ဆီးအိတ်ရောင်ခြင်းဆိုတာ ဘာလဲ?

ဆီးအိတ်ရောင်ခြင်းဆိုတာ အမျိုးသမီးတွေရဲ့ ဘဝ တလျှောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒုက္ခတစ်မျိုးပါ။ ဆီးအိတ်ရောင်ခြင်းအဖြစ်များတဲ့ အချိန်ကာလတွေကတော့ သံဝါသမှု စပြုခြင်း (ဝါ) ဟမ်းနီးမွန်းထွက်ပြီးနောက် ဆီးအိတ်ရောင်ခြင်း၊ ကိုယ်ဝန်ဆောင်စဥ်ဆီးအိတ်ရောင်ခြင်းနဲ့ သွေးဆုံးပြီးနောက် ဆီးအိတ်ရောင်ခြင်းတို့ဖြစ်ပါတယ်။

ဆီးအိတ်ရောင်ခြင်းကို ဖြစ်ပွားစေတတ်သော အကြောင်းတရားများမှာ အဘယ်နည်း?

ဘတ်တီးရီးယားပိုးကြောင့် ဆီးအိတ်ရောင်ခြင်းကိုဖြစ်ပေါ်စေတတ်ပြီး အများစုဟာ E.coli လို့ခေါ်တဲ့ ပိုးအမျိုးအစားကြောင့်အဖြစ်များပါတယ်။

အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းတိုတဲ့အတွက် အပြင်ကပိုးတွေဟာ အထက်ကိုဆန်တက်ပြီး ဆီးအိတ်ကို ပိုးရောက်ရှိကာ ရောင်ရမ်းစေပါတယ်။ ပိုးရောက်စေတဲ့ အကြောင်းတရားအများစုကတော့ သံဝါသပြုစဥ် ပိုးတွေကို အထက်သို့ပျံ့လွယ်စေတတ်ခြင်းကြောင့်ဖြစ်ပါတယ်။

ဖြစ်ပွားစေတဲ့ပိုးတွေဟာ အူလမ်းကြောင်းမှ ပိုးများဖြစ်ပြီး သန့်ရှင်းမှု အားနည်းခြင်းကြောင့် စအိုဝ၊ ယောနိ နဲ့ ဆီးလမ်းကြောင်းထဲမှ တစ်ဆင့် အထက်သို့ ပျံ့နှံ့သွားခြင်းဖြစ်ပါတယ်။ တချို့သောသူတွေမှာ တစ်ခါဖြစ်ပြီး ထပ်မဖြစ်တော့ပေမယ့် ၊ တချို့တွေမှာတော့ မကြာခဏ ပိုးကူးစက်လွယ်ပြီး ဆီးအိတ်ရောင်ရမ်းခြင်းကိုခံစားရတတ်ပါသေးတယ်။

ဆီးအိတ်ရောင်လျှင် ခံစားရသည်များ

(၁) ဆီးသွားလျှင်ဆီးပူဆီးကျဥ်ခြင်း

(၂) မကြာခဏဆီးသွားချင်သလိုခံစားရခြင်း

(၃) ဆီးသွားနည်းခြင်း

(၄) ဆီးအရောင်မဲ့ခြင်းနှင့် အနံ့ စူးစူးပါသောဆီးများသွားခြင်း

(၅) တစ်ခါတစ်ရံ ကိုယ်ပူခြင်း

(၆) ခါးနောက်ပိုင်း သို့မဟုတ် ၀မ်းဗိုက်အောင်ပိုင်း တို့တွင်နာကျင်မှုကိုခံစားရတတ်ခြင်း

(၇) နုံးချိ အားရော့သကဲ့သို့ ခံစားရတတ်ခြင်းတို့ဖြစ်ပါတယ်။

” ဆီးအိတ်ရောင်ခြင်းနှင့်နောက်ဆက်တွဲစိုးရိမ်စရာများ “

ဆီးအိတ်ရောင်ခြင်းသည် အလွန်မသက်မသာ စိတ်ရှုပ်ရသော ကိစ္စတစ်ခုဖြစ်သော်လည်း ချက်ချင်း ဒုက္ခပေးတတ်သော ရောဂါမျိုးမဟုတ်ပါ။ သို့သော်လည်း ဆေးကုသမှုမခံယူဘဲ ပေပေတေတေနေခဲ့ရင်တော့ အချိန်ကြာရင် ကျောက်ကပ်အထိပိုးကူးစက်တတ်ပြီး ကြီးစွာသောဒုက္ခများပေးတတ်ပါတယ်။

ဆီးအိတ်ရောင်တယ်လို့သံသယရှိခဲ့ရင် ဘာလုပ်ကြမလဲ?

