” စကားလတ်ဖီဗာ (Scarlet fever) “

စကားလတ်ဖီဗာတဲ့…..
စကားလတ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကတော့ အနီရောင်တောက်တောက်ကို ပြောတာပဲ ဖြစ်ပါတယ်။
စကားလတ်ဖီဗာ (Scarlet fever) လို့ ဘာကြောင့်ခေါ်ရသလဲဆိုရင် ဒီရောဂါဖြစ်တဲ့အခါ ကလေးတွေမှာ ခြေတွေလက်တွေအနှံ့မှာ အနီစက်တွေ အမြောက်အများပေါ်လာလို့ပဲ ဖြစ်ပါတယ်။

စကားလတ်ဖီဗာရောဂါဟာ ဘတ်တီးရီးယားတစ်မျိုး (streptococcus) ကူးစက်ခံရတာကြောင့် ဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် (၅) နှစ်နဲ့ (၁၅) နှစ်ကြား ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။

ပေါ့ဆလို့မရတဲ့‌ ရောဂါဖြစ်တဲ့အတွက် လူတိုင်း သတိထားဖို့ လိုအပ်ပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ နှလုံး၊ ကျောက်ကပ်နဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
..
..

???? လက္ခဏာတွေအားဖြင့်တော့

– အနီစက်တွေပေါ်လာမယ်

အဲ့ဒီအနီစက်တွေက နေလောင်ကွက်တွေနဲ့ ပုံစံတူပါတယ်။ မျက်နှာ (ဒါမှမဟုတ်) လည်ပင်းတွေမှာ စပေါက်တတ်ပြီး အဲ့ဒီကနေတစ်ဆင့် ခန္ဓာကိုယ်၊ ခြေထောက်နဲ့ လက်တွေကို ပျံ့သွားတတ်ပါတယ်။ နီရဲနေတဲ့ အရေပြားကို ဖိကြည့်မယ်ဆိုရင် အရောင်ဖျော့ပြီး ဖွေးသွားတတ်ပါတယ်။ ပေါင်ခြံ၊ ချိုင်းကြား၊ တံတောင်ဆစ်၊ ဒူးဆစ်နဲ့ လည်ပင်းတွေမှာဆိုရင် တခြားနေရာတွေထက်ပိုပြီး အနီစက်တွေက အရောင်ရင့်နေတတ်ပါတယ်။

– မျက်နှာနီနေမယ်။

လျှာရဲ့မျက်နှာပြင်က ပုံမှန်ထက်နီရဲနေပြီး မညီမညာဖြစ်နေမယ်။ တစ်ခါတစ်ရံ အဖြူ‌‌ရောင်အဖုလေးတွေ အနေနဲ့ တွေ့ရတတ်ပါတယ်။

– ချမ်းတုန်ပြီး အဖျားကြီးမယ်။

– လည်ချောင်းနာမယ်။

– အစာမျိုရခက်ခဲမယ်။

– လည်ပင်းမှာ အကျိတ်တွေကြီးမယ်။ ထိလိုက်ရင် နာမယ်။

– ပျို့မယ်။ အန်မယ်။

– ဗိုက်နာမယ်။

– ခေါင်းကိုက်မယ်။ ခန္ဓာကိုယ်တွေ နာကျင်ကိုက်ခဲမယ် စတာတွေ ခံစားရနိုင်ပါတယ်။

မျက်နှာနဲ့ လျှာတွေမှာ ပေါက်တတ်တဲ့ အနီစက်တွေနဲ့အနာတွေက တစ်ပတ်လောက်ထိ ကြာလေ့ရှိပါတယ်။ လက္ခဏာတွေ ပျောက်ကင်းသက်သာသွားချိန်မှာတော့ အနီစက်တွေပေါက်ထားတဲ့ အရေပြားက ကွာကျတတ်တာကို တွေ့ရပါတယ်။
..
..

ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာတော့

• နားနေတဲ့အချိန် မောလာရင်

• အသက်ရှူရ ခက်ခဲလာရင်

• အသက်ရှူလိုက်တဲ့အချိန်တိုင်း တရွှီရွှီအသံတွေ မြည်နေရင်

• အသက်ရှူမြန်ရင်

• ရင်ဘတ်အောင့်ရင်

• တံတွေး၊ အရည် အစရှိတာတွေ မျိုမချနိုင်ရင်၊ ပါးစပ်အပြည့် မဖွင့်နိုင်ရင်

• အားမရှိ၊ စိတ်အာရုံမစူးစိုက်နိုင် ဖြစ်နေရင်

• အထိုင်အထတွေမှာ ခေါင်းနောက်ကျိကျိဖြစ်နေရင်

• အသက် (၃) နှစ်နဲ့အထက် ကလေးတွေမှာ သွားရည်တွေကျနေရင်

• ပြင်းပြင်းထန်ထန် အန်နေရင်၊ ဝမ်းသွားနေရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ အရေးကြီးနေပြီဆိုတာကို သတိထားရပါတယ်။
.

အသက် (၂) လအောက် ကလေးတွေမှာ‌တော့ အပေါ်မှာပြောပြခဲ့တဲ့ လက္ခဏာတွေအပြင်

• ချော့မရလောက်အောင် ငိုနေတာ

• အသက်ရှူလိုက် ရပ်သွားလိုက် အကြိမ်ကြိမ်ဖြစ်နေတာ

• ကိုယ်အပူချိန် (၉၆°) ဖာရင်ဟိုက် (96° F) နဲ့အောက် (ဒါမှမဟုတ်) အပူချိန် (၁၀၀.၄°) ဖာရင်ဟိုက် (100.4° F) နဲ့အထက် ဖြစ်နေရင်တော့ အရေးတကြီး ကုသဖို့ လိုအပ်နေပါပြီ။
..
..

???? ဘာကြောင့် scarlet feverဖြစ်ရသလဲ ?

Streptococcus လို့ခါ်တဲ့ ဘက်တီးရီးယားတစ်မျိုး ကူးစက်ခံရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီဘက်တီရီးယားက အနီစက်တွေ ထွက်‌စေတဲ့ အဆိပ်အတောက်တစ်မျိုးကို ထုတ်ပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အဲ့ဒီရောဂါပိုးဟာ ရောဂါပိုးရှိသူရဲ့ နှာချေ၊ ချောင်းဆိုးရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ရောဂါပိုးက ကူးစက်ဝင်‌ရောက်ပြီး (၂) ရက်ကနေ (၄) ရက်အကြာမှာ လက္ခဏာ စပြတတ်တာကို သတိထားရပါမယ်။

အသက် (၅) နှစ်ကနေ (၁၅) နှစ်ကြားရှိတဲ့ ကလေးတွေမှာတော့ ဒီရောဂါပိုး ပိုပြီး ကူးစက်နိုင်တာကို သတိပြုသင့်ပါတယ်။

အမှုန်အမွှားတွေကနေတစ်ဆင့် ကူးစက်နိုင်တာဖြစ်တဲ့အတွက် အတူတူအနီးကပ်နေထိုင်တဲ့သူတွေ၊ မိသားစုဝင်တွေမှာ ရောဂါပိုး အလွယ်တကူ ပျံ့နှံ့တတ်ပါတယ်။

Scarlet fever ဖြစ်ဖူးတဲ့သူအများစုမှာတော့ နောက်တစ်ကြိမ်ထပ်ဖြစ်တတ်တာကို တွေ့ရပါတယ်။
..
..

???? မကုသဘဲ ထားရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့….

