“ တစ်မူးပိုသူများ”

ဘာပဲလုပ်လုပ် သူများထက် တစ်မူးပိုလိုက်ရမှလို့ ရပ်ထဲရွာထဲမှာ တချို့သောသူတွေကို ရည်ညွှန်းပြောဆိုလေ့ရှိကြပါတယ်…

ဒီနေ့ဆောင်းပါးထဲမှာတော့ အစားအစာကိုပဲဖြစ်ဖြစ်၊ ဆေးဝါးတွေကိုပဲဖြစ်ဖြစ်၊ တခြားသဘာ၀နည်းလမ်းတွေကိုပဲဖြစ်ဖြစ် အသုံးပြုတဲ့အခါ သတိမူမိဖို့ အရေးကြီးတဲ့ ထူးကဲနေသူ (လူအုပ်စုတွေ) ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

သူတို့တွေကတော့….

..

..

(၁) ကိုယ်၀န်ဆောင်သည်တွေ

ကိုယ်၀န်ဆောင်ကာလဟာ နုနုနယ်နယ် ကလေးငယ်ကို ၀မ်းနဲ့လွယ်ထားရတာကြောင့် အလွန်အရေးကြီးပါတယ်။

တချို့မေမေတွေဆိုရင်တော့ ကိုယ့်ရင်သွေးလေးအတွက် အသေးစိတ်ကအစ ဂရုစိုက်ပေးကြပါတယ်။ သိပ်ကိုကောင်းပါတယ်။ မျက်နှာပေါ်လိမ်းမယ့် skincare တောင် ကိုယ်၀န်ဆောင် သီးသန့်သုံးလို့ရတယ် ရေးထားတာတွေကို ရွေး၀ယ်အသုံးပြုကြတဲ့အထိပါ။

တကယ်လည်း ကိုယ်၀န်ဆောင်ချိန်မှာ ၀က်ခြံထွက်တဲ့အခါ retinol လိုမျိုး ၀က်ခြံသက်သာဆေးတွေကို မသုံးစွဲသင့်ပါဘူး။ တစ်ချို့ ဆေးနဲ့ ဒြပ်ပေါင်းတွေက အချင်းကိုဖြတ်ပြီး ရင်သွေးဆီရောက်နိုင်တာမို့ပါ။

ဆေးဝါးတွေအသုံးပြုမယ်ဆိုရင် ကိုယ်၀န်ဆောင်အတွက်စိတ်ချရတဲ့ သေချာတဲ့ဆေးကိုပဲ ဆရာ၀န်နဲ့တိုင်ပင်ပြီး သောက်သင့်ပါတယ်။ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုကတော့ ကိုယ်၀န်ဆောင်တွေ ပျို့တာအန်တာ (morning sickness) ဖြစ်ကြလို့…အန်တာကို သက်သာစေဖို့ ဟိုးတစ်ချိန်တုန်းက thalidomide ဆိုတဲ့ဆေးကို အလွန်သုံးစွဲခဲ့ကြပါတယ်။ အဲဒီဆေးသောက်ထားတဲ့မိခင်တွေ ကလေးမွေးလာတဲ့အခါ ကိုယ်လက်အင်္ဂါ မစုံတာ၊ လက်တိုလေးတွေ မွေးလာတာမျိုး အလွန်ကိုအဖြစ်များတဲ့ တစ်ခေတ်ရှိခဲ့ပါတယ်။ ဇစ်မြစ်လိုက်တော့မှ ဒီဆေးကြောင့်ဆိုတာ တွေ့ရှိသွားပြီး ပိတ်ပစ်ခဲ့ရတာပါ။

စနစ်တကျ သုတေသနပြုထားတဲ့ အနောက်တိုင်းဆေးတွေတောင် ရှောင်ရတာများနေရင် သဘာ၀ဆေးနည်းတွေကို ကိုယ်၀န်ဆောင်ကာလမှာ လုံး၀ အသုံးမပြုသင့်ပါဘူး။

..

..

