လူသားတွေဟာ မျက်စိနဲ့မမြင်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို သဘာဝနေရောင်ခြည်ထဲမှသာမက လူလုပ်ပစ္စည်းတွေဖြစ်တဲ့ တချို့သော မီးလုံး၊ မီးချောင်း၊ အသားအရည် အရောင်တင်ပေါင်းအိုး sunbeds စတာတွေကနေလည်း ထိတွေ့ကြပါတယ်၊
.

🔹ခရမ်းလွန်ရောင်ခြည်က လူသားတွေအတွက် အကျိုးပြုသလား

ခရမ်းလွန်ရောင်ခြည် အနည်းငယ်နဲ့ ထိတွေ့ခြင်းက အရိုးတွေကို သန်မာစေတဲ့ ဗီတာမင်ဒီကို ထုတ်လုပ်ဖို့ ကူညီလို့ အကျိုးရှိပါတယ် (မနက်စောနဲ့ ညနေစောင်း ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်)။ ရောဂါပိုးတွေကို သတ်ဖို့လည်း ခရမ်းလွန်ရောင်ခြည်ကို သုံးနိုင်ပါတယ်။

ဒါပေမယ့် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများလွန်းခြင်းက ကျန်းမာရေးပြဿနာများကို ပေးပါတယ်။
.

🔺ခရမ်းလွန်ရောင်ခြည်နဲ့ အရေပြားကျန်းမာရေး

တစ်ခဏတာ ထိတွေ့မှုများတာက အရေပြားနေလောင်တာမျိုးသာဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ ဒီ UV ရောင်ခြည်များများနဲ့ ထိတွေ့မိရင်တော့ Melanoma, Basal Cell Carcinoma ( BCC), Squamous Cell Carcinoma (SCC) စတဲ့ အရေပြားကင်ဆာမျိုးစုံ ဖြစ်နိုင်ပါတယ်။

၂၀၂၀ ခုနှစ် တစ်နှစ်တည်းမှာပဲ ကမ္ဘာမှာ အရေပြားကင်ဆာဖြစ်သူ တစ်သန်းခွဲရှိပြီး တစ်သိန်းနှစ်သောင်းသေဆုံးခဲ့ကြတယ်လို့ မှတ်တမ်းရှိပါတယ်။

အရေပြားကင်ဆာ မဖြစ်တောင် ပုံမှန်ထက်စောပြီး အရေပြားသက်တမ်းကြီးကာ ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။
.

🔸ခရမ်းလွန်ရောင်ခြည်နဲ့ မျက်လုံး

အချိန်တိုတိုမှာ အားများတဲ့ UV ရောင်ခြည်ကို ကြည့်မိရင် (ဥပမာ ဝရိန်တို့တဲ့မီးကို အကာကွယ်မပါဘဲ ကြည့်မိရင်) မျက်ကြည်လွှာနဲ့ မျက်စိအပေါ်ယံအလွှာ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။

UV ရောင်ခြည်ကို ကာလကြာမြင့်စွာ ထိတွေ့ရင်တော့ အတွင်းတိမ်ဖြစ်ပြီး အချိန်မီမခွဲစိတ်ပါက မျက်စိကွယ်နိုင်ပါတယ်။

Pterygium ခေါ် မျက်သားတက်ရောဂါလည်း ဖြစ်နိုင်ပြီး မျက်သားက မျက်ကြည်/မျက်ဆံကိုပါ ဖုံးလာရင်တော့ အမြင်အာရုံကို ထိခိုက်ပါတယ်။

ကမ္ဘာမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် အတွင်းတိမ်ဖြစ်ပြီး မျက်စိကွယ်သူ တစ်သန်းခွဲလောက် ရှိပါတယ်။
.

◾️ဘယ်လိုနေရာ၊ ဘယ်အခြေအနေတွေမှာ ခရမ်းလွန်ရောင်ခြည်များလဲ

လူတွေ အများဆုံးထိတွေ့တဲ့ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ပမာဏက တစ်နေရာနဲ့တစ်နေရာ မတူသလို အချိန်နဲ့ အခြေအနေပေါ် မူတည်ပြီးလည်း ပြောင်းလဲပါတယ်။ နေ့ခင်း နေမြင့်ချိန်မှာ ပိုများပါတယ်။

မိမိတည်ရှိရာဒေသရဲ့ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်နဲ့လည်း သက်ဆိုင်ပါတယ်။ အမြင့်ရောက်ရင် ခရမ်းလွန်ရောင်ခြည် ပိုများပါတယ်။

နောက်တစ်ခုက ကမ္ဘာ့အလယ် အီကွေတာနဲ့နီးလေ ခရမ်းလွန်ရောင်ခြည် ပိုများလေပါ။

မိုတိမ်များဖုံးအုပ်နေရင်တော့ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုမှ သက်သာပြီး၊ လေထုရဲ့ အိုဇုန်းလွှာပါးတဲ့နေရာတွေမှာတော့ ရောင်ခြည်သင့်မှု ပိုများပါတယ်။
.

