“ရှောင်မလွှဲနိုင်တဲ့၊ တစ်ချိန်ချိန်မှာ ကြုံလာနိုင်ခြေရှိတဲ့ သဘာ၀တရားကြီးနဲ့ ကြုံလာတဲ့အခါ ကိုယ့်အတွက် အန္တရာယ်ဆိုးကျိုးတွေ မဖြစ်စေဖို့နဲ့ နောင်တရတာတွေ၊ ပူပန်ရတာတွေ မရှိစေဖို့ ဘယ်လိုပြင်ဆင် ကာကွယ်ကြမလဲ”

ခေါင်းစဉ်ကြည့်ပြီး ဘာပါလိမ့်ပေါ့။ သဘာ၀တရားတဲ့။ ရေကြီးတာလား၊‌ မြေပြိုတာလား။ ငလျင်လှုပ်တာလား။ ဘာလားညာလား မထင်ပါနဲ့။ တို့ပြောမှာ အဲဒီထက်နက်နဲတယ် (အယ်လယ်)။ သိုင်းလောက အရှုပ်တော်ပုံတော့ မဟုတ်ဘူး။ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး။

ဟင်… ပိုဆိုးသွားပြီ။ ဘာလဲဟ။ တို့ရဲ့ မီယမ်မာနိုင်ငံမှာ လိင်ဆိုတဲ့အကြောင်း ကြားတာနဲ့ “ အို.. မကြား၀ံ့ မနာသာ ဘာတွေလဲ။ ပြောစရာလား၊ မရှက်ဘူးလား” အဲဒီလို အလွဲအမှားများနဲ့ စကြုံပါလေရော။ ဘာမတောင် မပြောရသေးဘူး ဟုတ်တယ်မို့လား။ အမှန်တော့ လိုအပ်တယ်နော်။ ဆက်ဖတ်ပေးနော်။ 

တကယ်က တိုးတက်တဲ့နိုင်ငံတိုင်းမှာ အရွယ်ရောက် လာတဲ့ လူသားတိုင်းကို လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးအသိပညာတွေကို ကျောင်းတွေကဖြစ်စေ၊ မိဘမောင်နှမတွေ ကိုယ်တိုင်ကဖြစ်စေ ပြောပြကြတယ်။ တကယ်ကို လိုအပ်တဲ့အရာပေါ့။

တကယ်က မရှောင်လွှဲနိုင်ကြလို့ပဲ ကမ္ဘာ့လူဦးရေတွေ တစ်နေ့တခြား တိုးပွားနေတာ မဟုတ်လား။ အလွဲများနှင့်တိုင်းပြည်ကတော့ သိတဲ့အတိုင်းပေါ့။ ဆက်မလွဲကြရအောင်တော့ လိုအပ်နေပြီမို့လား။ ရှေ့မှာပြောသလို မလွန်ဆန်နိုင်တဲ့ သဘာ၀တရားလေ။ အသက်ရှင်နေကြတဲ့ သက်ရှိသတ္တ၀ါတိုင်းဟာ မျိုးဆက်ပွားနေကြတယ်။ အဲဒါကြောင့်ပဲ အဲဒီသတ္တဝါတွေဟာ ကမ္ဘာပေါ်မှာ ဆက်လက်တည်ရှိနေကြတာ မဟုတ်ပါလား။ အဲဒီတော့ အာဒံ အေး၀ ကစလို့ လူသားတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အချစ်နယ်ကျွံကြတယ်။ 

အို…  တို့ကတော့ တစ်သက်လုံး သေသည်အထိ အပျိုကြီး၊ လူပျိုကြီးလုပ်မှာ။ ယင်ဖို ယင်မတောင် အသန်းမခံပါဘူးဆိုတဲ့ မမတို့ ကိုကိုတို့ကတော့ ဒီစာကို ကျော်ရင် ကျော်သွား‌ပေါ့လေ။ ကိုယ့်ရဲ့ ပုန်း၀ှက်ထားတဲ့ နှလုံးသားလေးကို လှုပ်နိုင်တဲ့သူလေး ပေါ်လာပြီတို့၊ စိတ်ပြောင်းသွားလို့ ကြုံလာနိုင်ခြေ ရှိလာတာတို့ဆိုရင် ပြန်လာဖတ်နော်။ ကိုယ့်အတွက်မဟုတ်တောင် ကြီးလာမယ့် ကိုယ့်တူ တူမလေးတွေတော့ သိထားလည်း ကောင်းတာပေါ့။ ဆရာကြီးလုပ်လို့ ရတာပေါ့။

