” သတိထားစရာ သွေးလေးဘက်နာ “

အဆစ်အမြစ်ရောင်ရောဂါအမျိုးမျိုးရှိတဲ့အထဲမှာ အရွယ်ရောက်ပြီးသူတွေကို ဒုက္ခအပေးဆုံး လေးဘက်နာရောဂါတစ်မျိုးကတော့ သွေးလေးဘက်နာ ( Rheumatoid Arthritis ) ဖြစ်ပါတယ်။

✳️ သွေးလေးဘက်နာ ဆိုတာ ဘာလဲ ?

– လူသားတွေရဲ့ခန္ဓာကိုယ်မှာ ပြင်ပရောဂါပိုးမွှားတွေကို ကာကွယ်ပေးတဲ့ခုခံအားစနစ်ရှိပါတယ်။
– အဲဒီ့ခုခံအားဟာ တစ်ခါတစ်လေ မျက်စိလည်ပြီး ရောဂါပိုးကိုမတိုက်ပဲ ကိုယ့်ခန္ဓာကိုယ်ကိုပြန်တိုက်တာမျိုး ရှိတတ်ပါတယ် ။
– ဒီအခါ ခုခံအားစနစ်ကထွက်လာတဲ့ဓာတ်က အရိုးအဆစ်တွေကို တိုက်ခိုက်တဲ့အခါ “သွေးလေးဘက်နာ” ဖြစ်ပွားရပါတယ်။
– ခုခံအားစနစ်ဟာ အဆစ်အမြစ်တွေသာမက တခြားကိုယ်တွင်းအစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်တဲ့အတွက် သွေးလေးဘက်နာလူနာတွေဟာ တခြားဝေဒနာလက္ခဏာတွေကိုပါ တွဲပြီးခံစားရနိုင်ပါတယ်။

✳️ ဘယ်သူတွေက သွေးလေးဘက်နာ ဖြစ်နိုင်ချေရှိလဲ ?

– အသက် ၃၀ မှ ၅၀ ကြား ကျား၊ မ မရွေးဖြစ်နိုင်ပါတယ်။
– မိဘမျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့သူရှိရင်လည်း ဖြစ်နိုင်ချေရှိပါတယ်။
– လူ အယောက် ၁၀၀ မှာ ၁ ယောက်နှုန်း ဖြစ်ပွားတတ်ပါတယ်။

✳️ သွေးလေးဘက်နာဖြစ်မှန်း ဘယ်လိုသိမှာလဲ ?

– အဓိကလက္ခဏာကတော့ အဆစ်တွေနာတာပါပဲ ။
– အဆစ်တစ်ခုတင်မကပဲ အဆစ်တော်တော်များများ နာပါတယ်။
– ဘယ်ညာ နှစ်ဘက်စလုံးမှာ ဖြစ်ပါတယ်။
– (၆)ပတ် အထက် နာရုံတင်မကဘဲ ရောင်ရမ်းပြီးဖောင်းနေတာ၊ ဖိလိုက်ရင် မခံမရပ်နိုင်အောင် နာ နေတတ်ပါတယ်။
– အဆစ်နာတာဟာ လှုပ်ရှားလိုက်ရင် ပိုမနာဘဲ သက်သာပြီး၊ မနက်စောစောမှာ တစ်နာရီကျော်ကြာအောင် နာနေတတ်ပါတယ်။
– သွေးလေးဖက်နာဓာတ်လို့ခေါ်တဲ့ Rheumatoid Factor ( RF ) ကိုသွေးစစ်ကြည့်ရင် တွေ့ရပါမယ်။
– ဓာတ်မှန်ရိုက်ကြည့်ရင်လည်း အရိုးတွေ ပုံမှန်မဟုတ်တာကို တွေ့နိုင်ပါတယ်။

✳️ သွေးလေးဘက်နာ ရဲ့ နောက်ဆက်တွဲက ဘာတွေဖြစ်နိုင်လဲ ?

– သွေးလေးဘက်နာကို ဂရုမစိုက်ဘဲ ဒီတိုင်းထားမယ်ဆိုရင် အရိုးအဆစ်တွေဟာ ပုံပျက်သွားပြီး ဒူးနဲ့ခြေထောက်မှာ ဖြစ်ရင် လမ်းလျှောက်ရခက်တဲ့ ပြဿနာမျိုးတွေကြုံလာနိုင်ပါတယ်။
– ကြွက်သားတွေနဲ့ တွယ်ကပ်နေတဲ့ အရွတ်တွေဟာ ပြတ်ထွက်သွားနိုင်ပြီး လှုပ်ရှားမှုခက်တဲ့ ပြဿနာများ ရင်ဆိုင်လာရနိုင်ပါတယ်။
– နှလုံး၊ အဆုတ်၊ မျက်လုံး ၊ အရေပြားရောဂါနဲ့ ပက်သတ်တဲ့ ပြဿနာတွေလည်း ပိုမိုဖြစ်ပွားလာနိုင်ချေများပါတယ်။

✳️ သွေးလေးဘက်နာဖြစ်ရင် ဘယ်လိုတွေကုနိုင်လဲ ?

