ဗီတာမင် ဒီ ချို့တဲ့ခြင်း (Vitamin D deficiency)

ဗီတာမင် ဒီ ချို့တဲ့ခြင်း (Vitamin D deficiency)

ဗီတာမင်ဒီ (Vitamin D) ဟာ ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်အတွင်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ရုံသာမက ပုံမှန်အရိုးကြီးထွားမှုနဲ့ ထိန်းသိမ်းမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အာရုံကြောအဖွဲ့အစည်းနဲ့ ကိုယ်ခံအားစနစ်တွေမှာလည်း ဗီတာမင် ဒီ ရဲ့လုပ်ဆောင်ချက်တွေ ပါဝင်ပါသေးတယ်။

နေရောင်ခြည်ကရရှိတဲ့ ဗီတာမင် ဒီ ကို ခန္ဓာကိုယ်အရေပြားကနေ အဆင့်ဆင့်ပြောင်းလဲပေးပြီး အစာအာဟာရကရရှိတဲ့ ဗီတာမင် ဒီ ကိုတော့ အသည်းနဲ့ကျောက်ကပ်မှာရှိတဲ့ အင်ဇိုင်း (enzyme) ကနေ အဆင့်ဆင့် ပြောင်းလဲပေးပါတယ်။ နောက်ဆုံးမှာ ခန္ဓာကိုယ်အတွက်အသုံးပြုလို့ရတဲ့ ဗီတာမင် ဒီ (Active Vitamin D) ဖြစ်လာပါတယ်။

.

???? ဗီတာမင် ဒီ ချို့တဲ့တာ ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့

(၁) နေရောင်ခြည်ကောင်းစွာမရရှိတာ (ဒါမှမဟုတ်) နေရောင်ခြည်နဲ့ထိတွေ့မှုနည်းတာ

(၂) ကိုယ်စားသုံးနေတဲ့အစားအစာတွေမှာ ဗီတာမင်ဒီဓာတ် လုံလုံလောက်လောက် မပါတာ

(၃) အစာအိမ်၊ အူလမ်းကြောင်းကနေ ဗီတာမင် ဒီ ကို ကောင်းစွာ မစုပ်ယူနိုင်တာ

အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါတွေ (Cystic fibrosis ၊ Crohn’s disease and Coeliac disease) မှာ အူလမ်းကြောင်းကနေ ဗီတာမင် ဒီ စုပ်ယူတာ နည်းသွားနိုင်ပါတယ်။

(၄) အသည်း၊ ကျောက်ကပ်ရောဂါတွေကြောင့် ခန္ဓာကိုယ်အတွက် အသုံးပြုနိုင်တဲ့ ဗီတာမင် ဒီ ထုတ်လုပ်မှုလျော့နည်းလာတာ

(၅) အသားဝါရောဂါကဲ့သို့သော အရေပြားအရောင်ပြောင်းလဲတာတွေကြောင့် ဗီတာမင် ဒီ ထုတ်လုပ်နိုင်မှုလျော့ကျသွားတာ

(၆) အဝလွန်တာ

အဝလွန်တာကလည်း ဗီတာမင် ဒီ ချို့တဲ့တာနဲ့ ဆက်စပ်နေပါတယ်။

အဆီဆဲလ်တွေဟာ ဗီတာမင် ဒီ ထုတ်လုပ်တဲ့နေရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ အဝလွန်တဲ့သူတွေဟာ ဗီတာမင် ဒီ ကို ဖြည့်စွက်ဆေး (Supplement) အနေနဲ့ သောက်သုံးရတတ်ပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန်လျှော့ချဖို့လုပ်တဲ့ ခွဲစိတ်မှုတွေ (Weight loss surgeries) ဖြစ်တဲ့ အစာအိမ်အရွယ်အစားကို သေးငယ်စေတဲ့ ခွဲစိတ်တာနဲ့ အူသိမ်ကို ကျော်ဖြတ်တဲ့ (bypass) ခွဲစိတ်တာတွေဟာ အာဟာရဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် စုပ်ယူမှုတွေကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ ခွဲစိတ်မှုတွေ လုပ်ထားတဲ့သူတွေမှာ ဗီတာမင် ဒီ နဲ့ တခြားအာဟာရဓာတ်တွေ ချို့တဲ့မှု မဖြစ်အောင် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

(၇) ဗီတာမင် ဒီ စုပ်ယူတာကို လျော့နည်းစေတဲ့ ဆေးတွေသောက်နေရတာ

ဝမ်းနုတ်ဆေး၊ စတီးရိုက် (steroid)၊ သွေးတွင်းအဆီ လျှော့ချပေးတဲ့ ဆေးတွေ၊ အတက်ရောဂါမှာသုံးတဲ့ ဆေးတစ်ချို့၊ တီဘီရောဂါကုတဲ့ ဆေးတစ်မျိုး နဲ့ အဆီကျဆေးတွေကို ရေရှည်စွဲသောက်နေတဲ့သူတွေမှာ ဗီတာမင် ဒီ ချို့တဲ့တာမျိုး ဖြစ်တတ်ပါတယ်။

**********

ပုံမှန်အားဖြင့်တော့ အသက် (၆၅) နှစ်နဲ့အထက် အသက်ကြီးလာတဲ့ လူကြီးတွေ၊ အသားညိုတဲ့သူတွေ (အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ) နဲ့ အဝတ်အစားကို ခန္ဓာကိုယ်အပြည့် ဝတ်ဆင်တဲ့သူတွေမှာ ဗီတာမင် ဒီ ချို့တဲ့တာ အများဆုံး ဖြစ်နိုင်ပါတယ်။

**********

???? ဗီတာမင် ဒီ ချို့တဲ့ရင်….

