Working In The Heat: Do’s And Don’ts

ဒီကာလ နေပူကြီးထဲ အလုပ်လုပ်နေသူများသို့…

❄️ ရာသီဥတုနွေအပူရော၊ ရင်ထဲကအပူရော အပူတွေစုနေတဲ့ ဒီခေတ်ကာလကြီးထဲ ၀မ်းရေးအတွက် မဖြစ်မနေ နွေနေပူအောက်မှာ အလုပ်လုပ်နေကြရတဲ့သူတွေ (ပစ္စည်းပို့သူ၊ တက္ကစီသမား၊ ကာယလုပ်သား) ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ၊ ရောဂါအခံရှိသူတွေ၊ အရက်သောက်သူတွေ၊ စစ်ဘေးရှောင်တွေအဖို့ အပူဒဏ်ကြောင့် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခဖြစ်တတ်ပါတယ်။

❄️ အခုချိန်က မီးပါမမှန်တော့ အပြင်နေရောင်အောက်တင်မက အိမ်ထဲကလူတွေပါ အရင်ကထက် အပူဒဏ်အန္တရာယ် ပိုများလာပါတယ်။

ဒီ့အတွက် လိုက်နာ/ ရှောင်ကြဥ်သင့်တာလေးတွေကို အကျဥ်းချုံး ပြောပါရစေ…
..
..

❄️(၁) ရာသီဥတုနဲ့ ကိုယ့်ခန္ဓာကိုယ်အကြောင်းသဘောပေါက်ပါ။

☃️ ပူပြီးခြောက်သွေ့တဲ့ရာသီဥတုမှာ ခန္ဓာကိုယ်က မြင့်တက်လာတဲ့အပူကို ချွေးထွက်စေပြီး ကိုယ်တွင်းအပူချိန်ကို ပြန်ထိန်းပါတယ်။ ပူနေပေမယ့် ချွေးထွက်လာတဲ့အခါ ကိုယ်က အေးအေးလေးဖြစ်လာပါတယ်။ ချွေးတအားရွှဲလာရင်တော့ အ၀တ်လဲပေးပါ။ မဟုတ်ရင် အအေးပြန်မိတတ်တာမို့ပါ။

☃️ ဒါပေမယ့် ပူပြီးစိုထိုင်းတဲ့ ပတ်၀န်းကျင်ဖြစ်နေရင်တော့ ခန္ဓာကိုယ်ကနေ ချွေးထွက်စေဖို့ကို ခက်ခဲစေတတ်တာမို့ အဲဒီလိုပတ်၀န်းကျင်ကို ပိုဂရုစိုက်သင့်ပါတယ် (ခန္ဓာကိုယ်ရဲ့ မြင့်တက်လာတဲ့အပူကို ချွေးထွက်စေပြီး ပြန်ထိန်းရခက်လို့ပါ) ။ ဒီလိုအခါမျိုးမှာ လူ့ခန္ဓာကိုယ်ကပါ ခြောက်ခြောက်ပူပူကြီး ခံစားရတတ်ပါတယ်။
.

❄️(၂) ရေဓာတ်ပြည့်‌၀နေပါစေ။

☃️ ခန္ဓာကိုယ်က အပူကို ချွေးထွက်စေပြီး အေးအောင်ပြန်လုပ်တာဖြစ်တာမို့ ဆုံးရှုံးသွားတဲ့ရေဓာတ်အတွက်ချွေးထွက်သလောက် သေချာလိုက်သောက်ပေးနိုင်ရင် တော်ရုံတန်ရုံကတော့ ခန္ဓာကိုယ်က သူ့ဘာသာ အေးအောင် ပြန်လုပ်ပေးပါလိမ့်မယ်။

☃️ ရေဓာတ်နည်းလာလို့ ချွေးထွက်ဖို့မလုံလောက်ရင်တော့ ခန္ဓာကိုယ်ထဲ အပူတွေစုလာပြီး ကိုယ်တွင်းအပူချိန်တက်လာမှာပါ။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ ဂေဟစနစ်၊ အတွင်းအင်္ဂါတွေနဲ့ အာရုံကြောတွေ အန္တရာယ်ရှိလာမှာပါ။ ဒါကြောင့် ရေကို တောက်လျှောက်သောက်ပေးနေပါ။ အစာလည်း သေချာ၀င်အောင်စားပေးပါ။

