အင်ပျဉ်ထခြင်း ( Urticaria )
အင်ပျဉ်ထခြင်းဟာ လူတိုင်း အသက်အရွယ် အချိန်အခါမရွေး ကြုံတွေ့ရတတ်တဲ့ ဓာတ်မတည့် ယားနာတစ်မျိုး ဖြစ်ပါတယ်။ အရေပြားမှာ အနီအပိမ့်တွေ အပျဉ်လိုက်ထပြီး ယားယံတတ်တာမို့ စိတ်ကိုပါ အတော်လေး ကသိကအောက် ဒုက္ခပေးတတ်ပါတယ်။
အင်ပျဉ်ကွက်တွေဟာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ ခြေဖဝါး လက်ဖဝါးပါမကျန် ပေါ်တတ်ပြီး ခန္ဓာကိုယ်တစ်နေရာကနေ နောက်တစ်နေရာကို အလွယ်တကူ ပျံ့နှံ့တတ်ပါတယ်။ အကွက်ချင်းဆက်ပြီး အကွက်ကြီးကြီးလည်း ဖြစ်လာတတ်တယ်။ ပုံသဏ္ဍာန်လည်းပြောင်းနိုင်ပြီး ပုံမှန်အားဖြင့် မိနစ်ပိုင်း (သို့) နာရီပိုင်း အတွင်းမှာ ပြန်ပျောက်သွားတတ်ပါတယ်။
❓ဘယ်သူတွေမှာ ဖြစ်တတ်လဲ
အပေါ်မှာ ဆိုပြီးတဲ့အတိုင်း အသက်အရွယ်မရွေး ဘယ်သူမှာမဆို ကြုံနိုင်ပါတယ်။ Allergen လို့ခေါ်တဲ့ ကိုယ်နဲ့ဓာတ်မတည့်တဲ့အရာနဲ့ ထိတွေ့မိရင် ဖြစ်တာပါ။ တချို့ကလည်း မွေးကတည်းက စဖြစ်တယ်။ တချို့ကျလည်း ကာလအတော်ကြာမှ Allergen တစ်ခုခုနဲ့ မတည့်တာမျိုး ဖြစ်လာတာပါ။
❓ဘာက အင်ပျဉ်ထခြင်းကို ဖြစ်စေတာလဲ
မတည့်တဲ့အရာ တစ်ခုခုကို ထိမိ၊ စားမိ ၊ရှူမိရင် ခန္ဓာကိုယ်ထဲမှာ histamine လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ထွက်လာတယ်။ သူက အင်ပျဉ်ထခြင်းကို ဖြစ်စေတာပါ။ အများအားဖြင့် အစားအသောက်၊ ဆေးဝါး၊ ကပ်ပါးပိုးစွဲ ခြင်းကြောင့် ဖြစ်တာများပါတယ်။
အတွေ့ရများတဲ့ လက်သည်တချို့ကို ဖော်ပြပါ့မယ်။
• အစားအသောက်ထဲမှာဆို ဥတွေ၊ မြေပဲလို အစေ့အဆံတွေ၊ ပင်လယ်စာတွေ၊ ချိစ်၊ ချောကလက် တွေကြောင့် ဖြစ်တတ်တာ များပါတယ်။
• ပြီးတော့ အစားအသောက် ဆိုးဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
• ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုစွဲခြင်းကြောင့်လည်း အဖြစ်များပါတယ်။
• ပင်နယ်ဆလင်လို ဆေးဝါးတွေကြောင့် ဖြစ်တာ၊ အင်းဆက်ကိုက်တာ၊ ပျားတုပ်တာ၊ အလှကုန်ပစ္စည်း ကြောင့်ဖြစ်တာ၊ နေရောင်ခြည်နဲ့ ထိတွေ့ရင် ဖြစ်တာ စသဖြင့် အင်ပျဉ်ထခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းမျိုးစုံ ရှိပါတယ်။
❓ဘယ် Allergen ကြောင့်ဖြစ်တယ်ဆိုတာ ဘယ်လို သိနိုင်မလဲ