(၂) ကလေးသူငယ်တွေ

ကလေးသူငယ်တွေမှာ ကိုယ်တွင်းကလီစာလေးတွေက သေးသေးလေးတွေဖြစ်နေတော့ အနောက်တိုင်းဆေးတောင် ကိုယ်အလေးချိန်နဲ့ ပြန်တွက်ပြီးမှ ပေးရပါတယ်။ ဒါ့ကြောင့် စပ်ဆေးတွေ လုံး၀မပေးသင့်၊ အရွက်အခေါက်တွေကို သက်သာလိုဇောနဲ့ မပေးသင့်ပါဘူး။ တစ်ခုခုဆို ဆရာဝန်နဲ့ ဦးစွာတိုင်ပင်သင့်ပါတယ်။

..

..

(၃) ကျောက်ကပ်အားနည်းသူတွေ

ကျောက်ကပ်ဟာ ခန္ဓာကိုယ်ကအညစ်အကြေးတွေ၊ မလိုအပ်တော့တဲ့ ဒြပ်ပစ္စည်းတွေနဲ့ ဆားတွေကို စွန့်ပစ်ပါတယ်။ ကျောက်ကပ်အားနည်းတဲ့အခါ ဆေးတွေကို လွယ်လွယ်မစွန့်နိုင်တော့ ဆေး overdose ဖြစ်လွယ်ပြီး ပိုရှုပ်စေနိုင်ပါတယ်။ သောက်နေကျ ဆေးတစ်လုံးရဲ့ အာနိသင်က သူများမှာ တစ်ရက်ပဲ သက်ရောက်မှုရှိပေမယ့်၊ ကိုယ့်မှာ တစ်ပတ်အထိ သက်ရောက်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ဥပမာပေးရရင် ဆီးချိုဆေး မက်ဖော်မင် ( metformin ) ကို ကျောက်ကပ်ဆိပ်တက်နေရင် ဆေးကိုလျှော့ပေးတာတို့ အခြားဆေးပြောင်းပေးတာတို့ လုပ်တာမျိုး တွေ့ဖူးကြမှာပါ။ မရောထွေးစေလိုတာက မက်ဖော်မင်ဟာ လုံး၀ (လုံး၀) ကျောက်ကပ်မထိပါ။ ဆီးချိုမထိန်းနိုင်တာကြာလို့ ကျောက်ကပ်အားနည်းလာသူတွေမှာ မက်ဖော်မင်ကို ကောင်းစွာမစွန့်ပစ်နိုင်တော့တဲ့အခါ ဘေးထွက်ဆိုးကျိုးများလာနိုင်လို့ ဆေးလျှော့တာ/ရပ်တာ လုပ်တာပါ။

အနောက်တိုင်းဆေးလို ဒြပ်ပေါင်းတိတိကျကျရှိတဲ့ ဆေးတွေတောင် သုံးစွဲတဲ့ပမာဏ လျှော့ရတဲ့အခါ ဒီဆေးတွေရဲ့ မိခင်ဖြစ်တဲ့ သဘာ၀ဆေးနည်းတွေလည်း လုံး၀ စိတ်မချရပါ။ သဘာ၀ဆေးနည်းတွေကို လုံး၀ မသုံးသင့်ပါ (ချွင်းချက် – တတ်ကျွမ်းနားလည်တဲ့သမားစစ်စစ် ညွှန်တာကတော့ အန္တရာယ်နည်းနိုင်ပါတယ်)

..

..

​​

(၄) ဆီးချို/သွေးတိုးဖြစ်တာ ကြာနေသူတွေ

ဆီးချို/သွေးတိုး ကြာရှည်စွာဖြစ်လာတဲ့အခါ ကျောက်ကပ်အားနည်းတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း သွေးကြောကျဥ်းတာနဲ့ သွေးတွင်း အဆီများတာမျိုးတွေ ဖြစ်နေနိုင်တာကြောင့် ဆေးနဲ့ အခြားဒြပ်ပေါင်းတွေကို ဇီ၀ဖြစ်စဥ်အတိုင်း ခြေဖျက်ရာမှာ အခက်အခဲရှိပါတယ်။

ဆီးချို/သွေးတိုးအတွက် သဘာ၀ဆေးနည်းနဲ့ မသက်သာဘဲ၊ ဒီလိုဆေးနည်းတွေကြောင့်ပဲ အဆိပ်သင့်သလို ဖြစ်တာတွေတောင် ဆေးရုံလာပြကြရတာ အများကြီးရှိနေလို့…မိမိတို့ မိတ်ဆွေသူငယ်ချင်းတွေက သဘာ၀ဆေးနည်းတွေကို ညွှန်လာတဲ့အခါ သောက်လက်စအနောက်တိုင်းဆေးကို ရပ်ပြီး ဆေးရွက်တွေကြိတ်သောက်တာမျိုး လုံး၀ မလုပ်စေလိုပါဘူး။

