ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နည်းတွေထဲမှာ နေလောင်ခံဆေး (Sunscreen) သုံးတာလည်း တစ်ခုပါပါတယ်။

အထူးသဖြင့် ပင်လယ်ကမ်းခြေတွေ သွားကြတဲ့အခါ၊ ရေကူးကြ ရေကစားကြတဲ့အခါ ခန္ဓာကိုယ်ကို ဖုံးကာထားတဲ့ အဝတ်တွေက သေးလေတော့ နေလောင်ခံဆေးကို အားထားကြပါတယ်။
.

◾️နေလောင်ခံဆေး (Sunscreen) ဆိုတာ

ခရမ်းလွန်ရောင်ခြည်ကို အလင်းပြန်စေခြင်း (သို့) စုပ်ယူခြင်းဖြင့် အရေပြားကိုရောက်ရှိတဲ့ ပမာဏကို လျော့နည်းအောင် လုပ်ပေးစေနိုင်တဲ့ ပစ္စည်းတွေနဲ့ အရေပြားပေါ်မှာဖုံးထားဖို့ ထုတ်ထားတဲ့ လူးဆေး၊ ဖျန်းဆေးတွေပါ။

(Chemical) ဓာတုနည်းနဲ့ ကာကွယ်ပေးတဲ့ (Organic) ဆေးနဲ့ (Physical) ရူပနည်းနဲ့ ကာကွယ်ပေးတဲ့ (Inorganic) ဆိုပြီး အကာအကွယ်ပေးတဲ့ပစ္စည်း နှစ်မျိုးထဲက တစ်မျိုး သို့မဟုတ် နှစ်မျိုးလုံး ပါရှိတတ်ပါတယ်။

Chemical ဆေးတွေ မျိုးစုံရှိရာမှာ လူတချို့ရဲ့အရေပြားတွေကတော့ တချို့ Chemical တွေနဲ့ ဓာတ်မတည့်တာ၊ ပူစပ်ပူလောင်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့ဆေးတွေကို အရေပြားကစုပ်ယူပြီး သွေးထဲအထိလည်း ရောက်နိုင်ပါတယ်။

Physical ပစ္စည်း (zinc oxide and titanium dioxide) သုံး ဆေးတွေကတော့ အဲဒီလို အရေပြားနဲ့ ဓာတ်မတည့်တဲ့ ပြဿနာမပေးတတ်၊ သွေးထဲထိလည်း မရောက်ပေမယ့် လူးပြီးရင်တော့ အရေပြားပေါ်မှာ အဖြူရောင်အနှစ်တွေကို မြင်နေရနိုင်ပါတယ်။
.

◾️ဘယ်လိုရွေးမလဲ

အချက် သုံးချက်ကို ကြည့်ပါ…

၁။ SUN PROTECTION FACTOR (SPF)

၂။ BROAD SPECTRUM (UVA + UVB)

၃။ WATER RESISTANT
.

၁။ SUN PROTECTION FACTOR (SPF)

Sun Protection Factor (SPF) ဆိုတာကိုတော့ UVB ကို အရေပြားထံမရောက်အောင် ဘယ်လောက်လျှော့ချနိုင်တယ်ဆိုတာကို ဖော်ပြဖို့သုံးပါတယ်။ SPF of 30 ဆိုတာ နေရောင်ထဲရှိ UVB ရဲ့အပုံ ၃၀ မှာ တစ်ပုံကိုပဲ အရေပြားထံရောက်တဲ့အထိ ပေးဖြတ်တယ်လို့ ဆိုတာပါ။ တစ်နည်း နေရောင်ထဲက UVB ၉၇% ကို တားဆီးပေးတယ်လို့ ဆိုနိုင်ပါတယ်။ SPF 50 ဆိုရင် ၉၈% ကိုတားဆီးပါတယ်။ SPF 50 ထက်ပိုများပြီး ဖော်ပြထားရင်တော့ လက်တွေ့မကျတော့ဘူးလို့ ဆိုနိုင်ပါတယ်။

တခြား UV ကာကွယ်နည်းတွေနဲ့ တွဲသုံးရင် SPF 15 နဲ့ အထက်ဆို အကာကွယ်ပေးတယ်လို့ ဆိုကြပေမယ့် ကျန်းမာရေးပညာရှင် အများစုကတော့ SPF 30 နဲ့ အထက်ကို သုံးပါလို့ တိုက်တွန်းပါတယ်။
.

၂။ BROAD SPECTRUM

ခရမ်းလွန်ရောင်ခြည်မှာ အေ၊ ဘီနဲ့ စီ (UVA, UVB, UVC) ဆိုပြီး လှိုင်းအလျားမတူတဲ့ မျိုးကွဲသုံးခုရှိရာ UVC ဆိုတဲ့ အဆိုးဆုံးရောင်ခြည်က လေထုကိုဖောက်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ကို မရောက်သလောက်ပါပဲလို့ ဆိုပါတယ်။

UVB ကလည်း ကမ္ဘာမြေပြင်ကို အနည်းငယ်သာရောက်ပြီး အရေပြားအပေါ်ယံလွှာကိုလည်း မဖောက်နိုင်ပေမယ့် နေရောင်ထိပြီး အတော်ကြာမှ နေလောင်လက္ခဏာပြ၊ အသားညိုခြင်း ဖြစ်စေနိုင်ရုံမက အရေပြားကင်ဆာကို ဖြစ်စေနိုင်စွမ်းလည်း များပါတယ်။

ကမ္ဘာ့မြေမျက်နှာပြင်ကို ရောက်လာတဲ့ ခရမ်းလွန်ရောင်ခြည်ထဲမှာ ၉၅% ရှိတဲ့ UVA က အရေပြားအပေါ်ယံလွှာကို ဖောက်နိုင်သလို အသားအရောင်ကို တစ်ခဏအတွင်း ညိုသွားစေနိုင်ပါတယ်။ ဒီ UVA က အရေပြားသက်တမ်း ရင့်ရော်ခြင်း၊ ရှုံ့တွခြင်းကိုလည်း ဖြစ်စေပေမယ့် ရေရှည်တော့ ဒုက္ခမပေးဘူးလို့ အရင်ကယူဆခဲ့ကြရာကနေ အခုတော့ သူ့ကြောင့် အရေပြားကင်ဆာတွေ ဖြစ်နိုင်ကြောင်း တွေ့ရှိလာပါပြီ။

ဒါကြောင့် ခရမ်းလွန်ရောင်ခြည် အေနဲ့ဘီ နှစ်မျိုးလုံး (UVA and UVB) ကိုကာကွယ်ပေးတဲ့ broad-spectrum sunscreen မျိုးကို ရွေးသင့်ပါတယ်။

တချို့ပစ္စည်းတွေမှာတော့ UVA ကာကွယ်နိုင်စွမ်းကို PA+ ကနေ PA++++ ဆိုပြီး ဖော်ပြပါတယ်။
.

၃၊ WATER RESISTANT

Sunscreen မှာ water resistance လို့ရေးထားရင် ရေကူးခြင်း၊ ချွေးထွက်ခြင်းကြောင့် sunscreen အာနိသင်မလျော့ဘဲ မိနစ် ၄၀ မှ ၈၀ အထိကြာအောင် အကာကွယ်ပေးနိုင်တယ်လို့ ဆိုတာပါ။ ပင်လယ်ကမ်းခြေ သွားကြသူတွေ၊ ရေကူးသူ၊ ချွေးထွက်များသူတွေအတွက်တော့ ပိုကောင်းမှာပါ။

◾️Sunscreen ဘယ်လို လူးကြမလဲ

နေရောင်ထိနိုင်တဲ့ နေရာအားလုံးမှာ ၂ – ၄ နာရီကြာတိုင်း တစ်ခါလူးသင့်ပါတယ်။

အရည် (သို့) ခရင်မ်ကို ညီညီညာညာ နေရာနှံ့သွားအောင် အသာအယာလူးပေးပါ။ ဖိပွတ်ပြီး မလူးရပါ။

ဆေးက အရေပြားအပါ်ယံလွှာမှာ စိမ့်ဝင်နေစေဖို့ အပြင်မထွက်မီ ၁၅ မိနစ်ခန့် ကြိုလူးပါ။ သာမန်လူကြီးတစ်ယောက် တစ်ခါလူးရန် ၃၀ စီစီလောက် လိုနိုင်တယ် ဆိုပါတယ်။ (ရေကူးဝတ်စုံပဲ ဝတ်သူတွေအတွက်ဆိုလိုတာ ထင်ပါတယ်။ သူတို့က တစ်ကိုယ်လုံး လူးရတာကိုး)

ဖျန်းဆေးဆိုရင် အရေပြားမှ တစ်လက်မလောက်ခွာပြီး အရေပြားအရောင် လက်လာသည်အထိ နေရာနှံ့အောင် ဖျန်းပါ။ မပွတ်ရန် ရေးထားသော်လည်း ဆေးသေချာနှံ့စေရန် အသာအယာ ဖြန့်ပေးနိုင်ပါတယ်။
.

❗️ကလေးငယ်များနဲ့ sunscreen

အသက် ၆ လအောက် ကလေးများကို sunscreen မသုံးဘဲ တခြားနည်းများဖြင့် ကာကွယ်ပေးပါ။

အရေပြားနုနယ်သေးတဲ့ အသက် ၆ လအထက် ကလေးများကို physical UV filters (titanium dioxide or zinc oxide) မျိုးသာ လူးပေးသင့်ပါတယ်။ Chemical UV filters များနဲ့ မသင့်တော်ပါ။

Sunscreen တွေ ဘယ်လောက်ကောင်းကောင်း ဆေးကို စနစ်တကျလူးပြီး နေရိပ်ထဲနေခြင်း၊ နေရောင်ကာ အဝတ်၊ နေကာမျက်မှန်၊ ဦးထုပ်၊ ထီး စတဲ့အကာကွယ်များကိုလည်း တွဲပြီးသုံးစွဲမှသာ ခရမ်းလွန်ရောင်ခြည်ရဲ့ဘေးမှ ကင်းဝေးမှာ ဖြစ်ပါတယ်….။

(နေလောင်ခံဆေး နမူနာများကို ဖော်ပြပေးထားပါတယ်)

ကိုးကား (Reference)
https:// wwwnc. cdc. gov /travel/yellowbook/2024/environmental-hazards-risks/sun-exposure#box402

Radiation: Ultraviolet (UV) radiation (who. int)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here