ခွဲစိတ်ပြီးလူနာတွေ၊ ဆေးရုံမှာ အကြာကြီးလဲလျောင်းနေရတဲ့လူနာတွေ၊ အသက်အရွယ်ကြီးပြီး နာတာရှည်ရောဂါအခံရှိတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အိပ်ရာနာဆိုတာ ဘယ်လိုအနာမျိုးလဲ၊ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲနဲ့ ဖြစ်လာရင် ဘယ်လိုကုသနိုင်သလဲ စတာတွေကို ပြောပြပေးသွားပါမယ်နော်

အိပ်ရာနာ ဘာလို့ဖြစ် ❓

ပုံမှန်အားဖြင့် အရိုးနဲ့ကပ်လျက်ရှိနေတဲ့ အရေပြားနေရာလေးတွေ (တံတောင်ချိုး၊ ခါးနှင့်ကျောရိုးတစ်လျှောက်၊ တင်ပဆုံ၊ ခြေချင်းဝတ်၊ ခြေဖနောင့် စတဲ့နေရာတွေ) ဟာ သွေးရရှိမှုလျော့နည်းကြတယ်။ အများအားဖြင့် လှုပ်ရှားမှုမရှိတဲ့အခါ ဒီလိုနေရာတွေမှာ ခန္ဓာကိုယ်ရဲ့ ဝန်ဖိအားသက်ရောက်လေ့ရှိပြီး အိပ်ရာနာဖြစ်ရတယ်။ ခုတင်မှာ ရက်ရှည်လများလှဲနေရတဲ့လူနာတွေမှာလည်း အောက်က ကြမ်းအမာသားနဲ့ ထိတွေ့ပွတ်တိုက်ပြီး ဖြစ်တတ်လို့ အိပ်ရာနာ (Bed Sores) ရယ်လို့ခေါ်ကြတယ်။ ဆီးဝမ်းတွေ ပေကျံပြီး သန့်ရှင်းမှုမရှိတဲ့အခါလည်း ဆီးပူ/ ဝမ်းပူလောင်ပြီး အိပ်ရာနာဖြစ်ရတယ်။

အိပ်ရာနာရဲ့ ပုံသဏ္ဌာန်အနေအထား

အိပ်ရာနာဖြစ်စပြုတဲ့အချိန်မှာ နီနီရဲရဲ ရောင်ရမ်းနာကျင်တဲ့ အရေပြားနေရာကလေးတွေ စတင်ဖြစ်ပေါ်တယ်။ နောက်ပိုင်း သွေးထောက်ပံ့မှုမရတော့တဲ့အခါ အဲဒီ့အရေပြားနေရာလေးတွေဟာ ပြာလာ/ ခရမ်းရောင်သန်းလာ/ နောက်ဆုံးအမည်းရောင် အသွင်နဲ့ အိပ်ရာနာ အနာကွက်တွေဖြစ်ရတော့တယ်။ ပိုဆိုးလာရင် အနာတွေဟာ ပြည်တစိုစိုဖြစ်လာတတ်တယ်။

အိပ်ရာနာဖြစ်တတ်တဲ့နေရာတွေ

????အရိုးပေါ်က အရေပြားနေရာတွေ/ ကိုယ်ခန္ဓာဖိအား သက်ရောက်တဲ့နေရာတွေ၊ ပွတ်တိုက်မှုဖြစ်လေ့ရှိတဲ့ နေရာတွေဖြစ်တဲ့

• ဦးခေါင်းနောက်စေ့

• ပခုံး

• တံတောင်ဆစ်ချိုး

• ခါးနဲ့ ကျောရိုးတစ်လျှောက်နေရာ

• ဒူးနေရာ

• တင်ပါး

• ခြေကျင်းဝတ် နေရာတွေ

ခုတင်၊ ကြမ်း စတဲ့ အောက်ခံအမာသားနဲ့ ထိတွေ့ပွတ်တိုက်မှုဖြစ်တဲ့ နေရာတွေမှာ အဖြစ်များတယ်။

ဘယ်သူတွေမှာ အိပ်ရာနာပိုဖြစ်နိုင်သလဲ❓

• ခွဲစိတ်ပြီးစ လှုပ်ရှားမှုများများ ပြုလုပ်မရနိုင်သေးတဲ့ လူနာတွေ

• အရိုးကျိုးလူနာတွေ (ခါးရိုး၊ ကျောရိုး၊ တင်ပဆုံရိုး စသည်)

• ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ တစ်နေရာတည်း လှဲလျောင်းနေရသူတွေ၊ ရက်ရှည်လများ ဆေးရုံအကြာကြီး တက်ရတဲ့လူနာတွေ

• ဆီးချိုရောဂါအခံရှိသူတွေ

• အာဟာရမပြည့်ဝသူတွေ

• နာတာရှည် ရောဂါအခံရှိသူတွေ

• သေချာပြုစုစောင့်ရှောက်ပေးမယ့်သူမရှိတဲ့ စိတ်ကျန်းမာရေးချို့တဲ့သူတွေ

• ဆီးဝမ်းတွေ ပေကျံတဲ့အခါလည်း ဆီလောင် ဝမ်းလောင်ဖြစ်ရာက အိပ်ရာနာတွေဖြစ်လာတတ်တယ်။

• အသက်အရွယ်ကြီးရင့်သူတွေမှာ အရေပြားကပါးလာလို့ ပုံမှန်သူတွေထက် အိပ်ရာနာပိုဖြစ်တတ်တယ်။

အိပ်ရာနာကို ဘယ်လိုကုသနိုင်သလဲ❓

✅အနာနေရာ နဲ့ အနာပတ်လည်နေရာတွေကို သန့်ရှင်းခြောက်သွေ့နေပါစေ။

✅အနာနေရာတွေကို ရေကျက်အေး (သို့) ဆားရည် နှင့် သန့်အောင် ဆေးကြောပေးပါ။

✅အနာ ပြည်တစိုစိုဖြစ်နေလျှင် သန့်ရှင်းပေးပြီး အဝတ်သန့်သန့်နဲ့ အုပ်ထားပေးပါ။

✅ဇင့်အောက်ဆိုက်ဒ် (Zinc Oxide) လိမ်းဆေး အသုံးပြုနိုင်ပါတယ်။

အနာကျက်မြန်အောင် အာဟာရပြည့်ဝအောင် စားသုံးပါ။ ပရိုတင်းဓာတ်ရအောင် အသား၊ ပဲ စတာတွေစားပါ။ ဇင့်ဓာတ် (Zinc)၊ ဗီတာမင်စီ (Vitamin C) စတဲ့ ဖြည့်စွက်စာအားဆေးသောက်သုံးပါ။

အိပ်ရာနာမဖြစ်ရလေအောင်

အိပ်ရာနာမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းက အိပ်ရာနာအတွက် အကောင်းဆုံးကုသမှုတစ်ခုလို့ ဆိုကြတယ်။

✅လှုပ်ရှားပေးပါ

????အိပ်ရာပေါ်အမြဲလှဲနေရတဲ့ မလှုပ်ရှားနိုင်တဲ့ လူနာတွေမှာ နှစ်နာရီခြားတစ်ခါ ခန္ဓာကိုယ်တစ်ဖက်စောင်းပေးတာ၊ အနေအထားပြောင်းပေးတာ စတာတွေ ဂရုတစိုက် ပြုလုပ်ပေးပါ။

????လှုပ်ရှားနိုင်လျှင် လှုပ်လှုပ်ရှားရှားနေပေးပါ။ ကိုယ်လက်လှုပ်ရှားပေးတဲ့အခါ အိပ်ရာနာဖြစ်လာနိုင်တဲ့ နေရာအပေါ်ချည်းကိုပဲ တစ်ကိုယ်လုံးစာ ဝန်ဖိအားမသက်ရောက်တော့ဘဲ ကိုယ်ခန္ဓာအနှံံံံံံ့ ဖိအားမျှလာမယ်။ ဒါ့အပြင် ကိုယ်ခန္ဓာအနှံ့ သွေးလည်ပတ်စီးဆင်းမှုကောင်းစေပြီး အိပ်ရာနာဖြစ်နိုင်ခြေလျော့ပါးစေတယ်။

????ခြေ/လက် အကွေးအဆန့် မှန်မှန်လုပ်ပေးပါ။ ခြေချောင်း/ လက်ချောင်းကလေးတွေ အကွေးအကော့ပြုလုပ်ပေးပါ။ ခြေကျင်းဝတ်၊ ခါး၊ လက်ကောက်ဝတ် စတဲ့နေရာတွေကို လှည့်လှည့်ပေးပါ။

✅ခန္ဓာကိုယ်ကြွက်သားတွေကို တင်းလိုက်/ပြေလျှော့လိုက်ပြုလုပ်ပေးတာ၊ အကြောလျှော့ပေးတာ စတာတွေ လုပ်နိုင်တယ်။

✅အရေပြား ပုံမှန်အစိုဓာတ်ကလေးနဲ့ သန့်ရှင်းခြောက်သွေ့နေပါစေ။

✅ဆီးပူ၊ ဝမ်းပူလောင်ရာကနေ အိပ်ရာနာဖြစ်စေလို့ ဆီးဝမ်းသွားပြီးတိုင်း သေချာသန့်ရှင်းရေးပြုလုပ်ပေးပါ။

✅အိပ်ရာနာဖြစ်စပြုလာလျှင် ဖြစ်စမှာတင် ကုသပါ။ အရေပြားနီလာရဲလာလျှင် အရက်ပြန်နှင့် ဂွမ်းသုံး သန့်ရှင်းပေးပြီး အဝတ်သန့်သန့်နှင့် အုပ်ထားပေးပါ။ ထိုနေရာကို ပွတ်တိုက်မှု/ ဝန်ဖိအားမကျအောင် ထားပါ။

✅လှဲနေရလျှင် ကြမ်းခင်းပျော့ပျော့ကိုသုံးပါ။

References ????

????John Murtagh’s Patient Education, Sixth Edition : Pressure Sores (Bed Sores) pg-318

????NHS | Pressure Ulcers (Pressure Sores)

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here