“ ယနေ့ခေတ်ရဲ့ ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး”

ဒီခေတ်မှာ ဖုန်းတွေ၊ ကွန်ပြူတာတွေ ပိုအသုံးများလာတာဟာ ခေတ်ရေစီးကြောင်းဖြစ်သလို work from home, clicker, gamer တွေကလည်း လက်ရှိ အနေအထားအရ ဖုန်းတွေ၊ ကွန်ပြူတာတွေကို အရင်ကထက် ပိုပြီး သုံးလာဖြစ်ပါတယ်။ အဲလို ဖုန်းတွေ ကွန်ပြူတာတွေ အသုံးများလာရင် ဖြစ်တတ် ခံစားရတတ်တဲ့ လက္ခဏာလေးတွေနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ပညာပေးဝေမျှလိုပါတယ်။

ဖုန်းတွေ ကွန်ပြူတာတွေအသုံးများလာတာကြောင့် အသက်တအားမကြီးသေးပေမယ့် wear and tear အရ လည်ပင်းအရိုး/ ခါးအရိုး အတက်ထွက်တဲ့ရောဂါတွေ ( cervical or lumbar spondylosis )ပိုပြီး ပေါများလာပါတယ်။ အရင်ကတော့ အသက်ကြီးတဲ့သူတွေမှာ တွေ့ရတာများပေမယ့် ခုတော့ လူငယ်တွေမှာပါ အဖြစ်များလာပါတယ်။

????ဘယ်လိုတွေ ခံစားရတတ်ပါသလဲဆိုတော့ ....

⇒ လည်ပင်းမှာ cervical spondylosisဖြစ်လာရင် မူးမယ် ဇက်ကျောတက်မယ် ၊ ကျောရိုးမှာပါဖြစ်ရင် ရင်ဘတ်အောင့်မယ်။ တချို့ကလည်း နှလုံးရောဂါဖြစ်တာလားဆိုပြီး စိုးရိမ်ကြသလို၊ အမျိုးသမီးတွေဆိုလည်း ရင်သားကင်ဆာလားဆိုပြီး ကြောက်စိတ်၀င်ကြပါတယ်။ ဒါပေမယ့် နာပုံနာနည်းက ကြွက်သားတွေ လေးလေးကြီးဖြစ်၊ ဇက်တွေပခုံးတွေ လေးလေးကြီးဖြစ်ပြီးတင်းနေ ၊ သစ်သားပြားကြီး ကပ်ထားသလိုပဲ တစ်ခါတလေ ပူခနဲ ရှိန်းခနဲ၊ တစ်ချက်တစ်ချက် တစစ်စစ် ကိုက်/နာ ဒါမျိုး ခံစားရတတ်ပါတယ်။ တချို့ဆို နာတဲ့နေရာမှာ ကြွက်သားရောင်နေတာကို အလုံးစမ်းမိတယ်လို့လဲ ထင်တတ်ကြပါတယ်။ အရမ်းဆိုးရင် အရိုးအတက်က အာရုံကြောကို ထောက်မိရင် လက်ကျင်တာအထိပါ ဖြစ်တတ်ပါတယ်။ ဂရုမစိုက်ရင် တကိုယ်လုံး ခြေရောလက်ရော မလှုပ်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။


⇒ နောက်ပြီး ခါးမှာ lumbar spondylosisဖြစ်ရင် ဗိုက်အောင့်မယ်၊ ခါးနာ၊ ကျောနာမယ် ခြေထောက်တွေ လေးမယ် ကျင်မယ် အရမ်းဆိုးရင် လမ်းလျှောက်လို့ မရတော့တဲ့အထိဖြစ်ပြီး အောက်ပိုင်းသေသွားနိုင်ပါတယ်။ နာပုံနာနည်းကတော့ အပေါ်ကအတိုင်းပါပဲ။ ကြွက်သားတွေ လေးလေးကြီးဖြစ်၊ ခါးတွေလေးလေးကြီးဖြစ်၊ ဗိုက်/ခါး တင်းနေ သစ်သားပြားကြီး ကပ်ထားသလိုပဲ၊ တခါတခါ ပူခနဲ ရှိန်းကနဲ၊ တစ်ချက်တစ်ချက် တစစ်စစ် ကိုက်/နာ ဒါမျိုး ခံစားရတတ်ပါတယ်။ တချို့ဆို ခွဲစိတ်ထားတဲ့ ဒဏ်ရာရှိရင်အဲ့နေရာက နာတတ်ပါတယ်။
ဘာလို့ အရိုးအတက်ထွက်တာလဲဆိုတော့….
အသက်ကြီးရင်/အသုံးများရင် ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အသက်ကြီးရင်တော့ အသုံးများတာ သေချာတာပေါ့နော်။ ခုခေတ်ကတော့ ငယ်ပေမယ့် ဖုန်းတွေ ကွန်ပြူတာတွေအသုံးများလို့ လည်ပင်းရိုးနဲ့ ကျောရိုးကိုအသုံးများတာပါ။ ဒါဆို မသုံးရဘူးလားဆိုတော့ မဟုတ်ပါဘူး။ screentime က ကလေးတွေကအစ online teachingပဲ ဖြစ်ဖြစ် ကျောင်းတက်ရင်ပဲ ဖြစ်ဖြစ် screentime က လျော့လို့မရပါဘူး။ ဒါဆို ကျန်းမာရေးနဲ့အညီ ဒီ အရိုးအဆစ်တွေ အထိအခိုက်နည်းအောင် သုံးတတ်ဖို့ လိုပါမယ်။

