ

Hatha yoga ဆိုတာ လူသိများတဲ့ ယောဂပုံစံ၊ ယောဂအတွက် ယေဘုယျအသုံးအနှုန်း ဖြစ်ပါတယ်။

၎င်းမှာ အသက်ရှုလေ့ကျင့်ခန်းနဲ့ ကိုယ်နေဟန်ထား နှစ်မျိုးလုံး ပါဝင်လေ့ရှိပါတယ်။
.

▪️ Integral

အသက်ရှုလေ့ကျင့်ခန်း၊ မန္တာန် ရွတ်ဆိုခြင်း (chanting) နဲ့ တရားထိုင်ခြင်းတို့ပါဝင်တဲ့ နူးညံ့သိမ်မွေ့တဲ့ ယောဂအမျိုးအစား ဖြစ်ပါတယ်။
.

▪️ Iyengar

ခန္ဓာကိုယ်ရဲ့ တိကျတဲ့ ချိန်ညှိမှုကို အလွန်အာရုံစိုက်တဲ့ စတိုင်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ဟန်အနေအထားကိုလည်း pose တစ်ခုမှာ အချိန်အကြာကြီး ထိန်းထားရပါတယ်။
.

▪️ Kundalini

ကိုယ်ဟန်အနေအထားအပေါ် အသက်ရှုခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို အသားပေးပါတယ်။ ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်အောက်ပိုင်းရှိ စွမ်းအင်တွေထွက်အောင် လှုံ့ဆော်ပြီး၊ ဒီစွမ်း‌အင်တွေကို အထက်သို့ လွတ်လပ်စွာရွေ့လျားနိုင်ဖို့ ဖြစ်ပါတယ်။
.

▪️ Viniyoga

ဒီပုံစံဟာ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ စွမ်းရည်တွေနဲ့အညီ ကိုယ်ဟန်အနေအထားတွေကို လိုက်ဖက်အောင် ပြင်ဆင်ပေးပြီး အသက်ရှုခြင်းနဲ့ ကိုယ်ဟန်အနေအထားတွေကို ပေါင်းစပ်‌လေ့ကျင့်ရခြင်း ဖြစ်ပါတယ်။
..
..

????ယောဂ ဘယ်လို စလေ့ကျင့်ရမလဲ ?

သင့်အနီးအနားရှိ အားကစားခန်းမ၊ ကျန်းမာရေးစင်တာ (ဒါမှမဟုတ်) Yoga studio မှာ ယောဂသင်တန်းတွေကို ရှာဖွေပါ။ ယောဂကျင့်သူ အသစ်ဖြစ်ပါက Beginner သင်တန်းတစ်ခုဖြင့် စတင်ပါ။ အတန်းမစမီ နည်းပြဆရာနှင့် ဆွေးနွေးပြီး သင့်တွင်ရှိသော ဒဏ်ရာ (သို့မဟုတ်) ကျန်းမာရေးအခြေအနေများ အကြောင်းကို ပြောပြပါ။

ယောဂသင်တန်း အများစုဟာ (၄၅) မိနစ်မှ မိနစ် (၉၀) အထိ ကြာပါတယ်။ ယောဂပုံစံအားလုံးမှာ အခြေခံ အစိတ်အပိုင်း သုံးခု ပါဝင်ပါတယ်။
.

1. အသက်ရှူ‌ လေ့ကျင့်ခန်း

အသက်ရှူသွင်း/ရှူထုတ်လုပ်ခြင်းကို အာရုံစိုက်တာဟာ ယောဂရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ဆရာက အတန်းအတွင်း အသက်ရှုလေ့ကျင့်ခန်းဆိုင်ရာ ညွှန်ကြားချက်တွေကို ပေးပါလိမ့်မယ်။
.

2. ကိုယ်ဟန်အနေအထား (Poses)

Yoga poses (သို့မဟုတ်) ကိုယ်ဟန်အနေအထားတွေဟာ ခွန်အား၊ ပျော့ပျောင်းမှုနဲ့ ဟန်ချက်ညီမှုကို မြှင့်တင်ပေးတဲ့ လှုပ်ရှားမှုအတွဲတွေဖြစ်ပါတယ်။ ၎င်းတို့ဟာ ကြမ်းပြင်ပေါ်မှာ လှဲလျောင်းတာကနေစပြီး ဟန်ချက်ညီဖို့ ခက်ခဲတဲ့ ကိုယ်ဟန်အနေအထားအထိ အမျိုးမျိုး ကျယ်ပြန့်ပါတယ်။
.

