လျစ်လျူပြု ဆက်ဆံခြင်း (သို့) ဆက်ဆံရေး တစ်ဖက်သတ် ရပ်တန့်ခြင်း (Silent treatment)

အကယ်၍ သင်ဟာ တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုခွင့် မရတဲ့အခြေအနေမျိုး၊ သင့်ကို တစ်ဖက်က အသိအမှတ်မပြုတဲ့ အခြေအနေမျိုးတွေ ကြုံဖူးတယ်ဆိုရင် လျစ်လျူပြု ဆက်ဆံခြင်း/ ဆက်ဆံရေး တစ်ဖက်သတ်ရပ်တန့်ခြင်း (Silent treatment) ကို တွေ့ကြုံခံစားဖူးတယ်လို့ ဆိုရပါမယ်။ တစ်ချိန်ချိန်က သင်ကိုယ်တိုင်လည်း တခြားသူကို Silent treatment လုပ်ခဲ့ဖူးလောက်ပါတယ်။

ဒီလို Silent treatment ဟာ ချစ်သူရည်းစားဆက်ဆံရေးမှာသာမက မိဘနဲ့ သားသမီးကြား၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြား စတဲ့ မည်သည့်ဆက်ဆံရေးမျိုးမှာမဆို ဖြစ်နိုင်ပါတယ်။

တစ်ခါတလေ လူတစ်ဦးဟာ ဒေါသထွက်တဲ့အခါ၊ စိတ်ပျက်အားငယ်တဲ့အခါ၊ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အခါ ဒါမှမဟုတ် အလွန်အမင်း စိတ်ထိခိုက်ရတဲ့အခြေအနေနဲ့ ကြုံတွေ့ရတဲ့အခါ ခဏတာတုံ့ပြန်မှုအနေနဲ့ Silent treatment လုပ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေကို ကျော်လွန်သွားတဲ့အခါမှာတော့ ဆက်ဆံရေးကြားက တိတ်ဆိတ်မှုတွေလည်း မရှိတတ်တော့ပါဘူး။

ဒါပေမယ့် Silent treatment ဟာ တစ်ပါးသူကိုထိန်းချုပ်တဲ့ပုံစံ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုတဲ့ပုံစံတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုလုပ်ရပ်မျိုးကို အနိုင်ယူတဲ့ပုံစံနဲ့ ပုံမှန်ပြုလုပ်နေတဲ့အခါ တဖက်သူမှာ ငြင်းပယ်ခံရတာ၊ ဖယ်ထုတ်ခြင်းခံရတာမျိုး ခံစားရစေနိုင်ပါတယ်။

ဒီလိုဆက်ဆံခံရသူအတွက်တော့ ကိုယ့်ကိုယ်ကိုယ်ခံစားရတဲ့ တန်ဖိုးထားမှုအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိနိုင်သလို မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသလိုလည်း ခံစားရစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ Silent treatment ကို အဆုံးထိခံနေရမယ်ဆိုရင် လုံးဝဝိုင်းကြဉ်ထားသလို ခံစားရနိုင်ပါတယ်။

ဒီအခါ Silent treatment ခံစားရတဲ့သူတွေဟာ ဒီလိုဆက်ဆံရေးပုံစံနဲ့ ဆက်နေထိုင်ဖို့ ခက်ခဲတာကြောင့် အရင်အခြေအနေပြန်ရဖို့ ရနိုင်တဲ့နည်းလမ်းတွေအကုန်လုပ်ကြည့်တဲ့အခါ ရံဖန်ရံခါ အခြေအနေတွေကို ပိုဆိုးစေပြီး ဒီလိုဖြစ်နေတာဟာ သံသရာလည်နေတတ်ပါတယ်။

ဒါကြောင့် Silent treatment ကို အကောင်းဆုံး ဘယ်လို တုံ့ပြန်ဖြေရှင်းသင့်သလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

.

(၁) တစ်ဖက်လူကို အဓိကထားပြီး နူးညံ့သိမ်မွေ့တဲ့ ချဉ်းကပ်နည်းကို သုံးပါ။

တစ်ဖက်လူက ဒီလိုပုံစံမျိုး အမြဲလိုပြုလုပ်နေတာမဟုတ်ဘူးဆိုရင် နူးညံ့သိမ်မွေ့တဲ့ချဉ်းကပ်နည်းဟာ စကားစတင်ပြောဆိုဖို့ ကောင်းမွန်တဲ့နည်းလမ်း ဖြစ်နိုင်ပါတယ်။ သူတို့ အဆက်အသွယ်မလုပ်ဘဲနေတာ သတိထားမိကြောင်းနဲ့ အကြောင်းအရင်းကိုသိလိုကြောင်း အေးအေးဆေးဆေး ပြောပြပါ။ ပြဿနာကို ဖြေရှင်းလိုကြောင်း ဖော်ပြပါ။ တစ်ဖက်လူက Silent treatment လုပ်တာဟာ သင့်အပြစ်မဟုတ်ပေမယ့် သင်က အမှားတစ်ခုခုကို လုပ်ထားမိတယ်ဆိုရင်တော့ သူ့ကိုတောင်းပန်ဖို့ လိုပါမယ်။ သူတို့အနေနဲ့ ချက်ချင်းလက်ခံနိုင်ပုံမပေါ်ရင်လည်း တစ်ယောက်တည်း အချိန်အနည်းငယ်လိုအပ်နိုင်တာကို နားလည်ကြောင်း ပြောပြပြီး အတူတူအချိန်တစ်ခုယူပြီး ပြဿနာကို ဖြေရှင်းလိုကြောင်း ပြောပြပါ။

.