ဆေးခန်းလာပြကြသူတွေထဲမှာ ရုတ်တရက် ဆီးချိုမထိန်းနိုင်တော့တာမျိုးဆို စေ့စေ့ပေါက်ပေါက် မေးလိုက်တဲ့အခါ အရင်ကသောက်နေကြဆေးတွေရပ်ပြီး မိမိကိုယ်ကို အစမ်းသပ်ခံလုပ်ထားကြတာ တွေ့ရှိရပါတယ်။ ဒါကြောင့် အဖိုးတန်တဲ့ ကိုယ့်ဘ၀ကို အစမ်းသပ်ခံမဖြစ်တာ အကောင်းဆုံးပါ။

..

..

(၅) အသည်း မကောင်းသူတွေ

အသည်းဟာ အဆိပ်ကိုဖ​​ယ်တဲ့ စစ်သူကြီးပါ။ ဆေးဝါးတွေကိုလည်း ခြေဖျက်ပေးရပါတယ်။ အသည်းအားနည်းတဲ့အခါ ဆေးဝါးတွေကို ကောင်းစွာမခြေဖျက်နိုင်တော့တာကြောင့် ခန္ဓာကိုယ်အတွင်း ဆေးဝါးတွေပုံလာပြီး ဆေးအာနိသင် ပြင်းထန်လာနိုင်သလို အခန့်မသင့်ရင် အဆိပ်အတောက်အထိ ဖြစ်သွားနိုင်ပါတယ်။

ဒါ့အပြင် အရက်နဲ့ ယမကာအမျိုးမျိုး သောက်လေ့ရှိသူတွေအနေနဲ့လည်း ဆေးတစ်ခုခုသောက်မယ်ဆိုရင် ဆရာ၀န်နဲ့ အရင်တိုင်ပင်ဖို့ အရေးကြီးပါတယ်။ အရွက်အမြစ်တွေကိုတော့ ရှောင်လိုက်တာ ပိုကောင်းပါတယ်။ အသည်းအတွက် ၀န်ပိုစေနိုင်ပါတယ်။

..

..

(၆) ရောဂါအခံ တစ်ခုခုရှိသူတွေ

နာတာရှည်ရောဂါအခံ တစ်ခုခုရှိတဲ့အခါ ဆေးကိုခြေဖျက်နိုင်မှုနဲ့ အစာခြေဖျက်နိုင်မှုတွေ အားနည်းနိုင်ပါတယ်။ ဒါကြောင့် စနစ်တကျ သုတေသနပြုလုပ်ထားခြင်းမရှိတဲ့ သဘာ၀ဆေးနည်းတွေကို မစမ်းတာ အကောင်းဆုံးပါ။ စမ်းမယ်ဆိုရင်လည်း မိမိပြနေကျ ဆရာ၀န်နဲ့တိုင်ပင်ပြီး ခွင့်ပြုမှ လုပ်စေချင်ပါတယ်။

..

..

(၇) ဆေးဝါးတစ်မျိုးမျိုးကို စွဲသောက်နေရသူတွေ

ဆေးတွေက တစ်ခုနဲ့တစ်ခု မတည့်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးခန်းပြတဲ့အခါ မိမိသောက်နေကျဆေးတွေကို ပြောဖို့မမေ့ပါနဲ့။ သဘာ၀ဆေးနည်းတွေကို သုံးမယ်ဆိုရင်လည်း မိမိသောက်နေကျဆေးရဲ့အာနိသင် နည်းသွားတာ/များသွားတာမျိုးဖြစ်နိုင်လို့ မစမ်းတာ ပိုသင့်တော်ပါတယ်။

..

..