(၁) လေ့ကျင့်ခန်း လုပ်ခြင်း❗

– လမ်းလျှောက်ခြင်း၊ ရေကူးခြင်း နှင့် အိမ်တွင်း လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းက ကြွက်သားများကိုသန်မာစေပြီး သွေးလေးဘက်နာကြောင့်ဖြစ်သော ကြွက်သားများအားနည်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်

(၂) နားပါ❗

– လှုပ်ရှားမှုများလို့ အဆစ်တွေရောင်ပြီး နာလာတဲ့အခါ လုပ်လက်စအလုပ်ကို ခဏရပ်ပြီး နားလိုက်တာက ပိုကောင်းပါတယ်။

(၃) အဆစ်လေ့ကျင့်ခန်း လုပ်ခြင်း❗

– နေ့စဉ် အဆစ်များကို တစ်ပတ်လည်ရွေ့ရှားမှုပေးတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းက သွေးလေးဘက်နာရဲ့အကျိုးဆက်ဖြစ်တဲ့ အဆစ်များတောင့်တင်းသွားခြင်းကို ကာကွယ်နိုင်ပါတယ်။
– ရုတ်တရက် အားနဲ့မလုပ်ဘဲ ညင်သာစွာ လုပ်ပေးရမှာ ဖြစ်ပါတယ်။

(၄) အပူ၊ အအေး ကပ်ပေးခြင်း❗

– အဆစ်များတောင့်တင်းနေပါက ရေနွေးအိတ် ကပ်ပေးနိုင်ပါတယ်။
– မနက်မနက် အရိုးအဆစ်များတောင့်တင်းနေပါကလည်း ရေနွေးဖြင့်ရေချိုးပေးခြင်းက အဆစ်များတောင့်ခြင်းနေခြင်းကို သက်သာလျော့ပါးစေပါတယ် ။
– အဆစ်ဟာ ပူပြီးရောင်နေတယ်ဆိုရင်တော့ ရေခဲ သို့မဟုတ် ရေခဲရေဖြင့် ကပ်ပေးခြင်းတို့ ပြုလုပ်ပေးလို့ရပါတယ်။

(၅) အစားအသောက်❗

– သွေးလေးဘက်နာသမားတွေအတွက် အထူးစားသောက်ရမယ့် အစာတို့ဆိုတာ မရှိပါဘူး။
– ဒါပေမယ့် အစားအစာကို မျှတအောင် စုံလင်အောင် ညီမျှစွာစားသောက်ဖို့လိုပါတယ်။
– အစားအသောက်နဲ့ ကိုယ်အလေးချိန်ထိန်းပေးခြင်းဟာလည်း အရိုးအဆစ်တွေကို ဒဏ်ဖြစ်တာ နည်းပါးစေပါတယ်။

(၆) ဆေးသောက်ခြင်းဖြင့်ကုသခြင်း❗

– သက်ဆိုင်ရာ ဆရာဝန်၊ အထူးကုဆရာဝန်ကြီးများနဲ့ ပြသတိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက် ( Steroid ) ဆေးများ၊ လေးဖက်နာသမားတွေမှာ ပေးလေ့ရှိသောဆေးများ( DMARDs – Disease Modifying Anti-Rheumatic Drugs ) စတာတွေနဲ့ ကုသလို့ရပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး တခြားဆေးများလည်း သောက်သုံးရနိုင်ပါတယ်။

(၇) ခွဲစိတ်ကုသခြင်း❗

– အဆစ်တစ်ခုဟာ အရမ်းရောင်နေပြီဆိုရင် အဆစ်တစ်ခုမှာ ဖုံးအုပ်ထားတဲ့ ရောင်နေတဲ့ အမြှေးပါးကို ဖယ်ပေးလို့ရပါတယ်။
– ဒါပေမယ့် ကာလကြာရှည်လာတာနဲ့အမျှ အဆစ်တစ်ခုဟာ ပုံပျက်သွားပြီဆိုရင်တော့ ပြင်ပမှ အဆစ်အတုနဲ့ အစားထိုးကုသပေးလို့ရပါတယ်။

(၈) ရှောင်ရန်များ❗

– အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း တို့ကို ရှောင်ကျဉ်စေချင်ပါတယ်။

✳️ အကြံပေးချက်

– လေးဘက်နာရောဂါတွေထဲမှာမှာ….

ပိုးလေးဘက်နာ ( Rheumatic Arthritis )
သွေးလေးဘက်နာ ( Rheumatoid Arthritis )
အရေပြားလေးဘက်နာ SLE ( Systemic Lupus Erythematosus )
အရေပြားထူလေးဘက်နာ ( Progressive Systemic Sclerosis)ဆိုပြီး အမျိုးမျိုးရှိပါတယ်။

ဒီရောဂါတွေရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ မတူကြပါဘူး။ ဒါ့အပြင် တခြားအဆစ်အမြစ်ရောင်ရမ်းနာကျင်စေတဲ့ ရောဂါတွေလည်း အများကြီး ကျန်ရှိပါသေးတယ်။

– အဆစ်နာတယ် လေးဘက်နာပဲဆိုပြီး ကိုယ်ထင်ရာကုနေတယ်ဆိုရင် ရောဂါနဲ့ဆေး မကိုက်ညီဘဲ အနာသက်သာပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို မကာကွယ်နိုင်တဲ့ အတွက် ကျွမ်းကျင်တဲ့သက်ဆိုင်ရာဆရာဝန်နဲ့ စောစောစီးစီး ကုသဖို့လိုအပ်ကြောင်း မှာကြားချင်ပါတယ်။

ကျန်းမာသော ဘဝများ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်…..

Reference ????
– Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.(page 201)
– Davidson’s Principles and Practice of Medicine 24th edition ( page 1027)
– Oxford American Handbook of Rheumatology 2nd Edition ( page 235 )

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.