ကဲ … ဆက်ရအောင်။

ယနေ့ခေတ် တိုးတက်ပွင့်လင်း မြင်သာလာတဲ့ခေတ်မှာ ချစ်သူအချင်းချင်း အတူနေဖို့ (living together) ဆုံးဖြတ်ကြတာဟာ မဆန်းကြတော့ဘူး။ မိဘတွေ သူငယ်ချင်းတွေကိုသာ မပြောမတိုင်ပင်ရင် မတိုင်ပင်ဖြစ်မယ်။ သိတဲ့အတိုင်း မီယမ်မာနိုင်ငံကိုး။ ဒါပေမယ့် ချစ်သူနှစ်ဦးကြား ပိုပြီးအတွင်းကျကျ ပတ်သက်တော့မယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ သိကိုသိထားရမယ့် အကြောင်းအရာတွေ ရှိတယ်။ ဘယ်လိုဆို ဘာဖြစ်လာနိုင်တယ်၊ ဘယ်လိုကာကွယ်လို့ရတယ် စသဖြင့်ပေါ့။

နောင်တဆိုတာတွေက နောင်မှရတတ်စမြဲ မဟုတ်လား။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ်။ ဒါကြောင့် ကာကွယ်ဆေးတွေ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေဆိုတာ ရှိနေတာပေါ့။ အသက်ရှူလမ်းကြောင်းက ကူးစက်တဲ့ ကိုဗစ် ပိုးကိုတောာင် ကာကွယ်ဖို့ လုပ်ကြရတာပဲ။ သေချာ လိုက်နာပြီး ကာကွယ်နိုင်ခဲ့ကြတာပဲ။ အသက်မရှူလို့တော့ မရဘူးလေနော်။ အဲဒီတော့ ပွင့်လင်းလာတဲ့ ခေတ်မှာ ချစ်သူတွေကြား လိင်ပိုင်းဆိုင်ရာ ပွင့်လင်းမှုလည်း ရှိသင့်တယ်။ အဲဒါတွေ အသေးစိတ်ဆက်ရရင် ရှည်ကုန်‌ရော့မယ်။ လိုရင်းကို ဆက်သွားကြပါစို့။

ခုနကပြောတဲ့ အတွင်းကျကျပတ်သက်မှု ဖြစ်ပွားတော့မယ် ဆိုပါတော့။ ချစ်တင်းနှောဖြစ်တော့မယ်ဆိုရင်တော့ ရုတ်တရက် အမူးလွန်သွားလို့တို့၊ အချစ်စိတ် ငယ်ထိပ်ရောက်သွားလို့ ဆိုတာတွေထက် နောက်ဆက်တွဲတွေ မဖြစ်အောင်၊ နောင်တတွေ မရရအောင် ကြိုတင်ကာကွယ်ရမယ်ပေါ့။ လူဆိုတာ အကျိုးအကြောင်း အဆိုးအကောင်းကို ဦးနှောက်နဲ့ ထိန်းချုပ်နိုင်လို့ တခြားမျိုးစိတ်တွေထက် သာနေတာ မဟုတ်ပါလား။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီး လူမျိုးစိတ်ထဲ ပါ၀င်နေပေမယ့် အမှားအမှန် မခွဲနိုင်တဲ့၊ လူစိတ်မရှိတဲ့ အုပ်စုတွေကိုကတော့ လျစ်လျူရှု၊ မပတ်သက်နဲ့ပေါ့။

အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဖြစ်သွားပြီဆိုတာနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုရင် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ အိတ်အိုင်ဗွီ (HIV) ပိုး၊ အသည်း‌ရောင်အသား၀ါ ဘီနဲ့ စီ၊ ကြွက်နို့ပိုး၊ ကာလသားပိုး၊ ဂနိုရောဂါပိုး စတဲ့ကူးစက်ရောဂါပိုးတွေ ရနိုင်တယ်။ ဘယ်သူမဆိုနော်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ LGBTQI+  ဖြစ်ဖြစ်ပေါ့။ မိန်းမလေးကတော့ ထပ်ပိုလာက ကိုယ်၀န်ရနိုင်ခြေနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ပိုးပေါ့။