🔹ခရမ်းလွန်ရောင်ခြည် ဘယ်လောက်များတယ် ဆိုတာ သိနိုင်မလား။

UV index နဲ့ဖော်ပြတဲ့ ခရမ်းလွန်ရောင်ခြည် ပြင်းအားကို ဒီနေ့ခေတ် မိုးလေဝသ app တွေမှာ ထည့်သွင်းဖော်ပြနေပါပြီ။

မိမိရဲ့ မိုဘိုင်းဖုန်းမှာ ရာသီဥတုပြတဲ့ app ကို ဖွင့်လိုက်ရင် မိမိရောက်နေတဲ့ နေရာနဲ့ အချိန်မှာရှိတဲ့ UV index ကို ကြည့်လို့ရပါတယ်။

UV index 0-2 ဆိုရင် အကာကွယ်မယူဘဲ အပြင်မှာ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ပါတယ်။

UV index 3 နဲ့အထက်ဆို ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ပြီး လိုအပ်တဲ့အကာကွယ်တွေ ယူရပါမယ်။

UV index 8 ထက်ကျော်ရင်တော့ အလွန်ပြင်းထန်တဲ့ရောင်ခြည်ပြင်းအားလို့ ဆိုပါတယ်။ ဖြစ်နိုင်ရင် နေ့လယ်ခင်းအချိန်တွေမှာ အပြင်မထွက်သင့်၊ ထွက်ရင်လည်း လုံလောက်တဲ့အကာကွယ်များ မဖြစ်မနေ ယူသင့်ပါတယ်။
.

🔹ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ

ကလေးငယ်များနဲ့ လူငယ်လူရွယ်တွေ၊ အသားဖြူသူတွေမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားနဲ့ မျက်စိပြဿနာတွေ ပိုရလွယ်ပါတယ်။

  • နေပြင်းချိန် အဆောက်အအုံပြင်ပမှာ သွားလာလုပ်ကိုင်တာတွေ လျှော့ပါ။
  • ဖြစ်နိုင်ရင် အရိပ်အောက်မှာ နေပါ၊ အလုပ်လုပ်ပါ။
  • နေရောင်မှ ကာကွယ်နိုင်တဲ့ အဝတ်များ (အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လုံခြည်) ဝတ်ဆင်ပါ။
  • နှုတ်ခမ်းပြားကြီးတဲ့ ဦးထုပ် သို့ ခေါင်းဆောင်းမျိုးဝတ်ဆင်ခြင်း၊ ထီးဆောင်းခြင်းဖြင့် မျက်နှာ၊ မျက်လုံး၊ နားရွက်၊ လည်ပင်းတို့ကို ကာကွယ်ပါ။၊
  • နေ့ခင်းဘက် အပြင်ထွက်ရင် UV-A နဲ့ UV-B ကို ၉၉ – ၁၀၀ ရာနှုန်းကာကွယ်တဲ့ နေကာမျက်မှန်မျိုးကို တပ်ပါ။
  • အဝတ်အစားနဲ့ ဖုံးကာမထားနိုင်တဲ့နေရာတွေ (ဥပမာ၊ မျက်နှာ၊ လည်ပင်း၊ လက်) တို့ကို နေလောင်ခံဆေးလူးပြီး ကာကွယ်ပါ။
  • နေလောင်ခံဆေးတွေမှာ sun protection factor (SPF) မျိုးစုံရှိပါတယ်။ အနည်းဆုံး SPF 15 ရှိတာကိုသုံးပါ။ SPF များလေ ပိုကာကွယ်ပေးနိုင်လေ ဖြစ်ပါတယ်။ နေပြင်းရင် ခပ်ထူထူလူးပါ။
  • UV index များရင် SPF 30 ကျော်တဲ့ဆေးကို သုံးပါ။
  • Sunbeds လို အသားအရေ အရောင်တင်ပေါင်းအိုး မျိုးကို ရှောင်ပါ….။

ကိုးကား (Reference)
Ultraviolet radiation (who. int)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here