☃️ ရေကို သေချာသောက်ဆိုတာမှာ ချွေးထွက်တဲ့အခါ ရေဓာတ်သာမက ဆားဓာတ်အပါအဝင် အခြားဓာတ်တွေပါ ဆုံးရှုံးတတ်တာမို့ ဓာတ်ဆားရည်သောက်သင့်ပါတယ်။ ကိုယ်ချွေးထွက်တဲ့ပေါ်မူတည်ပြီး တစ်နေ့ အထုပ်တစ်၀က် (သို့) တစ်ထုပ်သောက်ပါ။

☃️ နေရောင်အောက် တောက်လျှောက်သွားလာနေရသူတွေအဖို့ သောက်ရေကို၀ယ်သောက် (ဒါမှမဟုတ်) ကိုယ်နဲ့အတူ သယ်ဆောင်သွားမယ်ဆိုရင် ရေမပူအောင် ထိန်းထားပေးနိုင်တဲ့ ရေဘူးတွေ (insulated water bottle) နဲ့ ထည့်သွားသင့်ပါတယ်။

☃️ နေတအားပူနေချိန် ရေခဲရေအေးအေး သောက်ခြင်းဟာ အာရုံကြောကို နှိုးဆွစေလို့ (vasovagal attack) ခေတ္တခဏ သတိလစ်တာ၊ မေ့လဲတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရိုးရိုးရေကိုသာ သောက်သင့်ပါတယ်။

☃️ အရက်သောက်သူတွေအဖို့လည်း ဒီလိုတအားပူတဲ့ရာသီဥတုမှာ လျှော့သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။
(အရက်က ရေဓာတ်ဖြည့်ဖို့ ပြန်သောက်ရမယ့်အရည်ထဲ မပါပါ ????)
.

❄️(၃) အလုပ်ကို ဖြည်းဖြည်းလုပ်ပါ။

☃️ နေပူကြီးထဲ၊ နေရောင်အောက်ထဲမှာ အလုပ်ကို အားသွန်ခွန်စိုက် တအားမလုပ်ပါနဲ့။ လောဘမကြီးဘဲ တစ်နေ့တာ အလုပ်ပြီးမြောက်အောင် ဖြည်းဖြည်းမှန်မှန်ပဲ လုပ်ပါ။ အပူသက်သာအောင် နေရိပ်ထဲ ခဏနား/စောင့်ပြီးမှ ပြန်လုပ်ပါ။
.

❄️(၄) ဂရုတစိုက် ၀တ်ဆင်ပါ။

☃️ အပူစုပ်တဲ့ အရောင့်ရင့်အဝတ်တွေ မ၀တ်ဆင်သင့်ပါဘူး။ အရောင်ဖျော့၊ ပေါ့ပေါ့ပါးပါးနဲ့ ခပ်ပွပွအ၀တ်အစား (ဥပမာ- ချည်ထည်အပါး) တွေကိုသာ ကိုယ့်အသားအရည် နေမထိအောင် လုံခြုံစွာ ၀တ်ဆင်သင့်ပါတယ်။

☃️ နေပူထဲသွားလာချိန်မှာ ဦးထုပ် (သို့) ထီး ပါသင့်ပါတယ်။ ဦးထုပ်နဲ့ ထီး‌အရောင်ကိုလည်း သေချာရွေးချယ်သင့်ပါတယ်။ နေကာမျက်မှန် တပ်သင့်ပြီး နေရောင်ခြည်ဒဏ်ကာကွယ်တဲ့ SPF 15 နဲ့အထက်ပါတဲ့ lotion တွေ လိမ်းသင့်ပါတယ်။

☃️ အ၀တ်အစားကို သေချာဂရုတစိုက်နဲ့ လုံခြုံစွာ၀တ်ဆင်ခြင်းဟာ ကိုယ့်အရေပြားကို နေရောင်နဲ့ တိုက်ရိုက် မထိအောင် ကာကွယ်ပေးပါတယ်။
.