အထက်ဖော်ပြပါသူတွေမှာ တိုင်းရင်းဆေးကိုပဲဖြစ်ဖြစ်၊ သဘာ၀အရွက်ကို ဆေး၀ါးအဖြစ်မှီ၀ဲလိုတာပဲဖြစ်ဖြစ် ပြနေကျဆရာ၀န်နဲ့ တိုင်ပင်ပါ။ ပြနေကျဆရာ မရှိရင်လည်း တယ်လီကျန်းမာမှာ အခမဲ့ လာဆွေးနွေးနိုင်ပါတယ်။

ရိုးရာဓလေ့ ဆေးနည်းတွေပဲဖြစ်ဖြစ်၊ တခြားဆေးနည်းတွေပဲဖြစ်ဖြစ် တချို့သူတွေမှာ ဘေးဥပါဒ်မဖြစ်ပေမယ့် အထက်ပါအုပ်စုတွေထဲ ပါ၀င်နေသူတွေအတွက်တော့ ဘေးဥပါဒ်လွယ်ကူစွာဖြစ်နိုင်လို့ ပိုမိုသတိပြုသင့်ပါတယ်။

အိမ်တွင်းဆေးနည်းတချို့ဖြစ်တဲ့

– ဆနွင်းအပါအဝင် တခြားဟင်းခတ်အမွှေးအကြိုင် အများကြီးကို ဟင်းချက်တဲ့အခါ ထည့်တာ

– ချောင်းဆိုးရင်ကျပ်တဲ့အခါ ရေခဲရေ မသောက်ဘဲ ရေနွေးသောက်တာ

– အစာကြေလွယ်အောင် အသီးအနှံတွေစားတာ

– လန်းဆန်းအောင် ချဥ်တဲ့အသီးအနှံတွေစားတာ

– မျက်စိအားကောင်းဖို့ အစိမ်းရင့်ရောင် အသီးအရွက်တွေစားတာ

– လည်ပင်းနာရင် ဆားရည်နဲ့အာလုတ်ကျင်းပေးတာ….စတဲ့ နေ့စဥ်လှုပ်ရှားသွားလာ စားသောက်နေထိုင်တာတွေကတော့ အလွန်တရာကြီး ပြောင်းလဲစရာမလိုတဲ့ သဘာ၀ဆေးနည်းတွေပါ။

.

မြင်သာအောင်ပြောရရင်တော့….

ဆနွင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ ရှေးအစဥ်အဆက် အဆိုရှိခဲ့ပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါ၊ ဆီသတ်တဲ့အခါ အရောင်လှအောင် ဆနွင်းထည့်တာမျိုးက ပြဿနာမရှိပါ။ ဒါပေမယ့် ဆနွင်းကို လျက်ဆားတွေနဲ့ဆေးတွေလုံးပြီး တစ်ရက်ကို ဆေး ၁၀ လုံးလောက်သောက်တယ်ဆိုရင်တော့ အသည်းထိတာ၊ ၀မ်းလျှောတာ၊ အော့အန်တာ၊ အသားယားတာ စတဲ့ပြဿနာတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် အထက်ဖော်ပြပါ (သူများထက် တစ်မူးသာပြီး) ဆင်ခြင်ရမယ့်သူတွေအနေနဲ့ ပုံမှန်စားတာသောက်တာတွေထဲမှာ သဘာ၀သစ်သီးသစ်ဥနဲ့ ဟင်းသီးဟင်းရွက်တွေ အရသာရှိရုံလောက် စားကောင်းရုံလောက် ပါနေတာမျိုးက ပြဿနာမရှိပါ။ တန်ဆေး လွန်ဘေးကိုတော့ သတိချပ်စေလိုပါတယ်။

အနောက်တိုင်းဆေး၀ါးတွေဟာ သဘာ၀သစ်ပင်သစ်မြစ်တွေကို အဆင့်အဆင့်ပြုပြင်ပြီး ဒြပ်ပေါင်းတစ်ခုထဲကို သီးသန့်ဆွဲထုတ်ကာ လိုချင်တဲ့အာနိသင်အတွက် ဆေးဖော်ကြတာဖြစ်တဲ့အပြင် သုတေသနများစွာလည်းရှိတဲ့အတွက် တိုင်းရင်းနည်း၊ သဘာ၀နည်းတွေထက်တော့ ပိုမိုစိတ်ချစွာ သုံးစွဲလို့ရပါတယ်။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

1. Divya Singh, Rajiv Gupta & Shubhini A. Saraf (2012) Herbs–Are they Safe Enough? An Overview, Critical Reviews in Food Science and Nutrition, 52:10, 876-898, DOI: 10.1080/10408398.2010.512426

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here