သွေးဆိပ်တက်ခြင်းအကြောင်း Septicemia (October,2023)

0
193

သွေးဆိပ်တက်ခြင်းအကြောင်း

သွေးဆိပ်တက်ခြင်း (Septicemia) ဆိုတာဟာ သွေးထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ အလွန်ပျံ့နှံ့နေတဲ့ အခြေအနေကို ခေါ်တာပါ။

ခန္ဓာကိုယ်ရဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းကနေမဆို ပျံ့နှံ့လာတဲ့ ပိုးတွေဟာ သွေးထဲကိုရောက်လာရင် သွေးဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် အဆုတ်၊ ဆီးလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ကျောက်ကပ် စတဲ့နေရာတွေမှာ ပိုးဝင်တဲ့အခါ အကျိုးဆက်အနေနဲ့ သွေးဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ‌

ပြတ်ရှဒဏ်ရာတွေကတစ်ဆင့်လည်း သွေးဆိပ်တက်ခြင်းကို ဖြစ်လာနိုင်စေသေးပါတယ်။ နောက်ထပ်တစ်ခုကတော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ တွေ့ရတတ်တဲ့ ခွဲစိတ်မှုခံယူရင်းက‌နေ ဖြစ်တတ်တဲ့ သွေးထဲပိုးဝင်ခြင်းပါပဲ။

အဆိပ်ဆိုတဲ့ စကားလုံးအတိုင်းပဲ သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ဒုက္ခပေးနိုင်ပါတယ်။ မကုသဘဲထားရင် sepsis လို့ခေါ်တဲ့ ပိုးကြောင့် သွေးဆိပ်တက်တဲ့ အန္တရာယ်ကို ရင်ဆိုင်ကြရမှာပါ။

ဒီအခြေအနေကိုရောက်ရင် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကြောင့် သွေးထဲမှာ သွေးခဲတွေ (blood clots) တွေ များပြားစွာ ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆုံး ဒီသွေးခဲတွေဟာ ဦးနှောက်၊ နှလုံးကဲ့သို့သော အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပိတ်ဆို့အန္တရာယ် ပေးနိုင်ပါတယ်။

သွေးဆိပ်တက်ခြင်းဟာ ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်သလဲ။

အဓိကကတော့ ကိုယ်ခံအားနည်းတဲ့ အခြေအနေကို ကြုံတွေ့နေရသူတွေ (ရောဂါကြောင့်သော်လည်းကောင်း၊ အသက်အရွယ်ကြောင့်သော်လည်းကောင်း)၊ ဆီးပိုက်တပ်ထားရသူတွေ၊ ပြင်းထန်တဲ့ အနာပိုးရှိ‌သူ၊ လောင်ကျွမ်းဒဏ်ရာ ရှိသူတွေ စတဲ့သူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ အသက်ရှုမြန်၊ နှလုံးခုန်မြန်ခြင်း စတာတွေဟာ ကနဦးလက္ခဏာတွေပါ။ ဒီအချိန်မှာ ကုသမှုမခံယူရင် ဆီးသွားနည်းခြင်း၊ အရေပြားပေါ်မှာ အနီစက်များပေါ်ခြင်း၊ စိတ်အာရုံထွေပြား ဝေခွဲမရခြင်း၊ ရှော့ဖြစ်ခြင်း စတဲ့ ကြီးမားတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

ဒီနောက် ခန္ဓာကိုယ်တုံ့ပြန်မှုကြောင့် ဖြစ်လာတဲ့ sepsis လို့ခေါ်တဲ့ သွေးဆိပ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ထိုမှတစ်ဆင့် ကျောက်ကပ်၊ နှလုံး အစရှိတဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အလုပ်မလုပ်တော့တဲ့ အခြေအနေကို ဆက်လက်ကြုံရနိုင်ပါတယ်။

ရုတ်တရက် သွေးပေါင်ထိုးကျရင်တော့ septic shock လို့ခေါ်တဲ့ ရောဂါပိုးကြောင့် ရှော့ရခြင်းအခြေအနေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ဘယ်လိုကုသမှု ခံယူမလဲ။

အရေးပေါ် ကုသမှု လိုအပ်တာကြောင့် ဆေးရုံ အမြန်သွားရပါမယ်။ အသက်အရွယ်၊ ရောဂါအခံ၊ ကျန်းမာကြံ့ခိုင်မှုပေါ် မူတည်ပြီး ကုသမှုတွေ ကွဲပြားနိုင်ပါတယ်။ ပိုးသတ်ဆေးထိုးခြင်း၊ အောက်စီဂျင်ပေးခြင်း၊ အကြောဆေးသွင်းခြင်းကဲ့သို့သော ကုသမှုများ ခံယူရပါမယ်။

ဘယ်လို ကာကွယ်ရမလဲ။

အဓိကကတော့ မူလအခံဖြစ်တဲ့ ရောဂါပိုးကို မပြင်းထန်ခင်မှာ ထိထိရောက်ရောက် ကုသရပါမယ်။ ဒါမှသာ ရောဂါပိုးတွေ သွေးထဲပျံ့နှံ့တဲ့အခြေအနေအထိ မရောက်ရှိမှာ ဖြစ်ပါတယ်။

ကလေးငယ်များအနေနဲ့လည်း ရောဂါပိုးမဝင်ကတည်းက အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေကို အချိန်နဲ့တပြေးညီ ထိုးနှံထားခြင်းဖြင့် (ကာကွယ်ဆေးထိုး၍ ဖြစ်ပွားမှုကိုလျှော့ချနိုင်သော) ရောဂါပိုးများရဲ့ ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ထားနိုင်ပါလိမ့်မယ်။

Ref : ????

https:// www. healthline. com /health/septicemia

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here