တိုက်ဖွိုက်ရောဂါ

တိုက်ဖွိုက်ရောဂါဟာ ကုသလို့ရပေမယ့် ပေါ့ဆရင် အသက်အန္တရာယ်အထိဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။
ဘက်တီးရီးယားအကောင်တစ်မျိုးကြောင့်ဖြစ်တာပါ။ အဓိက ကတော့ မသန့်ရှင်းတဲ့အစာတွေ၊ ရေတွေက တစ်ဆင့်ကူးတာပါ။

ရောဂါလက္ခဏာက ဘာတွေလဲ ❓
တိုက်ဖွိုက်လူနာအများစုမှာ အဖျားရက်ရှည်နေတတ်ပါတယ်။ တချို့တွေမှာ ခေါင်းအရမ်းကိုက်၊ ချွေးစေးတွေထွက်ပြီး နုန်းနေတာမျိုးဖြစ်တတ်ကြပါတယ်။ တချို့ကတော့ အဖျားနဲ့အတူ ဗိုက်နာတာ၊ ဝမ်းလျောတာ၊ ဝမ်းချုပ်တာ၊ အစားအသောက်ပျက်တာ၊ လျာထူနေတာမျိုးတွေဖြစ်တတ်ပါတယ်။ ( အဲဒါကြောင့် ဖျားပြီးဗိုက်နာဝမ်းလျောတိုင်း တိုက်ဖွိုက်မဟုတ်သလို ဝမ်းမလျောပေမယ့်လည်းတိုက်ဖွိုက်ဖြစ်နိုင်ပါတယ် )စဖြစ်ပြီးသုံးလေးရက်လောက်ကြာရင် ရောဂါခံစားရတာပိုဆိုးလာတတ်ပါတယ်။

ဘယ်လိုကူးတာလဲ ❓
ယင်နားစာတွေ၊ မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ အသီးအနှံတွေ၊ ရေတွေကို စားသောက်မိတာက ကူးတာပါ။တိုက်ဖွိုက်ပိုးရှိတဲ့လူက အိမ်သာကထွက်လာပြီး လက်ကိုသေချာမဆေးကြောဘဲ ကိုင်ထားတဲ့ အစားအစာတွေကိုစားမိတာကလဲ အဓိကပြဿနာမှာပါပါတယ်။ လူတယောက်က တိုက်ဖွိုက်ပိုးပါတဲ့ မသန့်တဲ့အစားအသောက်ကိုစားပြီးနောက် (၁)ပတ်ကနေ (၂)ပတ်အကြာမှာ ရောဂါလက္ခဏာတွေစပေါ်လာတတ်ပါတယ်။ (တချို့ ဝမ်းလျောရောဂါတွေလို မသန့်တာအခုစား၊ အခုဝမ်းလျောဖြစ်တာမဟုတ်လို့ တခါတလေ ဘာကြောင့်ဖြစ်မှန်းမသိကြပါဘူး)တချို့တွေမှာက ဘာရောဂါလက္ခဏာမှမရှိဘဲ တိုက်ဖွိုက်ပိုးရှိနေတတ်ပါတယ်။ အဲဒီလူတွေ လက်အိပ်မစွပ်ဘဲ ပြင်ဆင်ပေးတဲ့ အစားအစာတွေစားရင်လည်းကူးနိုင်ပါတယ်။

တိုက်ဖွိုက်ဆိုတာဘယ်လို သိနိုင်မလဲ ❓
သွေး၊ ဝမ်းစစ်ကြည့်မှပဲ သေချာပေါက်ပြောလို့ ရပါတယ်။

ဘယ်လိုကုရတာလဲ ❓
ဗက်တီးရီးယားကြောင့် ဖြစ်တာမို့လို့ ပိုးသတ်ဆေးကို တစ်ပတ်ကနေ နှစ်ပတ်လောက်အထိ သောက်ဖို့လိုပါတယ်။ ပိုးသတ်ဆေး စသောက်ပြီး နှစ်ရက်၊ သုံးရက်လောက် နေရင်တော့ သက်သာလာတတ်ပေမယ့် ဆေးပတ်လည်အောင်တော့ သောက်ဖို့ အရေးကြီးပါတယ်။ ရောဂါအခြေအနေဆိုးရင်တော့ ဆေးရုံတက်ဖို့ လိုတတ်ပါတယ်။
????နောက်ဆက်တွဲ ပြဿနာများတိုက်ဖွိုက်ရဲ့ ကြောက်စရာအကောင်းဆုံး ကိစ္စကတော့ ဆေးကုသမှုသေချာမခံယူရင် အသက်အန္တရာယ်အထိရှိနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဝင်လာတာပါ။ အဓိက ကတော့ အူအထဲမှာ သွေးယိုတာနဲ့ အူ ပေါက်ထွက်ပြီး သွေးဆိပ်တက်တာပါ။ အဲဒါကြောင့် ဆရာဝန်ကတိုက်ဖွိုက်လို့ ပြောရင် မပေါ့ပါနဲ့။ ဆေးပတ်လည်အောင်သောက်ပါ။ ဆန်ပြုတ်ကျဲကျဲလောက်ပဲ အစာကိုစားပါ။ ဆေးပတ်လည်အောင်သောက်ပါ။ ဆရာဝန်နဲ့ သေသေချာချာပြသပါ။

Reference: NHS Choice: Typhoid Fever

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.