ဒီမေးခွန်းက အမေးများတဲ့ မေးခွန်းတစ်ခုပါ။ မတည့်တဲ့ အစားအသောက် တစ်ခုခုစားမိပြီး ချက်ချင်းထဖြစ်တယ်ဆိုရင်တော့ လက်သည်ကို ရှာရမခက်ပါဘူး။ ဒါပေမယ့် တခါတလေမှာ ဘာကြောင့်ဆိုတာ သိနိုင်ဖို့မလွယ်ပါဘူး။ ကိုယ်နေ့စဉ်စားတဲ့ အစားအသောက်တွေကို မှတ်စုသဘောမျိုး မှတ်ထားပြီး သတိထားစောင့်ကြည့်နိုင်ပါတယ်။ ပြီးတော့ အရေပြားမှာ ဓာတ်မတည့်စမ်းသပ်မှုလုပ်ပြီး ဘယ်အရာက ဓာတ်မတည့်ဖြစ်သလဲဆိုတာ ရှာဖွေနိုင်ပါတယ်။
❓အင်ပျဉ်က ဘယ်လိုအခြေအနေမျိုးမှာ စိုးရိမ်စရာလဲ။
အင်ပျဉ်ထတာ ပြင်းထန်လာတဲ့အခါ မျက်နှာ၊ နှုတ်ခမ်း၊ မျက်လုံးပတ်ပတ်လည် အရေပြားတို့မှာပါ အင်ပျဉ်ထတတ်ပါတယ်။ လည်မျိုမှာပါ အင်ပျဉ်ထရင်တော့ အရေးပေါ် အခြေအနေဖြစ်ပြီး ဆေးခန်း၊ ဆေးရုံ အမြန်ပြေးသင့်ပြီး ကုသမှု လိုအပ်နေပါပြီ။ အသက်ရှုရခက်လာတဲ့အခါ၊ မွန်းလာတဲ့အခါ၊ လျှာတွေ အာတွေ လည်မျိုတွေပါ ရောင်ယမ်းလာတဲ့အခါ၊ မူးဝေဝေနဲ့ အားနည်းလာတဲ့အခါ၊ အရေပြားက ဖျော့တော့လွန်းပြီး ချွေးစိုလာတဲ့အခါ အရေးပေါ် အခြေအနေ ဖြစ်လာတာမို့ အမြန်ဆုံး ကျွမ်းကျင်ဆရာဝန်နဲ့ ဆက်သွယ်ပါလို့ မှာပါရစေ။
❓ဘယ်လိုကုသနိုင်မလဲ
ဆေးဝါးအနေနဲ့ဆို အနီကွက်နဲ့ ယားယံခြင်း သက်သာစေဖို့အတွက် Antihistamine (Histamine ဓာတ်ဖြေဆေး) ကို သောက်သုံးနိုင်ပါတယ်။ ပိုမိုပြင်းထန်လာရင်တော့ Cortisone သုံးရနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်မပါပဲ တခြားဆေးဝါးတွေ သောက်သုံးခြင်း မပြုဖို့ သတိပြုရပါမယ်။
❓ဘယ်လိုသက်သာအောင် နေမလဲ
အေးအေးသန့်သန့်လေး နေပေးပါ။ ယားယံခြင်းအတွက် Calamine ဆေးရည်လေး လိမ်းပေးပါ။ ယားတဲ့ နေရာကို အအေးဓာတ်ရအောင် ရေစိုတဘက်နဲ့ ညင်ညင်သာသာလေး ဖိပေးပါ။ ရေနွေးပူနဲ့ ချိုးခြင်း၊ လောင်းချခြင်း ရှောင်ကြဉ်ပေးပါ။ ချွေးထွက်မများအောင် လှုပ်ရှားမှုကို လျှော့ချပါ။
အရက်နဲ့ ကဖင်းဓာတ်တို့ ကြောင့် ဖြစ်တာဆိုရင် အရက်နဲ့ ကဖင်းကို ရှောင်ပေးပါ။ ရေများများသောက်ပါ။ တစ်နေ့ အနည်းဆုံး နှစ်လီတာလောက် သောက်ပေးရင် ပိုကောင်းပါတယ်။
အဓိကကတော့ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုကို လျှော့ချပါ။ စိတ်မသက်သာရင် အင်ပျဉ်လည်း မသက်သာပဲ ပိုဆိုးစေနိုင်လို့ပါ။
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 342
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.
Published on: 6 August 2022
Last Updated: 6 August 2022