ဆီဆိုတာ အစားအစာတို့ရဲ့ မပါမဖြစ် ပါ၀င်ပစ္စည်းပါ…. ဆီဆိုတိုင်းကြောက်စရာမလိုပါ…. ကျန်းမာရေးနဲ့မသင့်တော်တဲ့ဆီကို တတ်နိုင်သလောက်လျှော့စားပေးရင် နှလုံးသွေးကြောကျဥ်းတာ၊ heart attack ဖြစ်တာ၊ သွေးကြောကျဥ်းပြဿနာများ ဖြစ်နိုင်ခြေကိုပါ လျော့ကျစေမှာပါ….။

ဒါဖြင့် ရှောင်ရမယ့် ဆီတွေက ဘာတွေလဲ ????

လွယ်လွယ်ပြောရရင်တော့ အခန်းအပူချိန်မှာ အခဲအသွင်သော်လည်းကောင်း၊ မခဲတခဲသော်လည်းကောင်း ဖြစ်နေတဲ့ဆီနဲ့ အကြိမ်ကြိမ်အသုံးပြုထားတဲ့ ဆီတွေ၊ တိရစ္ဆာန်မှရတဲ့ အဆီတွေ (ငါးကြီးဆီ မပါ၀င်) ကို ရှောင်တာ/လျှော့တာ အကောင်းဆုံးပါ။

ဒါလေးပဲလားဆိုတော့ ပြောတော့သာလွယ်တာပါ… ယနေ့ခေတ်အခါမှာ အစားအစာတိုင်းက မိမိကိုယ်တိုင် လုပ်ထားတာ မဟုတ်လေတော့ ချက်ပြုတ် ထုတ်လုပ်တဲ့အချိန်မှာ ဘယ်လိုဆီမျိုးကို သုံးထားလဲဆိုတာ သိနိုင်ဖို့ရာ ခက်ခဲပါတယ်။ အိမ်မှာချက်တဲ့ဟင်းမှာတော့ အမဲဆီတို့ ၀က်ဆီတို့ကို သူ့ဆီနဲ့သူ ပြန်သုံးတာမျိုးကို ရှောင်ပေးတာ၊ ဆီစျေးတက်လာတော့ ဆီကိုလည်း တတ်နိုင်သလောက် နည်းအောင် အသုံးပြုတာမျိုးလောက် လုပ်ရုံနဲ့ကို ရပါတယ်။

တစ်ကယ် အရေးကြီးတဲ့ trans fat ဆိုတဲ့ အသွင်ပြောင်းဆီပါ၀င်နေတဲ့ အစားအစာတွေကို မိမိတို့တွေ နေ့စဥ် မသိလိုက်ဘဲ စားနေမိကြပါတယ်။ တစ်ရက်နဲ့တော့ ဘာမှမဖြစ်၊ ဒါပေမယ့် နှစ်ကာလ ကြာလာတဲ့အခါ သွေးကြောတွေထဲမှာ အဆီခဲတွေစုပုံလာပြီး အခုအားလုံးလိုလို ဖြစ်ကြတဲ့ နှလုံး၊ ဆီးချို၊ သွေးတိုးတွေ ဖြစ်လာကြတော့တာပါပဲ။

မသိလိုက်ဘဲ စားနေမိတယ်ဆိုတော့……

ဘယ်အစားအစာတွေက trans fat ပါ၀င်နေတယ်ဆိုတာ ပထမဆုံးအဆင့်အနေနဲ့ သိထားဖို့လိုပါတယ်။ ဒုတိယကတော့ ဒီအစားအစာတွေကို တတ်နိုင်သလောက် လျှော့ဖို့ပေါ့ ….

Trans fat ပါ၀င်မှုများသော အစားအစာများ

????မုန့်ဆိုင်မှ မုန့်များ

ကိတ်မုန့်၊ ပတ်ဖ်၊ ခရိုစွန့် croissant ၊ donut ၊ ကွတ်ကီး၊ ဘီစကစ်မုန့် စတာတွေမှာ shortening ဆိုတဲ့ ဆီအမျိုးအစားကို သုံးကြပါတယ်။

အဓိကကတော့ shortening ဟာ trans fat ပါ၀င်မှု အလွန်များပြီး နှလုံးသွေးကြောကျဥ်းစေပါတယ်။ အချို့whipping cream တို့၊ မုန့်ပေါ်မှာ တစ်လွှာတင်တဲ့ cream တွေဆိုလည်း ပါ၀င်မှုများပါတယ်။