3. တရားထိုင်ခြင်း

ယောဂသင်တန်းတွေဟာ အချိန်တို တရားထိုင်ခြင်းဖြင့် အဆုံးသတ်လေ့ရှိပါတယ်။ တရားထိုင်ခြင်းက စိတ်ကို ​​​ငြိမ်သက်အေးချမ်းစေပြီး ပြေလျော့စေပါတယ်။
..
..

????​ယောဂကျင့်နေစဥ်အတွင်း ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်မလဲ… ?

ယောဂကျင့်စဉ်ဟာ ယေဘူယျအားဖြင့် ဘေးကင်းပေမယ့် ကိုယ်ဟန်အနေအထားကို မှားယွင်းစွာ ပြုလုပ်မတာ (ဒါမှမဟုတ်) မိမိကိုယ်ကို လုပ်နိုင်တာထက် ပိုပြီး အလွန်တွန်းအားပေးတာမျိုးဆိုရင် ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ ယောဂကျင့်နေစဉ် ဘေးကင်းစေဖို့အတွက်…

▪️ သင့်မှာ ရောဂါတစ်ခုခုရှိပါက ယောဂမစတင်မီ ဆရာဝန်နှင့် ဆွေးနွေးပါ။

ရှောင်ကြဉ်သင့်တဲ့ poseတွေ ရှိလားလို့ မေးထားပါ။ ယောဂဆရာနဲ့လည်း ပြောပြတိုင်ပင်ပါ။

မိမိလုပ်နိုင်သလောက် ဖြည်းဖြည်းချင်းစတင်ပြီး ကိုယ့်ကိုယ်ကို အများကြီးတွန်းအားမပေးဘဲ အခြေခံတွေကို လေ့လာပါ။ မလောပါနဲ့။
.

▪️ သင့် level နဲ့ ကိုက်ညီတဲ့ အတန်းကို ရွေးချယ်ပါ။ မသေချာရင် ဆရာ့ကိုမေးပါ။ သင့်ရဲ့သက်တောင့်သက်သာရှိ‌‌တဲ့အဆင့်ကို ကျော်လွန်ပြီး သင့်ကိုယ်သင် တွန်းအားမပေးပါနဲ့။

▪️ ယောဂပို့စ်တွေကို လိုက်မလုပ်နိုင်သေးရင် သင့်ဆရာကို အကူအညီတောင်းပါ။ pose လုပ်နည်း အဆင့်ဆင့်ကို သေချာမသိရင် မေးပါ။

▪️ ရေဘူးတစ်ဘူး ယူလာပြီး ရေများများသောက်ပါ။ Hot Yoga ကျင့်နေစဉ်မှာ ဒီအချက်က အလွန်အရေးကြီးပါတယ်။

▪️ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

သင့်ခန္ဓာကိုယ်ကို နားထောင်ပါ။ နာကျင်မှု (ဒါမှမဟုတ်) ပင်ပန်းနွမ်းနယ်မှု ခံစားရရင် ယောဂကျင့်နေတာရပ်ပြီး အနားယူပါ။
..

ဒီလောက်ဆိုရင်တော့ ယောဂနဲ့ ကျန်းမာရေးအကြောင်းကို သေချာသိရှိပြီး ကျန်းမာပျော်ရွင်တဲ့ ဘဝကို ရရှိကြပါစေနော်…။

Reference – ????

https: //medlineplus. gov/ency/patientinstructions/000876.htm&ved=2ahUKEwiG8rfU87X9AhVzyHMBHSN6DJ4QFnoECBEQAQ&usg=AOvVaw0nT6I-1hHpFyI2DbW9ST2i: ကျန်းမာရေးအတွက် ယောဂ “ Yoga” (April 2023)

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh #telehealth #telemedicine
#teleconsultation #တယ်လီကျန်းမာ #Telekyanmar
#ယောဂ #Yoga

Ministry of Health,

National Unity Government.

Published on: 19 April 2023

Last updated: 19 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့

လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး...

သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease

"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...

အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း...

ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း

ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး...