ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း
==============================

(၁) ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရလေ့ရှိပါသလဲ ?

ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ လူနာဟာ…

????နံရိုးအောက် ခါးအနောက်ပိုင်းနဲ့ ဘေးဘက်တွေမှာ စူးပြီးအောင့်မယ်။ ရံဖန်ရံခါ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံတွေအထိ အောင့်တတ်ပါတယ်

????နာကျင်မှုဟာ လှိုင်းလုံးတွေဆင့်လာသလို တဖြေးဖြေးတိုးပြီး နာလာတတ်ပါတယ်

????ဆီးသွားတဲ့အခါမှာ ပူတာ ၊ ကျင်တာ ၊ အောင့်တာ ဖြစ်တတ်သလို…..ဆီး အနီရောင် ၊ အညိုရောင် ၊ ပန်းရောင်တွေ သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်

????ဆီးထဲမှာ အမှုန်တွေပါနေတတ်ပြီး ၊ ဆီးအနံ့ဟာလည်း အနံ့ဆိုးထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်

????မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ၊ တကယ်သွားတဲ့အခါ ဆီးနည်းနည်းဘဲ ထွက်တာမျိုးနဲ့…

????ချမ်းတုန်ဖျားပြီး ပျို့တာ အန်တာမျိုးအထိလည်း ဖြစ်တတ်ပါတယ်

(၂) ဘာကြောင့် ကျောက်ကပ်မှာ ကျောက်တည်ရတာလဲ ?

ကျောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ( ဥပမာ၊ ၊ calcium, oxalate, uric acid ) ခန္ဓာကိုယ်တွင်းများပြားလာပြီး ဆီးမှတဆင့် ကောင်းမွန်စွာမစွန့်ပစ်နိုင်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်ပါတယ်။

အဆိုပါဓာတုပစ္စည်းများကို လွယ်လွယ်နဲ့ ကျောက်မဖြစ်သွားအောင် တားဆီးပေးတဲ့ဓါတ်အချို့ အားနည်းရင်လည်း ကျောက်တည်စေပါတယ်

(၃) ကျောက်ကပ် ကျောက်တည်ခြင်းဟာ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ ?

လူတိုင်း ကျောက်တည်နိုင်တယ်ဆိုပေမယ့် အသက် ၃၀ ၊ ၄၀ အရွယ် အမျိုးသားတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်

အောက်ပါအချက်အလက်တွေဟာ ကျောက်ကပ်ကျောက်တည်တာကို အဖြစ်များစေပါတယ်…

????ရေသောက်နည်းခြင်း
????ကျောက်ဖြစ်စေသော ဓာတုပစ္စည်းပါဝင်သည့် အစားအစာများ စားသုံးမှု များပြားခြင်း
( ဥပမာ ၊ ၊ အသားနီ ၊ ကလီစာ ၊ ပင်လယ်စာ အလွန်အမင်း စားသုံးခြင်း )
????အချိုနှင့် အငန်ဓါတ် လွန်ကဲစွာ စားသုံးခြင်း
????ကျောက်ကပ်ကျောက်တည်သည့် မိသားစုမျိုးရိုးရှိခြင်း
????ဆီးလမ်းကြောင်း ကျဥ်းခြင်း / ပိတ်ခြင်း

ဒါ့အပြင် အချို့ရောဂါတွေဟာလည်း ကျောက်ကပ်ကျောက်တည်ခြင်းကို အားပေးစေပါတယ်…

????သွေးတိုး
????ဆီးချို
????အဝလွန်ခြင်း
????သွေးတွင်း Calcium ဓါတ်မြင့်မားခြင်း
????အရိုးပွရောဂါ
????ဂေါက်ရောဂါ
????ကျောက်ကပ်အရည်အိတ်တည်ခြင်း
????နာတာရှည် ဝမ်းလျောခြင်း
????parathyroid ရောဂါ
????cystic fibrosis ရောဂါ
????Inflamatory bowel disease
????အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဖြတ်တောက်ထားသောလူနာများ

အချို့သောဆေးဝါးများဟာလည်း ကျောက်ကပ်ကို ကျောက်တည်စေနိုင်ပါတယ်

????ဆီးဆေးများ (ဥပမာ၊ ၊ furosemide)
????Calcium အားဖြည့်ဆေးများ
????Vitamin C အားဖြည့်ဆေး
????ဝမ်းပျော့ဆေးများ
????HIVလူနာများတွင် အသုံးပြုသောCrivixan®
????ဝက်ရူးပြန်နှင့် အတက်ရောဂါတွင် အသုံးပြုသော Topamax® နှင့် Dilatin®
????ပိုးသတ်ဆေးများ Ciprofloxacin & Ceftriaxone

(၄) ကျောက်ကပ်မှာ ကျောက်တည်ဖို့ အချိန်ဘယ်လောက်ကြာသလဲ ?

နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ကျောက်ကပ်ထဲမှာ ကျောက်ရှိနေပြီဆိုရင်လည်း ဘာဝေဒနာမှ မခံစားရပါဘူး။ အဲ့ကျောက်ဟာ ကျောက်ကပ်ကနေ ပြုတ်ထွက်တော့မယ်ဆိုမှ နာကျင်မှုကို ခံစားရတာဖြစ်ပါတယ်။

( ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်လိုပါဘဲ )

(၅) ကျောက် ပြုတ်ထွက်ကျဖို့ အချိန်ဘယ်လောက်ကြာသလဲ ?

အရွယ်အစားပေါ်မူတည်ပါတယ်။ 4mm ထက်သေးတဲ့ကျောက်တွေဟာ ကျောက်ကပ်ကနေ အပြင်အထိထွက်ကျဖို့ တစ်ပတ်၊ နှစ်ပတ်လောက်သာ ကြာမြင့်တတ်ပြီး ၊ 4mmထက်ကြီးတဲ့ကျောက်တွေကတော့ သုံးပတ်လောက်အထိ ကြာမြင့်တတ်ပါတယ်

အသက်ကြီးပြီး ဆီးကျိတ်ကြီးနေတဲ့အမျိုးသားတွေမှာတော့ ( ဆီးကျိတ်ဟာ ဆီးလမ်းကြောင်းကို ဖိမိနေတာကြောင့် ) ကျောက်ထွက်ကျဖို့ အချိန်ပိုကြာမြင့်တတ်ပါတယ်

(၆) ကျောက်ကပ်ကျောက်တည်ခြင်းကို ဘယ်လိုကုသလို့ ရပါသလဲ ?

အရွယ်အစားသေးငယ်တဲ့ကျောက်တွေအတွက် အဓိကက ရေများများသောက်ပါ။ တစ်ရက်ကို ရေ ၂လီတာမှ ၃လီတာခွဲအထိ သောက်ပါ

နာကျင်မှုလျော့ကျစေဖို့အတွက်တော့ ဆရာဝန်က သင့်တော်တဲ့အကိုက်အခဲပျောက်ဆေး ပေးပါလိမ့်မယ်။ ကျောက်မြန်မြန်ကျဖို့အတွက် ဆီးလမ်းကြောင်း ပျော့ပျောင်းစေမယ့် Alpha Blockerလိုဆေးမျိုးလည်း ညွှန်ကြားနိုင်ပါတယ်

အရွယ်အစားကြီးမားပြီး သူ့အလိုလိုပြုတ်ကျဖို့ခဲယဥ်းနေတဲ့ကျောက်တွေအတွက်ကတော့

????အသံလှိုင်းနဲ့ ကျောက်ခြေနည်း ( ESWL )
????အရေပြားမှာ အပေါက်လေးဖောက်ပြီး ခွဲစိတ်ကုသနည်း ( Percutaneous Nephrolithotomy )
????ဆီးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းထည့်၍ ခွဲစိတ်ကုသနည်း ( Ureteroscope ) စတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်

Parathyroidရောဂါကြောင့် ကျောက်တည်တဲ့လူနာတွေမှာတော့ လည်ပင်းနားက parathyroid အကျိတ်ကို ခွဲစိတ်ကုသဖို့အထိလည်း လိုအပ်နိုင်ပါတယ်။

(၇) ကျောက်မတည်အောင် ဘယ်လိုကာကွယ်ရမလဲ ?