(၂) ဒါမှမဟုတ် မိမိကိုယ်ကို အဓိကထား ဦးစားပေးပြောဆိုကြည့်ပါ။

ဒီလိုဆက်ဆံခြင်းက သင့်ကို နာကျင်ထိခိုက်စေပြီး အထီးကျန်မှုကို ခံစားရစေကြောင်း၊ ဆက်ဆံရေးတစ်ခုမှာ ဒီလိုမျိုး ဖြစ်ချင်တာမဟုတ်ကြောင်း ပြောပြပါ။ ဒီလိုလုပ်ရုံနဲ့ ပြဿနာတွေကို ဖြေရှင်းလို့မရကြောင်း ရှင်းပြပါ။ ပြဿနာတွေအကြောင်းကို သေချာရှင်းပြပြီး ဒီလိုအပြုအမူတွေက ဆက်ဆံရေးပျက်ပြားစေနိုင်တယ်ဆိုတာကို ရှင်းပြပြောဆိုပါ။

.

(၃) ခံစားရတာတွေ ပြီးဆုံးသွားသည်အထိ လျစ်လျူရှုကြည့်ပါ။

Silent treatment ဟာ အမြဲလို နာကျင်ထိခိုက်ခံစားနေဖို့တော့ မဟုတ်ပါဘူး။ လျစ်လျူရှုထားပြီး ကျော်ဖြတ်နိုင် (Move on) အောင် လုပ်ကြည့်ပါ။ တစ်ခါတလေ သင့်ဆီက လိုချင်တာရှိလို့၊ သင့်ဘက်က စတင်ပြန်ခေါ်တာမျိုး လိုချင်တာကြောင့်ဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်နေမယ့်အစား လုပ်စရာရှိတာ လုပ်နေသင့်ပါတယ်။ ဒါက ပြောရတာပိုလွယ်ပေမယ့် အပြင်ထွက်လည်တာ၊ စာဖတ်တာမျိုးနဲ့ အာရုံပြောင်းအောင် ကြိုးစားသင့်ပါတယ်။

.

(၄) ပြဿနာဖြေရှင်းဖို့ နည်းလမ်းတွေကို ကမ်းလှမ်းပြောဆိုပါ။

အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့၊ စည်းမျဉ်းအချို့ထားဖို့ မျက်နှာချင်းဆိုင် တွေ့ဆုံပြောဆိုသင့်ပါတယ်။ အဆင်မပြေတဲ့အခါမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုစကားပြောဆိုဆက်ဆံကြမလဲဆိုတာနဲ့ Silent treatment ကို ဘယ်လိုရှောင်ရှားကြမယ်ဆိုတာမျိုး ဆွေးနွေးထားသင့်ပါတယ်။

.

(၅) မိမိကိုယ်ကို အားပေးထောက်ခံပါ

စိတ်ပိုင်းဆိုင်ရာအလွဲသုံးစားမှုတွေ များလာတဲ့အခါ၊ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး မရှိနိုင်တော့ပါဘူး။ ဆက်ဆံရေးဟာ ပြန်အဆင်ပြေထိုက်တယ်လို့ သေချာရင်တော့ သင်လက်ခံနိုင်တဲ့ အပြုအမူနဲ့ ဘယ်လိုဆက်ဆံဖို့မျှော်လင့်ထားကြောင်း ပြောပြပြီး ဆက်ဆံရေးနယ်နိမိတ်တွေ (Boundaries) သတ်မှတ်ပါ။ ဆက်ဆံရေးပြဿနာတွေအတွက် တစ်ဦးချင်း သို့မဟုတ် နှစ်ယောက်အတူ Counselling (ကျွမ်းကျင်ပညာရှင်ထံတွင် ပြဿနာကို ဖွင့်ဟပြောဆို၍ သင့်လျော်သောနည်းလမ်းကို ရှာ‌ဖွေခြင်း) ရယူပါ။ သတ်မှတ်ထားတဲ့ Boundaries ကိုကျော်တဲ့အခါ ဖြစ်လာနိုင်တာကို အတိအကျပြောဆိုထားပါ။ တကယ်လို့ တစ်ဖက်လူက ပြောင်းလဲလာမယ်လို့ မျှော်လင့်ချက်မရှိရင်တော့ ဆက်ဆံရေးကို စွန့်ခွာဖို့ စဉ်းစားသင့်ပါတယ်။

????Silent treatment နဲ့ ကြုံတဲ့အခါ ဘယ်လိုတွေ မလုပ်သင့်ဘူးလဲ

ဒေါသနဲ့တုံ့ပြန်တာ၊ Silent treatment လုပ်နေတဲ့ အပြုအမူကို အားပေးသလိုဖြစ်သွားစေတဲ့ တောင်းပန်တာ၊ ဒီအခြေအနေကို အဆုံးသတ်ဖို့ ဘာအမှားမှ မလုပ်ခဲ့ဘဲ တောင်းပန်တာ၊ တခြားသူရဲ့ ကိုယ့်အပေါ်ဆက်ဆံပုံဟာ ထိန်းချုပ်ဖို့မဖြစ်နိုင်တာကြောင့် တအားခံစားတာ၊ ဆက်ဆံရေးကို အဆုံးသတ်ဖို့ အဆင်သင့်မဖြစ်သေးဘဲ အဆုံးသတ်ဖို့ ပြောဆိုတာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

Reference: ????

https: // www . healthline . com /health/silent-treatment

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here