Shortening – ဆိုတာ မုန့်လုပ်ငန်းအတွက် ကုန်ကြမ်း၀ယ်ယူကြသူတွေ၊ မုန့်လုပ်နေကြသူတွေတော့ ရင်းနှီးပြီးသားပါ။ ဆီခဲလိုလို margarine တို့ ထောပတ်တို့လိုမျိုးပါပဲ။ ဒါပေမယ့် ထောပတ်နဲ့မတူတာက သူ့ကိုသုံးရင် ဆီနဲ့ဂျုံ နယ်တဲ့အချိန်မှာ အလွန်ကောင်းပါတယ်။ ပတ်ဖ်လို မုန့်အလွှာတွေ တစ်ထပ်ပြီးတစ်ထပ် ဖြစ်စေချင်တဲ့အခါ shortening သုံးမှ မုန့်သားကောင်းတာပါ။

????လက်ဖက်ရည်ဆိုင်မှ မုန့်များ

စမူဆာ၊ အီကြာကွေးကတော့ ရှင်းပါတယ်… ဘယ်အချိန်ကြည့်ကြည့် ဒီဆီကိုပဲ ပြန်သုံးနေတာဆိုတော့ ပြန်ကြော်ဆီကြောင့် မစားသင့်တာပါ။ ပလာတာ၊ နံပြားထောပတ်သုတ် စတာတွေမှာကျ ဒယ်ပြားထဲကို ကြော်နေတဲ့အချိန်တို့ ထောပတ်သုတ်တဲ့အချိန်တို့မှာ ဆီခဲလေးထည့်လိုက်တာ မြင်ဖူးကြမှာပါ။ ပလာတာ ဆိုတာလည်း ထောပတ်နံ့လို မုန့်နံ့လေးမွှေးမှ စားကောင်း အရသာကောင်းတာကိုး။

ထောပတ်အစစ်ကို အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှု တအားမများပါဘူး။ ဒါပေမယ့် ထောပတ်စျေးကြီးတော့ ဘယ်ဆိုင်မှ ထောပတ်အစစ် မသုံးပါဘူး… ထောပတ်လိုမျိုး ခရင်မ်ဘူးကြီးတွေသာ ၀ယ်သုံးကြတာပါ။ ဒီဆီတွေဟာလည်း shortening လိုမျိုး trans fat ပါ၀င်မှုများတဲ့ ဆီတွေပါပဲ။ နံပြားထောပတ်သုတ်ပဲ စားစား၊ ပလာတာတစ်ချပ်ပဲ စားစား trans fat တစ်ခဲ စားလိုက်မိပြီလို့သာ မှတ်ယူထားသင့်ပါတယ်။

????Ready made မုန့်များ

ကွတ်ကီး၊ ဘီစကစ်၊ အာလူးကြော်၊ ပေါက်ပေါက်ဆုပ် မွှေးနေတာမျိုးတွေဟာ trans fat တွေပါပဲ။ အိမ်လုပ် ပေါင်မုန့်တို့လိုမျိုးမှာ တကယ်တော့ transfat ပါ၀င်တဲ့ အဆီတွေကို မသုံးလို့ရပါတယ်။ ဒါပေမယ့် ရောင်းတမ်း၀င်အောင်၊ စျေးချိုအောင် လုပ်ရတဲ့အခါ ကလေးတွေစားတဲ့ ပေါင်မုန့်လေးတွေ… ပဲပေါင်မုန့်တို့၊ ခရင်မ်ပေါင်မုန့်တို့လိုမှာကအစ trans fat ပါနေပြန်ပါရော။

????ပြန်ကြော်ဆီများ

ဆီကို မီးအပူပြင်းပြင်းနဲ့ အချိန်ကြာရှည်စွာ ပေးရတဲ့အခါ အဲဒီဆီမှာပါတဲ့ carbon & hydrogen bonds တွေ ပြောင်းလဲသွားပြီး ကျန်းမာရေးအတွက် မသင့်တော်ဖြစ်စေပါတယ်။ ဒီတော့ ဆိုင်က အကြော်တွေကို လျှော့စားတာ အကောင်းဆုံးပါ။

????Creamer , Margarine

ကျန်းမာအောင် ကော်ဖီကို (3 in 1) မသောက်ဘဲ အမှုန့်ဖျော်သောက်ပါရဲ့… ဒါပေမယ့် creamer နဲ့ ဖျော်တဲ့အခါ နှလုံးသွေးကြောကျဥ်းစေနိုင်ပါတယ်​။