ခုနကပြောခဲ့သလို ရေများများသောက်ပါ။ တစ်နေ့ကို 2 L အနည်းဆုံးသောက်ပါ (ရေသန့်ဘူး ၂ဘူးစာ ) မိမိရဲ့ဆီးဟာ ဖွေးပြီးကြည်နေရင် သင့်မှာ ကျောက်တည်ဖို့အခွင့်အလမ်း နည်းပါလိမ့်မယ်

အသားနီဓါတ် ၊ ဆား နဲ့ oxalateပါဝင်သော အစားအစာများကို လျော့စားပါ။

Calciumပါဝင်သောအစားအသောက်များကိုတော့ ပုံမှန်အတိုင်း စားသုံးနိုင်ပါတယ်။ အစားအစာထဲမှာပါဝင်တဲ့ ကယ်လစီယမ်ထက် ၊ Calciumအားဆေးတွေ သောက်သုံးခြင်းက ပိုမို၍ ကျောက်ဖြစ်စေကြောင်း တွေ့ရှိထားရပါတယ်။ ဒါ့ကြောင့် မလိုအပ်ဘဲ အားဆေးတွေ မသောက်သင့်ပါဘူး

Citrateပါဝင်တဲ့ အသီးဖျော်ရည်များ ( ဥပမာ၊ ၊ သံပုရာသီး ၊ လိမ္မော်သီး ၊ ရှောက်သီး ၊ သံပုရိုသီး ၊ ဖရဲသီး ) စတဲ့ဖျော်ရည်များသောက်သုံးခြင်းဟာ ကျောက်ကပ်ကျောက်တည်နှုန်းကို လျော့ကျစေပါတယ်

ကော်ဖီသောက်သုံးခြင်းကလည်း ကျောက်တည်ဖို့အခွင့်အလမ်းနည်းစေကြောင်း တွေ့ရှိထားရပါတယ်

(၈) သောက်ဆေးနဲ့ရော ကျောက်မဖြစ်အောင် ကာကွယ်လို့ရပါသလား ?

ခွဲစိတ်ကုသပြီး ရရှိလာတဲ့ကျောက်ကို ဓါတ်ခွဲကြည့်တဲ့အခါ ၊ သင့်ရဲ့ကျောက်ဟာ…

????Calcium Stoneဖြစ်နေမယ်ဆိုရင် ဆရာဝန်က သင့်ကို Thiazideအမျိုးအစားဆီးဆေး (သို့) phosphateပါဝင်သော ဆေးတစ်မျိုးမျိုးညွှန်ကြားပါလိမ့်မယ်

????Uric Acid Stoneဖြစ်နေမယ်ဆိုရင်တော့ allopurinolလိုဆေးမျိုးကို ညွှန်ကြားပါလိမ့်မယ်

????Struvite Stoneဆိုရင်တော့ သင့်ရဲ့ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးမွှားတွေကင်းစင်နေအောင် ပိုးသတ်ဆေးတစ်မျိုးမျိုး သောက်ရမှာပါ

????Cystine Stoneအတွက်ဆိုရင် သင့်ဆီးထဲမှာရှိတဲ့ cystineဓါတ် ပျော်ဝင်နှုန်းနည်းစေမယ့် ဆေးတစ်မျိုးမျိုး ညွှန်ကြားပါလိမ့်မယ်

***အထက်မှာပြောခဲ့တဲ့ဆေးတွေဟာ မိမိရဲ့ကျောက်ကို စနစ်တကျ လေ့လာစမ်းသပ်ပြီးမှ ဆရာဝန်က ညွှန်ကြားရတာမို့ ၊ မိမိသဘောဖြင့် မသောက်ရပါ***

ဒီလောက်ဆိုရင်တော့ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ပတ်သတ်ပြီး ကျန်းမာရေးဗဟုသုတအချို့ ရရှိမယ်လို့ မျှော်လင့်ပါတယ်

ပြည်သူများ ကျောက်ကပ်ကျောက်တည်ခြင်းမှကင်းဝေးကြပါစေ….

Credits: References from Mayo and Cleveland Clinic website

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်
https://m.me/telehealthmm )

Ministry of Health,

National Unity Government.