(၁) မောပန်းနွမ်းနယ်တာ

(၂) အရိုးများ နာကျင်တာ

(၃) ကြွက်သားတွေ အားနည်းတာ၊ နာကျင်တာ

(၄) စိတ်ပုံမှန်မဟုတ်တော့တာနဲ့ စိတ်ဓာတ်ကျတာ စတဲ့ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။

** တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာတွေ မရှိဘဲလည်း ဗီတာမင် ဒီ ချို့တဲ့တာမျိုး ဖြစ်နိုင်ပါတယ် **

*********

???? ဗီတာမင် ဒီ ချို့တဲ့တာရဲ့ နောက်ဆက်တွဲ အနေနဲ့ကတော့…

(၁) ကလေးတွေမှာဆိုရင်တော့ ဗီတာမင် ဒီ ချို့တဲ့ရင် ကလေး အရိုးပျော့ရောဂါ (rickets) ဖြစ်တတ်ပြီး အရိုးအဆစ် ကြီးထွားမှုပုံစံ မမှန်တာ (ဥပမာ – ခြေထောက်တွေ ကွေးသွားတာ) ဖြစ်တတ်ပါတယ်။

ဒီလိုအခါမှာ အမြန်ဆုံး ကုသဖို့ လိုပါတယ်။ မကုသဘဲထားရင် ရေရှည်မှာ အရိုးတွေပျက်စီးပြီး ပုံမှန်ကြီးထွားနိုင်ခြင်းမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။

ရောဂါအရမ်း ပြင်းထန်တဲ့အခါ အတက်ရောဂါနဲ့ နှလုံးပျက်စီးပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်တာမို့ အထူးဂရုပြုသင့်ပါတယ်။

.

(၂) လူကြီးတွေမှာ အရိုးပျော့တာ (osteomalacia)နဲ့ အရိုးပွတာ (osteoporosis)

အရိုးပွတာက အမျိုးသမီးတွေမှာ အဖြစ်များပြီး အရိုးပျော့တာ / အရိုးပွတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ကတော့ အရိုးကျိုးတာထိဖြစ်နိုင်ပါတယ်။

.

၃) သွေးတွင်း ကယ်လ်ဆီယမ် ( Calcium ) နဲ့ ဖော့စဖိတ် ( Phosphate) ပမာဏနည်းတာ (hypocalcemia) တွေ ဖြစ်လာတတ်ပါတယ်။

***********

???? ဗီတာမင် ဒီ ချို့တဲ့တာကို သိရဖို့ဆိုရင်…

သွေးတွင်း ဗီတာမင် ဒီ ဓာတ်ကို တိုင်းတာစစ်ဆေးဖို့လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ဗီတာမင် ဒီ ကို စစ်ဆေးလေ့မရှိပါဘူး။ ဒါပေမယ့် ဗီတာမင် ဒီ ချို့တဲ့တဲ့ လက္ခဏာတွေ (ဒါမှမဟုတ်) ဗီတာမင် ဒီ ချို့တဲ့စေတဲ့ ရောဂါအခံတွေရှိနေရင်တော့ ဗီတာမင် ဒီ ကို စစ်လေ့ရှိပါတယ်။

************

???? ဗီတာမင် ဒီ ချို့တဲ့ရင် ဘယ်လိုကုသရမလဲ ?

• ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာတွေ စားတာ

• နေရောင်ခြည်ဓာတ်ကို ပိုမိုရယူတာနဲ့

• လိုအပ်လျှင် သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင် ဒီ ဖြည့်စွက်အားဆေးတွေ သောက်တာတို့ လုပ်လို့ရပါတယ်။

***********

???? ဗီတာမင် ဒီ ချို့တဲ့တာကို ဘယ်လို ကာကွယ်မလဲ ?

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ် ဆိုတဲ့အတိုင်း ဗီတာမင် ဒီ မချို့တဲ့အောင် အကောင်းဆုံးကာကွယ်နည်းလမ်းတွေကတော့…

– ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ငါးအမျိုးမျိုး (ဆော်လမွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာ)၊ မှို၊ ကြက်ဥအနှစ်၊ ငါးကြီးဆီ၊ နို့နှင့် နို့ထွက်ပစ္စည်းတွေနဲ့ လိမ္မော်ရည် စတာတွေကို စားသောက်ပေးပါ။

– နေရောင်ခြည်မှ ဗီတာမင် ဒီ ဓာတ်ကို လုံလောက်စွာ ရယူပါ။ ဒါပေမယ့် နေပူခံလိမ်းဆေး (sun cream) မလိမ်းဘဲ နေပူထဲ အကြာကြီး မနေသင့်ပါဘူး။ အရေပြားကင်ဆာ ဖြစ်နိုင်ခြေများစေပါတယ်။

( နေ့စဥ်လိုအပ်တဲ့ ဗီတာမင် ဒီ ပမာဏဟာ အသက်အရွယ်ပေါ် မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။ )

*********

ဗီတာမင် ဒီ ချို့တဲ့တာဟာ ကာကွယ်လို့ရသလို ကုသလို့လည်းရတာမို့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ရလေအောင် ဗီတာမင် ဒီ ဓာတ် ပြည့်ဝအောင် စားသောက် နေထိုင်ကြရအောင်နော် ….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

Reference: ????

https://my. http://clevelandclinic.org/…/15050-vitamin-d-vitamin-d…

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#vitamind#Vit_D_deficiency

#ဗီတာမင်ဒီချို့တဲ့ခြင်း

Ministry of Health,

National Unity Government.

Published on: 24 January 2023
Last Updated: 24 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...