ရောဂါပိုးဟာ အာသီး၊ အရေပြား၊ သွေး၊ နား၊ အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အဆစ်၊ ကြွက်သား အစရှိတဲ့နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။

အဖြစ်နည်းတယ်ဆိုပေမယ့် scarlet fever ကြောင့် နှလုံး၊ အဆစ်အမြစ်၊ အာရုံကြောစနစ်နဲ့ အရေပြားတို့ကို ရောင်ရမ်းစေနိုင်တဲ့ ပြင်းထန်တဲ့ရောဂါ တစ်မျိုး (rheumatic fever) ဖြစ်တဲ့အထိ တစ်ခါတစ်ရံဖြစ်နိုင်ပါတယ်။
..
..

???? ဘယ်လို ကုသလို့ ရနိုင်လဲ ?

Streptococcus ရောဂါပိုးကို ပျောက်ကင်းစေနိုင်တဲ့ ပဋီဇီဝပိုးသောက်ဆေးတွေ သောက်သုံးဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးတွေက မိမိသဘောအတိုင်းသောက်သုံးရင် ရောဂါမပျောက်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေ များနိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသပြီး ညွှန်ကြားတဲ့အတိုင်း စနစ်တကျသောက်သုံးဖို့ အကြံပြုလိုပါတယ်။

– ကိုက်ခဲနာကျင်တာတွေ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ မှီဝဲနိုင်ပါတယ်။

– အိမ်မှာ ပြည့်ပြည့်ဝဝ အနားယူပါ။

– ရေများများသောက်ပါ။

– လည်ချောင်းနာတာအတွက်တော့ ရေ‌‌နွေးသောက်ပါ။ ဆားရည်နဲ့ အာလုတ်ကျင်းပါ။ ပျားရည်သောက်ပေးခြင်းဟာလည်း လည်ချောင်းနာတာ သက်သာစေနိုင်ပါတယ်။

– စွပ်ပြုတ်၊ ဒိန်ချဥ် အစရှိတဲ့ မျိုချလို့လွယ်ကူနိုင်မယ့် အစာပျော့ပျော့လေးတွေ ရွေးချယ်စားပေးပါ။

– အခန်းတွေကို လေကောင်းလေသန့်ရအောင် ထားပါ။

– ဆေးလိပ်မသောက်ပါနဲ့။ သုတ်ဆေး၊ အနံ့ပြင်းတဲ့အမွှေးနံ့သာတွေကို ရှောင်ပါ။ ဒါတွေက လည်ချောင်းနဲ့ အဆုတ်ကို ပိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ပါ။
..
..

???? ဘယ်လိုကာကွယ်ရမလဲ ?

• လက်ဆေးပါ။ မိမိကိုယ်တိုင်လည်း လက်ဆေးရမှာဖြစ်သလို ကိုယ့်ရဲ့ကလေးငယ်လေးတွေကိုလည်း စနစ်တကျ ဘယ်လိုလက်ဆေးရမလဲဆိုတာ သင်ထားပေးရမှာဖြစ်ပါတယ်။

• အိုးခွက်ပန်းကန်တွေ ဝေမျှမသုံးပါနဲ့။

• နှာစေးချောင်းဆိုးတဲ့အခါတိုင်း ပါးစပ်ကို စနစ်တကျအုပ်ထားဖို့ အရေးကြီးပါတယ်။

• ကိုယ်ရဲ့ကလေးမှာ scarlet fever ခံစားနေရပြီဆိုရင်လည်း ကလေးအသုံးပြုပြီးတိုင်း အိုးခွက်ပန်းကန်တွေကို ‌ရေနွေးနဲ့ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
.
.
***********************

???? ဒီလောက်ဆို scarlet fever နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိပြီးဖြစ်တဲ့အတွက် ရောဂါပိုးမကူးစက်အောင် ကိုယ်တိုင်ရော၊ မိမိကလေးငယ်လေးတွေကိုရော အထူးရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ????

Reference ????https://www.mayoclinic.org/…/symptoms-causes/syc-20377406
https://www.mayoclinic.org/…/diagnosis…/drc-20377411

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here