ဒါနဲ့ ယူတို့သိလား။ လေ့လာတွေ့ရှိချက်တွေအရ ၉၀ ရာခိုင်နှုန်းသော HIV ပိုးကူးစက်မှုအသစ်တွေ ရှိနေတဲ့ ၃၅ နိုင်ငံမှာ မီယမ်မာနိုင်ငံက အပါအ၀င်ပါတဲ့။ မကောင်းတာဆို ပါလေရာပေါ့။ HIV ပိုးရဲ့ လက္ခဏာတွေကတော့ ချက်ချင်းပြမှာ မဟုတ်ပေမယ့် တခြား ဂနိုပိုးလို တခြားဘက်တီးရီးယားပိုးတွေကတော့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီးရင် လိင်တံမှာ အဖုအနာပေါက်တာတို့၊ ဆီးပူတာ ကျဥ်တာ အောင့်တာတို့၊ လိင်အင်္ဂါကနေ အရည်တွေထွက်တာမျိုးတို့၊ အမျိုးသမီးတွေမှာ အဖြူဆင်းတာ၊ အနံ့နံတာ၊ မိန်းမကိုယ်ယားတာ၊ ကြွက်နို့ပေါက်တာ စသဖြင့် ဖြစ်နိုင်တယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံထားတာရှိပြီး ဒီလိုလက္ခဏာတွေ ဖြစ်လာပြီဆိုရင် လိင်မှတစ်ဆင့် ကူးစက်တဲ့ပိုးတွေကြောင့် ဖြစ်နိုင်တယ်လို့ အကြမ်းဖျင်းယူဆလို့ ရနိုင်တယ်။ 

အဲဒီတော့ ပထမဆုံးအကြံပေးချင်တာက ချစ်သူနှစ်ဦးကြား အတွင်းကျကျ ပိုပတ်သက်ချင်လာပြီဆိုရင် အရင်ဆုံး ဘာပိုးတွေရှိလဲ သိသင့်တယ်။ ဟင် ဘာလဲ… ကိုကိုက၊ မောင်က၊ မမက ၊ချစ်ချစ်က ပြောမှာပေါ့ ငါ့ကိုမယုံတာလား ဘလာ ဘလာဆိုပြီး ပြဿနာဖြစ်ကြမှာပေါ့။ အင်း… ယုံကြည်မှုဆိုတာ အပြောသက်သက်မဟုတ်ဘူးလို့ စာရေးသူကတော့ မြင်တယ်။ အပြောတွေထက် အလုပ်နဲ့ပြုမူပုံကသာ အဓိကပါ။

နိုင်ငံခြား အလုပ်သွားလုပ်မယ်ဆိုရင်တောင် လိုအပ်တာတွေ စစ်ဆေးရတယ်မို့လား။ ဘ၀မှာ ကူးစက်နိုင်တဲ့အပြုအမူ တစ်ခါမှမလုပ်ဖူးပါဆိုပြီး ပြောလို့ စာတင်လို့ မရဘူး။ ကျန်းမာရေးနယ်ပယ်မှာဆိုလည်း အကျိတ်သေးသေးခွဲရကအစ ဆေးရုံမှာ ကုသမှုခံယူရတာတွေမှာ လိုအပ်ရင် စစ်ကိုစစ်ရတယ်။ အထူးသဖြင့် ခွဲစိတ်မှုတွေဆို စစ်ကိုစစ်ရတယ်။ ဆရာ၀န်တွေက ဘယ်သူ့ကိုမဆို လက်အိတ်တွေနဲ့ သေချာပိုးသတ်ထားတဲ့ ကိရိယာတွေသုံးပြီး သေချာခွဲတာပဲ။ မှန်တယ်။ ဒါပေမယ့် လိုအပ်တယ်။ ဒါကြောင့် စစ်ကိုစစ်တယ်။ နောက်တစ်ခုက ကိုယ်၀န်ဆောင်စောင့်ရှောက်မှုမှာ ဗိုက်အပ်တာနဲ့ ကူးစက်ရောဂါပိုးတွေ စစ်ကိုစစ်ရတယ်။ ကျွန်မရော ကျွန်မယောက်ျားရော ပိုးကူးစက်နိုင်တဲ့ဟာတွေ တစ်ခုမှမလုပ်ဘူးနဲ့ မရဘူး။ ကလေးလေးအတွက် စစ်ကိုစစ်ရတယ်။ ကူးစက်နိုင်တဲ့အပြုအမူ လုံး၀မရှိဘူးဆို အဖြေက ကောင်းမှာပဲလေ။ မစစ်ချင်တာကမှ ဘာလို့လဲ မေးရမှာ။

