ခြေထောက်စိုနာရောဂါ (Trench Foot or Immersion Foot) ဆိုသည်မှာ ခြေထောက်များ အချိန်ကြာမြင့်စွာ စိုထိုင်းခြင်းကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုပါသည်။ ရောဂါဖြစ်ပွားပါက ခြေထောက်များ အလွန်အမင်း နာကျင်စွာခံစားရစေတတ်သော်လည်း ကြိုတင်ကာကွယ်၊ ကုသ၍ ရနိုင်ပါသည်။

ခြေထောက်စိုနာရောဂါသည် အအေးဓာတ် (အေးခဲသည်အထိ မဟုတ်)၊ စိုထိုင်းမှုနှင့် တစ်ခါတစ်ရံ မသန့်ရှင်းသော အခြေအနေများနှင့် အချိန်ကြာမြင့်စွာထိတွေ့ခြင်းကြောင့် ဖြစ်တတ်ပါသည်။ အဆိုပါအခြေအနေများသည် အရေပြားနှင့် တစ်သျှူးများကို ပျက်စီးစေကာ ရောဂါပိုးဝင်နိုင်ခြေ ပိုများနိုင်ပြီး ရောဂါဖြစ်ပွားမှုနှုန်းနှင့် အသက်သေဆုံးမှုနှုန်းများကို မြင့်တက်စေနိုင်ပါသည်။

၎င်းရောဂါသည် စစ်မှုထမ်းသူများတွင် ဖြစ်ပွားမှုအများဆုံး ဖြစ်ပါသည်။ အမိုးအကာ မရှိမှုနှင့် စိုစွတ်၍ အေးသော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာနေထိုင်ရသော အိမ်ခြေရာမဲ့များတွင်လည်း ခြေထောက်စိုနာများဖြစ်ပွားလေ့ရှိပါသည်။

???? ရောဂါလက္ခဏာများ

✳️ ခြေထောက်တွင် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း (သို့မဟုတ်) ယားယံခြင်း
✳️ နာကျင်ခြင်း၊
✳️ ရောင်ရမ်းခြင်း
✳️ အရေပြား၌ အေး၍ အကွက်ထခြင်း
✳️ ထုံကျင်ခြင်း
✳️ ခပ်စူးစူး ခံစားရခြင်း (သို့မဟုတ်) လေးလံနေခြင်း
✳️ ခြေထောက်များသည် နွေးလာပြီးနောက် နီခြင်း၊ ခြောက်သွေ့ခြင်းနှင့် နာကျင်ခြင်းများ ခံစားရနိုင်ပါသည်။
✳️ အရည်ကြည်ဖုများ ထလာတတ်ပြီးနောက် အရေပြားနှင့် တစ်သျှူးများ ကွာကျလာတတ်ပါသည်။

✳️ ရောဂါပြင်းထန်သူများတွင် မကုသဘဲထားပါက ခြေချောင်းများ၊ ဖနောင့် (သို့မဟုတ်) ခြေထောက်တစ်ခုလုံး၌ ရောဂါဖြစ်ပွားနိုင်ပါသည်။

???? ရောဂါကြိုတင်ကာကွယ်၊ ကုသနည်းများ

တတ်နိုင်သမျှ ခြေထောက်များကို လေသလပ်ထားခြင်း၊ အမြင့်သို့ မြှောက်ထားခြင်းနှင့် ရေစိုနေသော ဖိနပ်၊ ခြေအိတ်များကို ခြောက်သွေ့သော ဖိနပ်၊ ခြေအိတ်များနှင့် လဲလှယ်ဝတ်ဆင်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ခြေထောက်စိုနာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါသည်။

ခြေထောက်စိုနာရောဂါကို ကုသနိုင်သော နည်းလမ်းများမှာ နှင်းကိုက်ခြင်း (Frostbite) ကို ကုသသော နည်းလမ်းများနှင့် ဆင်တူပါသည်။ အောက်ပါအဆင့်များကို ဆောင်ရွက်ပါ –

✳️ ခြေထောက်ကို သေချာစွာသန့်ရှင်း၍ အခြောက်ခံပါ။
✳️ သန့်ရှင်း၍ ခြောက်သွေ့သော ခြေအိတ်များကို နေ့စဉ်လဲလှယ်ဝတ်ဆင်ပါ။
✳️ ရောဂါလက္ခဏာခံစားရသော ခြေထောက်နေရာကို ရေနွေးအိပ်ကပ်ခြင်း (သို့မဟုတ်) ရေနွေးနွေး (အပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက်မှ ၁၁၀ ဒီဂရီဖာရင်ဟိုက်အတွင်း) တွင် စိမ်ခြင်းများကို (၅) မိနစ်ခန့် ပြုလုပ်ပေးပါ။
✳️ အိပ်စက်ချိန်၊ အနားယူနေချိန်များတွင် ခြေအိတ်များကို ဝတ်ဆင်မထားရပါ။

✳️ လိုအပ်ပါက နီးစပ်ရာ ကျန်းမာရေးလုပ်သားများထံတွင် စောစီးစွာ ကုသမှုခံယူပါ။

???? ခြေထောက်တွင် အနာများရှိပါက ရောဂါပိုးဝင်ရောက်နိုင်ခြေ ပိုများသောကြောင့် ခြေချောင်းများ၌ ရောဂါပိုးဝင်ခြင်း (သို့မဟုတ်) ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်း ရှိမရှိကို အနည်းဆုံး တစ်နေ့လျှင် တစ်ကြိမ် စစ်ဆေးပေးပါ။

References:
1) https://cdc.gov/disasters/trenchfoot.html
2) https://ncbi.nlm.nih.gov/books/NBK482364/

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.