????ဘယ်လို ကာကွယ်ပြင်ဆင်ကြမလဲ
(၁) လည်ပင်းအရိုးနဲ့ ခါးအရိုးက ခွက်နေတာပါ။ အကော့ပုံစံပါ။ အဲတာကို ခုံးအောင် မလုပ်ရပါဘူး။ လုပ်ရင် ကြွက်သားတွေ အလုပ်ပိုလုပ်ရပါတယ် ( strain ပိုများ/ relax မဖြစ်ပါဘူး)။ အဲ့အခါ ကြွက်သားကစနာပါပြီ။ အရိုးအဆစ်ကလည်း သူ့ပုံမှန် အခွက်( curvature) မဟုတ်တဲ့အတွက် အလုပ်ပိုလုပ်ရပါတယ်။ ဆိုလိုရင်းကဖုန်းတွေ ကွန်ပြူတာတွေကို ငုံ့မကြည့်ရပါဘူး။ မျက်လုံးနဲ့တစ်တန်းတည်းထားပြီး ကြည့်ရပါမယ်။ ကြွက်သား သက်တောင့်သက်သာရှိဖို့အတွက် keyboard နဲ့ လက်အနေအထားကလည်း ပုံထဲကအတိုင်းဆို သင့်တော်ပါတယ်။ တဆက်တည်းမျက်လုံးအတွက်ပါပြောရရင် screenနဲ့မျက်စိ လက်တကမ်းတော့ကွာသင့်ပါတယ်။ Blueray protection lensတွေ တပ်လိုကလည်း တပ်နိုင်ပါတယ်။


(၂) နာရီ၀က်တစ်နာရီလောက်အာရုံစူးစိုက်ပြီးသွားရင် ၅မိနစ်လောက် မျက်စိအနားပေးပါ။ ထိုင်တာလည်း တစ်နာရီလောက်ကြာလာရင် ၅မိနစ်လောက် ခြေဆန့်လက်ဆန့် (သို့) လမ်းလျှောက်ပေးပါ။ အထိုင်များတဲ့သူတွေအဖို့ ဒါကအလွန်အရေးကြီးပါတယ်။ တစ်နာရီထိုင်ပြီးရင် ၅မိနစ်လောက်လမ်းလျှောက်ပေးပါ။ လူတယောက်ဟာ အနေအထားတခုတည်းမှာ တစ်နာရီထက်ကြာအောင်နေရင် ကြွက်သားတွေ နာလာတတ်ပါတယ်။ ဒါကြောင့် ပုံစံပြောင်းပေးဖို့ လိုပါမယ်။


(၃) ခေါင်းအုံးပါးပါးအုံးပါ။ ပက်လက်ကုလားထိုင် မထိုင်သင့်ပါ။ အလေးအပင်မရင် ခါးကို တည့်မတ်ပြီးမှ မပါ။ ခါးကုန်းပြီး မမယ့်အစား ဒူးကွေးပြီး မပါ။


(၄) လေ့ကျင့်ခန်း နေ့စဉ်လုပ်ဖို့ လိုပါမယ်။ အရေးကြီးပါတယ်။ ပိုက်ဆံမကုန်တဲ့နည်းပါ။ လေ့ကျင့်ခန်းများကို အောက်က ‌လင့်မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။ https://m.facebook.com/story.php?story_fbid=140111868398609&id=102788082130988


(၅) တအားနာတဲ့လူနာတွေမှာတော့ ဆေးဝါးနဲ့ပါကူဖို့ လိုအပ်ပါတယ်။ အာရုံကြောအားဆေး၊ ကြွက်သားအနာသက်သာဆေး အစရှိသဖြင့် လိုအပ်ပါတယ်။ ဒီခေတ်မှာ ရင်သားနာ/ ရင်ဘတ်အောင့်/ ကျောအောင့်လူနာ အတော်များများက ခုလိုအရိုးအတက်ထွက်ရောဂါကြောင့် ဖြစ်တာ များလာနေသလို တစ်ဘက်မှာလဲ အရေးကြီးတဲ့ရောဂါတွေ မလွတ်ဖို့ လိုပါတယ်။ တချို့ကလည်း မျက်စိပါ၀ါတိုးလို့ သို့ သားငယ်အိမ်စောင်းလို့ဖြစ်တာပါ။ ဒါကြောင့် ဖြစ်လာရင်တော့ ဆရာ၀န်နဲ့တိုင်ပင်ပြီး အရေးကြီးတဲ့ရောဂါ ဟုတ်မဟုတ် သေချာလုပ်ပါ။ ပြီးရင်တော့ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း ဂရုစိုက် နေထိုင်ပါ။ မဖြစ်သေးတဲ့သူတွေကလည်း အပေါ်ကအတိုင်း ကျန်းမာရေးနဲ့အညီ ဖုန်းတွေ ကွန်ပြူတာတွေကို အသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.