ရှေ့က မယုံဘူးလားတွေ ပြောမှာစိုးတဲ့သူတွေကို ပြန်ပြောရမယ်ဆိုရင် လူနှစ်ဦး စတင်ပတ်သက်ရင် နာမည်က စသိရတယ်မို့လား။ ဘယ်သူမှန်း ဘယ်ကမှန်းမသိဘဲ ချစ်မိသွားတယ်ဆိုရင်တောင် သိအောင်တော့ လုပ်ရတာပဲမို့လား။ အဲဒီတော့ အတွင်းကျကျ ပတ်သက်တော့မယ်ဆိုရင်တော့ အဖြေလေး မျက်မြင်ကိုယ်တွေ့ သိသင့်တယ်။ အခြေခံကျန်းမာရေးစစ်ဆေးမှု Medical check up မှာလည်း ပါ၀င်နေတဲ့အရာတစ်ခုပါပဲ။

တချို့ ငယ်ငယ်က ဘရိတ်ဓားကို မျှသုံးမိခဲ့တာမျိုး၊ အဲဒီကနေ ဘီပိုး စီပိုး ကိုယ်မသိဘဲ ကူးခဲ့နိုင်တာမျိုးတွေလည်း ရှိနိုင်တာပဲ။ ဥပမာပြောတာပါ။ မပွင့်လင်းတဲ့နိုင်ငံမှာ ကိုယ့်လက်တွဲဖော်က ပိုးရှိနေလျက် မပြောတာတို့၊ ဘာမှမဖြစ်ပါဘူးလေဆိုပြီး အပြင်မှာ တစ်ခါလောက် အပျော်အပါး လိုက်စားမိတာမျိုးတို့၊ အရေးပေါ်မို့ ကြိုတင်မစစ်ဆေးရသေးတဲ့ သွေးသွင်းလိုက်ရတာမျိုးတို့ (ကူးစက်ရောဂါပိုးပါတဲ့ သွေးသွင်းမိတာက သုံးလနေမှ စစ်ဆေးမှုမှာပေါ်တာ)၊ သွေးလှူရှင်က ကူးစက်ရောဂါကူးနိုင်တဲ့ အန္တရာယ်ရှိတဲ့အပြုအမူ တစ်ခုခုရှိခဲ့ပေမယ့် အမှုမဲ့အမှတ်မဲ့ အလောတကြီးနဲ့ မေးခွန်းဖြေပြီး သွေးလှူလိုက်မိတာမျိုးတို့ စသဖြင့် အမျိုးမျိုးရှိနိုင်တယ်။

HIV ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးဘက်က ပြောမယ်ဆိုရင် ကမ္ဘာမှာ ကိုယ့်ဘာသာ HIV ပိုးရှိမှန်းမသိဘဲ နေနေတဲ့သူတွေ ခုချိန်ထိ ရှိနေသေးတယ်တဲ့။ ဆိုးရွားတဲ့ အခြေအနေ လက္ခဏာတွေဖြစ်မှပဲ သိကြတယ်။ ဒါကြောင့် 2018, World AIDS day တုန်းက ဆောင်ပုဒ်က “ Know your status” တဲ့။ ကိုယ့်မှာ ရှိ/မရှိ သေချာသိပါသလား၊ စစ်ထားပါသလားပေါ့။ အဘက်ဘက်က နိမ့်ကျနေတဲ့ ပညာရေးနဲ့ကျန်းမာရေးပိုင်းကို ဖိနှိပ်ထားပြီး စစ်ဘက်အသုံးစရိတ်တွေပဲ အများကြီးထားတဲ့ ခေတ်အဆက်ဆက်ရဲ့ စနစ်တကျ ဖျက်ဆီးထားမှုကြောင့် ဒီနိုင်ငံမှာ ကျန်းမာရေးဗဟုသုတ တအားနည်းကြပြီး ပြောရလည်း ခက်တယ်။ လူလိမ်တွေ ဒုစရိုက်မှုတွေ ကျတော့ ပေါတယ်။ စောက်ပုတို့ရဲ့ လက်ချက်တွေပေါ့။ တိုးတက်မလို့ရှိသေး… အခု ခေတ်နောက်ပြန်ဆုတ်သွားပြန်ပြီလေ။