Creamer အကြောင်းကို အနည်းငယ်ရှင်းပါရစေ။ သောက်တဲ့အခါ နို့မလိုင်၊ နို့မှုန့် ထည့်သလို အရသာမျိုးပဲ… လေးလေး စေးစေးလေးနဲ့ သောက်ကောင်းတယ်…cream တက်စေတယ်။ ဒါပေမယ့် ခရင်မ်မာ တွေဟာ နို့ထွက်ပစ္စည်း မဟုတ်ပါဘူး။ နို့မလိုင်မဟုတ်ဘဲ ဘယ်အရာက မလိုင်လို ဖြစ်စေလဲဆိုတော့ အသွင်ပြောင်းဆီ hydrgoenated oil တွေက ဖြစ်စေတာပါ။

ယခုအခါ စျေးကွက်ထဲမှာ ကော်ဖီဖျော်သောက်ရင်ကောင်းတယ်ဆိုပြီး ကြော်ငြာနေတဲ့ နို့မှုန့်တွေကို မ၀ယ်ယူခင်မှာ တကယ်ပဲ နွားနို့မှရတဲ့ ပစ္စည်းလား၊ သကြားနဲ့ပြောင်းဆီတွေ ရောထားတဲ့ ခရင်မ်မာ သဘောလားဆိုတာ သေချာစမ်းစစ်ပြီးမှ ၀ယ်ယူသုံးစွဲဖို့ လိုအပ်ပါတယ်။

မာဂျရင်းကတော့ အသီးအရွက်ကနေ ရပေမယ့်လည်း အဆင့်ဆင့် ပြောင်းလဲထုတ်ယူထားတာကြောင့် မာဂျရင်းရယ်လို့ ဖြစ်လာချိန်မှာ အသွင်ပြောင်းဆီ ဖြစ်နေပါပြီ။ အနံံ့အရသာ ကောင်းမွန်ပေမယ့်လည်း မာဂျရင်းကို အသုံးမပြုစေချင်ပါဘူး။ ဒီအစား ထောပတ်က အနည်းငယ်ပိုကောင်းပါတယ်။ ထောပတ်ကလည်း စျေးတွေအရမ်းကြီးလာတော့ ပြောရခက်ပြန်ပါရော။

ခြုံပြောရရင်…

• အနံ့အရသာမွှေးတဲ့ ဆိုင်လုပ်မုန့်များ၊ ready made မုန့်များကို လျှော့စားပါ။

• ဆိုင်က ဆီကြော်များ လျှော့စားပါ။

• လက်ဖက်ရည်ဆိုင်မုန့်များ လျှော့စားပါ။

• ကျွတ်ကျွတ်အိတ်ပါတဲ့ မုန့်ထုပ် (အသင့်စား တစ်ခါစားမျိုး) ကို လျှော့စားပါ။

• ကော်ဖီဖျော်ရင် နို့မှုန့် နို့အစစ်နဲ့ ဖျော်ပါ။

• ထောပတ်မသုံးနိုင်ရင် သူ့အစား စျေးသက်သာတာ မာဂျရင်းလိုမျိုးတွေ အစားထိုးမသုံးပါနဲ့။

• ပေါင်မုန့်စားမယ်ဆို အသင့်တစ်ခါစားမျိုး ၀ယ်တာထက်၊ ပေါင်မုန့်အလွတ်ကို၀ယ်ပြီး အိမ်မှာ ယိုသုတ်စားတာတို့၊ ကြက်ဥနဲ့ကြော်စားတာတို့ အစားထိုး လုပ်လို့ရပါတယ်။

• အိမ်မှာ မိမိဘာသာ ရွေးချယ်အသုံးပြုထားတဲ့ ဆီနဲ့လုပ်တဲ့ အစားအစာများ ပိုစားပါ။

• အိမ်မှာ အကြော်ဟင်းလျာအတွက် အသုံးပြုပြီး ပိုတဲ့ဆီကို အရွက်ကြော်တဲ့အခါ သုံးတာတို့၊ ဆီသတ်ဟင်းချက်တဲ့အခါ ထည့်သုံးတာတို့ အဆုံးသတ်ပါ။ ၂ ကြိမ်ထက် ပိုမသုံးပါနဲ့။

..

..

ကုန်စျေးနှုန်းတက် ရောဂါတွေကထူလာတဲ့ ခေတ်ပျက်ထဲမှာ အသက်ကို ဉာဏ်စောင့်ရမှာမို့ တတ်နိုင်သလောက် ကျန်းမာရေးအသိရှိရှိနဲ့ ဂရုစိုက်နေကြပါစို့။

.

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

Ref : ???? https:// www. hsph. harvard. edu /nutritionsource/2012/07/28/tips-to-lower-trans-fat-intake/

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here