မျက်သားတက်ခြင်း

==============

မျက်သားတက်တယ်ဆိုတာ အများအားဖြင့် မျက်လုံးရဲ့အဖြူရောင်နေရာမှာ တြိဂံပုံစံ (နောက်ထပ်)အဖြူဖတ်လေး ကပ်ပြီး ၊ နေရတာ ခိုးလိုးခုလုဖြစ်နေတတ်ပါတယ်။ တခါတလေ သွေးကြောမျှင်လေးတွေ မြင်နေရနိုင်ပါတယ်။ အများအားဖြင့် နာလေ့မရှိပါဘူး။ အကယ်၍ ရောင်ယမ်းလာမယ်ဆိုရင်တော့ နာလာတာ၊ နီရဲလာတာမျိုးဖြစ်တတ်ပါတယ်။ မျက်စိရဲ့ အမဲရောင်နေရာအထိ မျက်သားတက်လာရင်တော့ ကြည့်ရတာ အဆင်မပြေဖြစ်လာတတ်ပါတယ်။

ဘယ်သူတွေ ဖြစ်လဲ။ ဘာလို့ဖြစ်တာလဲ ?

နေဒဏ်၊ လေဒဏ်တွေ၊ ဖုန်မှုန့်တွေကို ကြာရှည်ခံရလို့ဖြစ်တာပါ။ ကင်ဆာမဟုတ်သလို ကူးလဲမကူးတတ်ပါဘူး။ ပူပြင်းခြောက်သွေ့ တဲ့ မြန်မာပြည် အလယ်ပိုင်းမှာ နေတဲ့သူတွေ၊ နေရောင်အောက်မှာ အလုပ်လုပ်ကြတဲ့သူတွေ၊ ဆိုင်ကယ်စီးတဲ့သူတွေ၊ ဖုန်၊ အမှုန်များတဲ့ ပတ်ဝန်းကျင်မှာ၊ မီးခိုးငွေ့၊ ဆီငွေ့တွေနဲ့ နာရီပေါင်းများစွာကြော်လှော်ချက်ပြုတ်ရတဲ့လုပ်ငန်းခွင်ကသူတွေ၊ လေအရမ်းထန်တဲ့ နေရာမှာ နေထိုင်၊ အလုပ်လုပ်တဲ့သူတွေမှာ အဖြစ်များပါတယ်။

အသက်အရွယ်အရဆိုရရင်တော့ အသက်ကြီးတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

ကုသနည်း

ဘာမှ မခံစားရရင် ဆေးမလိုပါဘူး။

နေရတာခိုးလိုးခုလုဖြစ်တယ်၊ မျက်လုံးယားတယ်၊ နီတယ်ဆိုရင်တော့ အထွေထွေရောဂါကုဆရာဝန်က မျက်စဉ်းပေးပါလိမ့်မယ်။

မျက်စိရဲ့ အမဲရောင်နေရာအထိ မျက်သားတက်လာပြီး ကြည့်ရတာ ပုံမှန်မဟုတ်ရင်တော့ မျက်စိအထူးကုဆရာဝန်နဲ့ပြပြီး မျက်သားတက်တဲ့နေရာလေးကို ဖယ်ထုတ်လိုက်ဖို့လိုပါတယ်။

ပိုမဆိုးအောင် ဘယ်လိုလုပ်မလဲ ?

အပြင်ထွက်ရင်၊ ဆိုင်ကယ်စီးရင် နေကာမျက်မှန်တက်သင့်ပါတယ်။ လေ၊ ဖုန်အလွန်အကျွံ ထိတွေ့တာကို တတ်နိုင်သမျှရှောင်ပါ။ Artificial tear လို့ခေါ်တဲ့ မျက်ရည်တု မျက်စဉ်းကို မျက်သားခြောက်တာသက်သာအောင် အပြင်မသွားခင်နဲ့ လုပ်ငန်းခွင်မှာ မကြာခဏခပ်ပေးပါ။

ဒီလောက်ဆိုရင် မျက်သားတက်တာနဲ့ပတ်သတ်ပြီး ဗဟုသုတ အထိုက်အလျောက်ရရှိမယ်လို့ မျှော်လင့်ပါတယ်

References:

Better Health Channel: Pterygium

Kellogg Eye Center, University of Michigan: Pterygium

 ” NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ “

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်
https://m.me/telehealthmm )

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.