သူတို့အကြောင်းပြောရင်း ဒေါသဖြစ်ရပါမယ်လေ။ ဒီတော့ ချစ်သူတွေကြား အတွင်းကျကျပတ်သက်တော့မယ်၊ ချစ်တင်းနှောကြမယ်ဆိုရင် အနည်းဆုံး ပိုး အဖြေလေးတွေတော့ သိသင့်တယ်လို့ စာရေးသူကတော့ အကြံပေးချင်တယ်။ ကုန်ကျစရိတ်က တစ်ခါ ဒိတ်ရင် ကုန်တဲ့ဟာလောက်ပဲ ရှိတာပဲ။ ပန်းစည်းတွေ၊ လက်ဆောင်တွေပေးသလို ကိုယ့်မှာ ပိုးလေးတွေကင်းစင်ကြောင်း သက်သေပေးရင်း အချစ်တွေတိုးအောင် လုပ်လို့ရတယ်မို့လား။ ဒါက ချစ်သူတွေကြား သိသင့်သိထိုက်တာမို့ ပြောပြချင်တာပါ။ ပိုးမရှိရင် နေချင်သလို နေလို့ရတယ်လို့ လုံး၀ မဆိုလိုပါနော်။ အတွင်းကျကျမပတ်သက်ခင်မှာ ကူးစက်ရောဂါပိုး ရှိ/မရှိ သိဖို့လိုအပ်လား၊ ဖြစ်သင့်လားဆိုတာကို လက်ခံတာ လက်မခံတာတော့ တစ်ယောက်ချင်းစီနဲ့ ဆိုင်မှာပေါ့လေ။ ရေရှည်လက်တွဲဖို့ ဆုံးဖြတ်ထားတဲ့ ချစ်သူတွေကတော့ လက်မထပ်ခင်သိသင့်တဲ့ အကြောင်းအရာတစ်ခုပေါ့။

ဆရာပြောတာကြီးက မဖြစ်နိုင်ပါဘူး။ လက်မခံဘူး။ အဆင်မပြေဘူး။ သားတို့ သမီးတို့က ချည်နှောင်မှုတွေမရှိဘဲ ပွင့်ပွင့်လင်းလင်း အတွင်းကျကျပတ်သက်ချင်တာတို့၊ အတွေ့ကြုံရဖို့ ပတ်သက်ကြည့်ချင်တာမျိုးတို့၊ တခြား တခြား အကြောင်းကြောင်းကြောင့် ဆိုတဲ့သူတွေလည်း ရှိနေနိုင်တာပါပဲ။ အဲဒီတော့ ပိုးရှိ/မရှိ သိသည်ဖြစ်စေ၊ မသိဘဲဖြစ်စေ အတွင်းကျကျပတ်သက်မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အချစ်နယ်ကျွံမှုစနစ်ကို ကျင့်သုံးဖို့ အလွန်အရေးကြီးကြောင်း ပြောပါရစေ။ ဘာလဲဆိုရင် အကာအကွယ်လို့ခေါ်တဲ့ ကွန်ဒုံးကို စနစ်တကျ သေသေချာချာ သုံးဖို့ပါပဲ။ 

စနစ်တကျ သေသေချာချာဆိုတာ အ‌ရေးကြီးတယ်နော်။ ဘယ်လိုလဲ မသိသေးရင်တော့ အရင်ဆုံးရှာကြည့်ပါလို့။ စနစ်မကျ မသေချာ မှားယွင်းခဲ့ရင် ကာကွယ်မှုတွေပေးနိုင်မှာ မဟုတ်ပါဘူး။ သေချာမသိရင်၊ မေးခွန်းတွေရှိနေရင် ကျန်းမာရေး၀န်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးပါလို့။ တယ်လီကျန်းမာက ဆေးခန်းပြမှ မဟုတ်ဘူး… ကျန်းမာရေးနဲ့ဆိုင်တဲ့ ‌မေးခွန်းတွေ သိချင်ရင်လည်း ၀ဲလ်ကမ်းပါလို့။ ဆရာ၀န် ဆရာမတွေက သေချာပြောပြပေးမှာပါ။ ကြိုတင်ကာကွယ်ရမယ်နော်။ ဘယ်သူမှတော့ ကူးစက်ရောဂါပိုးတွေရယ်၊ ကလေးလေးရယ်တော့ မလိုချင်လောက်သေးဘူး ထင်ပါတယ်။ ကာကွယ်ရမှာတွေကို စနစ်တကျမကာကွယ်မိတော့ ကူးစက်‌ရောဂါပိုးတွေကလည်း တ​ဖြည်းဖြည်းပျံ့နှံ့၊ မလိုလားသေးတဲ့ ကိုယ်၀န်တွေရ၊ နောက်ဆက်တွဲဆိုးကျိုးတွေ တစ်ပုံတစ်ပင်နဲ့ ဖြစ်ရောပေါ့။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်ဖြစ် လိင်ဆက်ဆံမှု ဖြစ်တော့မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ ပတ်သက်မှုနည်းလမ်းဖြစ်တဲ့ အကာအကွယ်ကို စနစ်တကျ မှန်ကန်သေချာစွာ သုံးပါလို့။