❄️(၅) ခန္ဓာကိုယ်က ပြောလာတဲ့စကားကိုလည်း သတိပြုနားထောင်ပါ။

☃️ ရေဆာ၊ စိတ်တိုလွယ်လာပြီး ချွေး အလွန်အမင်းထွက်လာရင်၊ ကြွက်တက်လာရင်၊ ကိုယ်အပူချိန်တက်လာပြီး ရင်တုန်၊ နုံး၊ အားအင်ချိနဲ့၊ မူးဝေဝေဖြစ်လာရင် “အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (heat exhaustion)” ဖြစ်နေတာပါ။

☃️ ရင်တုန်၊ ချွေးအလွန်အမင်းထွက် (သို့) အသားအရည် ပူခြောက်ခြောက်ဖြစ်ပြီး အာရုံထွေပြား၊ တက်၊ သတိလစ်သွားရင်တော့ “အပူဒဏ်ကြောင့် သတိလစ်ခြင်း (heat stroke)” ဖြစ်တာပါ။

အဲဒါတွေဖြစ်ရင် အသက်အန္တရာယ်ရှိပါတယ်။ နီးစပ်ရာဆေးရုံဆေးခန်းကိုသာ သွားပါ။

သွားရဝေးရင်၊ ခက်ခဲရင်တော့ ရှေးဦးစွာ…

(၁)‌ ပိုအေးတဲ့နေရာကို ခေါ်သွားပါ။ ဥပမာ- အဲယားကွန်း လေအေးစက်ရှိတဲ့ အခန်း (သို့) အရိပ်ရှိရာ

(၂) အပေါ်ယံအ၀တ်အစားတွေ ချွတ်လိုက်ပါ။

(၃) ပန်ကာ (သို့) အဲယားကွန်းဖွင့်ထားပါ၊ ဒါမှမဟုတ် ယပ်ခတ်ပေးပါ။

(၄) အပူဒဏ်ခံစားနေရသူကို အေးမြတဲ့ရေထဲ စိမ်လိုက်ပါ (သို့) ရေအေး၀တ်/ ရေခဲ၀တ်တွေကို ခေါင်း၊ လည်ပင်း၊ ဂျိုင်း၊ ကိုယ်လုံး၊ ပေါင်ခြံတွေပေါ် တင်ပေးပါ။ ပူလာရင် အသစ်လဲ လဲပေးပါ။

လူနာတင်ယာဉ်ခေါ်နေစဉ် (သို့) ဆေးရုံဆေးခန်းသွားနေစဉ်၊ ဒါမှမဟုတ် ဆေးရုံဆေးခန်း မသွားနိုင်တဲ့နေရာတွေမှာ အထက်ပါ ရှေးဦးသူနာပြုစုနည်းကို ပြုလုပ်ထားပြီး ဆရာ၀န်၊ ဆရာမနဲ့ ဆက်လက်ဆွေးနွေး ကုသဖို့လိုအပ်ပါတယ်။

ဒါကြောင့် မရှောင်လွှဲသာ ပူနေတဲ့ကာလကြီးမှာ “ငါတို့မှာ ငါတို့ပဲ ရှိတာမို့” …. ကိုယ်တွင်းအပူဒဏ် တတ်နိုင်သမျှလျှော့ချဖို့နဲ့ ဖြစ်လာရင် စောစောသိဖို့အတွက်ရှေးဦးသူနာပြုစုနည်းနဲ့တကွ ဖော်ပြပေးလိုက်ရပါတယ်။

အားလုံးပဲ အသက်ကို ဉာဏ်စောင့်နေထိုင်ခြင်းဖြင့် တော်လှန်ရေးမှာ ဆက်လက်ပါ၀င်ကြရအောင်ပါလား….။

Reference

https://www.southernminn.com/le_sueur_county_news/opinion/mayo-ways-to-beat-the-heat-while-running-this-spring/article_1acba17a-e443-11ed-91e9-e7c42fa2735d.html?fbclid=IwAR0PqzRGDaSL1NiE56O6qj4KrovHboxXWgFG57gapwptwSIwSv9IMOrjfSI

https://www.osha.gov/heat-exposure/illness-first-aid

https://www.osha.gov/heat-exposure/illness-first-aid

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...