မိမိကိုယ်တိုင်ပြုလုပ်နိုင်သော အိမ်တွင်းကုထုံး-

(၁) မိမိကိုယ်ကို လုံလောက်စွာအနားပေးပါ ၊နွေးနွေးထွေးထွေးနေပါ။

(၂) ဆီးအိတ်ရောင်တယ်လို့ သံသယ ရှိတာနဲ့ ရေ၂ခွက်/၃ခွက်ကို ပထမသောက်ပါ၊ ထို့နောက် နာရီဝက်ခြားတစ်ခါ ရေတစ်ခွက်သောက်ပါ။

(၃) ဆီးတစ်ခါသွားတိုင်း ဆီးအိတ်ထဲမှဆီးများကုန်သည်အထိ သတိထားသွားပေးပါ။

(၄) ရေအိမ်သွားပီးနောက်သန့်ရှင်းရေးလုပ်ရာတွင် ပျော့ပြောင်းပီး စိုစွတ်သော တစ်ရှူးကို အသုံးပြုကာ ရှေ့မှနောက်သို့ သွားသောပုံစံ ဖြင့် သေချာဂရုစိုက်သန့်ရှင်းပေးပါ ။(အနောက်ဘက်သို့ ရောက်ပီးသား အပိုင်းကို အရှေ့ သန့်ရှင်းသည့်အခါ ပြန်မသုံးမိစေရန် သတိထားပေးပါ)

(၅) နာကျင် ဆူးအောင့်ခဲ့လျှင် ပါရာစီတမောလ်ကို သောက်သုံးပေးနိုင်ပါတယ်။

ဆီးအိတ်ရောင်သကဲ့သို့ ဆီးပူဆီးကျင် ဆီးအောင့် ဆီးမကုန်သကဲ့သို့ ခံစားရတာဟာ ၂၄ နာရီ ကျော်ခဲ့ရင်တော့ နီးစပ်ရာ ဆေးခန်းများသို့သွားရောက်ပြီး ကုသမှုခံယူပေးပါ။

ဆီးအိတ်ရောင်ရမ်းခြင်းကို နောက်ထပ်မဖြစ်ပွားအောင်ဘယ်လိုကာကွယ်ရမလဲ?

– အရမ်းပူတဲ့နေ့ရက်တွေမှာ ရေကိုသတိထားကာ များများသောက်ပေးပါ။

– ဆီးသွားချင်တိုင်းအောင့်မထားဘဲ ဆီးသွားပေးပါ။

– ဆီးသွားတိုင်း ဆီးအိတ်ထဲ ဆီးမကျန်နေစေရန်သတိထားပြီး သွားပေးပါ။

– အလေးသွားပြီးရင်လည်း ရေ၊ဆပ်ပြာ၊တစ်ရှူးတို့သုံးပြီး အောက်ပိုင်းကိုသေသေချာချာသန့်ရှင်းစေရန်ဂရုပြုပါ။

– သံဝါသအမှုပြုအပြီး ဆီးသွားချင်ပါက ချက်ချင်း သွားပါ။

– မွေးလမ်းကြောင်းခြောက်သွေ့နေရင်တော့ သံဝါသပြုတဲ့အခါ ချောဆီသုံးပါ ။ (အမျိုးသမီးငယ်များတွင် K-Y ဂျယ်ကိုအသုံးပြုနိုင်ပြီး ၊ သွေးဆုံးပြီးသော အမျိုးသမီးများတွင် အီစတိုဂျင်creamများကို အသုံးပြုပါ)

– Underwear များကို ချည်ပါသောအမျိုးအစားများရွေးသုံးကာ ၊ ဂျင်းသားထူကြပ်ကြပ်များ၊နိုင်လွန်သားပါသောအောက်ခံများကို အသုံးပြုခြင်းမှရှောင်ကြဥ်ပါ။

– ဆပ်ပြာရည်ကန်ထဲတွင်ရေစိမ်ချိုးခြင်း၊ အမွေးနံ့သာ များပါသောဆပ်ပြာများအသုံးပြုခြင်း၊ မွေးလမ်းကြောင်းဝနှင့် အမျိုးသမီးအင်္ဂါနားတွင် (ရေမွှေးဖျန်းခြင်းနှင့် အမျိုးသမီးသုံး အမွှေးနံ့သာများ)ကို အသုံးပြု ခြင်းစသည်တို့ကို ရှောင်ကြဥ်ပါ။

– ဆီးအိမ်မကြာခဏ ရောင်ရမ်းတတ်သူများတွင် Cranberries ဖျော်ရည် (သို့မဟုတ်) Cranberries ပါသောဆေးတောင့်များ သောက်သုံးခြင်းဟာ နောက်တစ်ခါ ကူးစပ်မှုကိုတားဆီးရာတွင်အထောက်အကူပြုကြောင်းတွေ့ရှိရပါတယ်။

ပုံမှန်တစ်ကိုယ်ရေသန့်ရှင်းရေး နည်းလမ်းများ စနစ်တကျ အသုံးပြုပြီး ဆီးအိတ်ရောင်ခြင်းဘေးမှ ကင်းဝေးကြပါစေ….

ဆီးအိတ်ရောင်ပီး နောက်ဆက်တွဲရောဂါဖြစ်ခြင်းမှလည်း ကင်းဝေးကြပါစေ….

လိုအပ်တဲ့ ကုသမှုများခံယူကြဖို့လည်း နောက်မတွန့်ကြပါနဲ့လို့ သတိပေးရင်း…

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.79

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.