အဲ….. နောက်ဆုံးအဆင့် အဲဒီကာကွယ်မှုတွေကို မလုပ်မိဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံဖြစ်သွားပြီ၊ အန္တရာယ်ရှိတဲ့ အပြုအမူမျိုးရှိခဲ့ပြီဆိုရင်တော့ ရှေ့မှာပြောထားတဲ့ HIV အပါအ၀င် လိင်ကနေတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေ ကူးစက်နိုင်တယ်။ မိန်းကလေးဆို ကိုယ်၀န်ပါ ရနိုင်တယ်ပေါ့။

အဲဒီလို အခြေအနေကို ကံမကောင်းစွာ ရောက်ခဲ့ပြီဆိုပါတော့။ အဲဒါဆိုရင် အရှေ့ကကာကွယ်နည်းတွေလောက်တော့ မထိရောက်တော့ပေမယ့် ကာကွယ်နိုင်တာရှိတယ်။ ဘာလဲဆိုရင် အရေးပေါ် ကိုယ်၀န်တားဆေးနဲ့ ကူးစက်မှုကာကွယ်လျှော့ချနိုင်တဲ့ ဆေးပေါ့။ စောနိုင်သမျှ မြန်မြန်စောသောက်နိုင်ရင် ကာကွယ်မှု ပိုမြင့်မားတယ်။ နောက်ဆုံးအနေနဲ့လို့ ဆိုသလို ကွန်ဒုံး စနစ်တကျသုံးတာလောက်တော့ မထိရောက်နိုင်ဘူး ပေါ့။ ဒါပေမယ့် အလိုမတူဘဲ ဖြစ်ရတဲ့ကိစ္စတွေ၊ တခြား တခြားသော အရေးပေါ်အခြေအနေတွေအတွက် ထုတ်ထားတဲ့ PEP (Post exposure prophylaxis) ဆိုတဲ့ ဖြစ်ပွားပြီးနောက် ကာကွယ်မှုပေါ့။ စနစ်တကျသောက်မယ်ဆိုရင် အတိုင်းအတာတစ်ခုထိ အများကြီး ကာကွယ်နိုင်တယ်။ HIV နဲ့ တခြားသော လိင်မှတစ်ဆင့် ကူးစက်ပိုးတွေအတွက် ကူးစက်မှုကို ကာကွယ်လျှော့ချဖို့ ဆေးသောက်သင့်တယ်ပေါ့။ ဒါကြောင့် အရေးပေါ်အခြေအနေတွေနဲ့ ကြုံခဲ့ပြီဆိုရင်တော့ အမြန်ဆုံး နီးစပ်ရာဆရာ၀န်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါလို့။ တယ်လီကျန်းမာကလည်း ၀ဲလ်ကမ်းပါလို့။

အရွယ်ရောက်လူသားတိုင်း သဘာ၀တရားအလျောက်  ဖြစ်လာနိုင်ခြေရှိသော အန္တရာယ်ရှိတဲ့အပြုအမူ (လိင်ဆက်ဆံမှု) မှတစ်ဆင့် ကူးစက်ရောဂါများနှင့် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများမှ ကင်း‌‌စင်စေဖို့ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးပွားရင်း၊ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးဖို့ မကြန့်ကြာနေစေရန် ရည်ရွယ်ရင်း…..။

ချစ်ခြင်းများစွာဖြင့် 💗
ဒေါက်တာ ယောနဿန်

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here