” ခန္ဓာကိုယ်အနေအထား ပုံစံမှန်ခြင်း၏ ကောင်းကျိုးများ “
ခန္ဓာကိုယ်အနေအထား ကျော့ရှင်းတာလို့ လူသိများတဲ့ မှန်ကန်တဲ့ခန္ဓာကိုယ်ပုံစံ (Good posture)ကို ဆေးပညာအခေါ်အရတော့ ပုံမှန်ကျောရိုးတိုင်အနေအထား “ neutral spine” လို့ ခေါ် ကြပါတယ်။
ယေဘုယျအားဖြင့် ပုံမှန်သဘာဝအတိုင်း ဖြစ်နေတဲ့ ကျေားရိုးအကွေးတွေကို ပုံစံမပျက်စေဘဲ ခါးမတ်မတ် ခေါင်းမတ်မတ် အနေအထားဖြင့်နေထိုင်ခြင်းကို ဆိုလိုတာပါ။
ကျောရိုးတိုင်အနေအထားလေးကို လေ့လာကြည့်မယ် ဆိုရင် ခုံးနေတဲ့နေရာနဲ့ ခွက်နေတဲ့နေရာဆိုပြီး (၂) မျိုးရှိပါတယ်။
မိခင်ဝမ်းတွင်း နေနေစဥ်တုန်းက သန္ဓေသားလေးဟာ ကွေးကွေးလေး နေနေခဲ့ရသလို သူ့ရဲ့ကျောရိုးတိုင်ဟာလည်း ” C ” ပုံစံ ကွေးကွေးလေးပါပဲ။
မွေးပြီးလို့ ကလေးအရွယ် ခေါင်းစထောင်တဲ့အချိန်မှာတော့ လည်ပင်းကျောရိုးနဲ့….လေးဘက်သွားတဲ့အချိန်မှာ ခါးကျောရိုးတွေဟာ ပုံစံအပြောင်းအလဲဖြစ်လာပြီးမှ ၊ ပုံမှန်ကျောရိုးတိုင်အနေအထား ဖြစ်လာတာဖြစ်ပါတယ်။
ကျောရိုးမကြီး ခုံးနေတဲ့ အပိုင်းကို Primary(Foetal) Curvature လို့ခေါ်ပြီး အင်္ဂလိပ်အက္ခရာ “ C” ပုံစံလို့ တင်စားကြပါတယ်။ ပုံမှန်ကျောရိုးရဲ့ ရင်ဖက်ပိုင်းနဲ့ မီးညှောင့်ရိုးပိုင်းလေးတွေက ကျောရိုးခုံးတဲ့ အပိုင်းလေးတွေဖြစ်ပါတယ်။
ကျောရိုးမကြီး ခွက်ဝင်နေတဲ့ပုံစံရှိတဲ့ အပိုင်းလေးတွေကိုတော့ Secondary (compensatory) curvature လို့ခေါ်ပြီး လည်ပင်းရိုးပိုင်းနဲ့ ခါးပိုင်းနေရာလေးတွေက ကျောရိုးခွက်ဝင်နေတဲ့ ပုံစံရှိတဲ့ အပိုင်းလေးတွေဖြစ်ပါတယ်။
…
…
လူတစ်ယောက်ဟာ ပုံမှန်ခါးရိုးအနေအထားရှိနေဖို့ လိုအပ်ပါတယ်။ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာနဲ့ ထိုင်တာတွေမှာ ကျောရိုးကို ပုံမှန်လေးအတိုင်း နေထိုင်ပေးဖို့လိုအပ်ပါတယ်။
ပုံမှန်ကျောရိုးပုံစံ (Good posture) ရှိနေတာရဲ့ကောင်းကျိုးတွေကတော့ …
(၁) ခါးနာတာကို လျော့နည်းစေပါတယ်။
ခန္ဓာကိုယ်ကို အချိန်အကြာကြီး ပျော့တိပျော့ခွေ မတ်တတ်ရပ်နေတာ (ဒါမှမဟုတ်) ခါးကိုကုန်းပြီးထိုင်နေတာမျိုးတွေဟာ ခါးကို ဖိအားပေးသလိုဖြစ်စေပြီး ခါးရိုးအဆစ်လေးတွေနဲ့ ကြွက်သားတွေကိုဖိအားသက်ရောက်စေတာမို့လို့ ခါးနာတတ်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကို မတ်မတ်လေးရပ်ပေးဖို့၊ ထိုင်ပေးဖို့ အရေးကြီးပါတယ်။
.
(၂) ခေါင်းကိုက်တာကို လျော့နည်းစေပါတယ်။
လည်ပင်းနောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ တင်းမာမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာ (tension headache) ကို သက်သာစေပါတယ်။
.
(၃) လူကို တက်တက်ကြွကြွ ရှိစေပါတယ်။
အရိုးနဲ့ အဆစ်တွေ နေရာတကျရှိတဲ့အခါ ကြွက်သားတွေအတွက် ဝန်ပေါ့သွားပြီး တင်းမာမှုတွေ လျော့နည်းစေပါတယ်။
.
(၄) ပုခုံးနဲ့ လည်ပင်းကြွက်သားတွေ တင်းမာတာကို လျော့နည်းစေပါတယ်။
ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ ဦးခေါင်းအရှေ့ငိုက်နေတာဟာ ကျောအပေါ် ပိုင်း၊ ပုခုံးနဲ့ လည်ပင်းမှာရှိတဲ့ တချို့ ကြွက်သားတွေကို တင်းမာစေပါတယ်။
.
(၅) အရိုးဆစ်တွေ ပွန်းပဲ့တဲ့ အန္တရာယ်ကို လျော့နည်းစေပါတယ်။
ကွေးစောင်းနေတာ (ဥပမာ- ခြေထောက် တဖက်တည်းပေါ် ရပ်တာ (ဒါမှမဟုတ်) ခန္ဓာကိုယ်ရဲ့ ဘေးတွေကို ဖိအားပေးတာ)ဟာ တင်ပါးဆုံ ကြွက်သားတွေကို တင်းမာစေပြီး ခါးအောက်ပိုင်းနာတတ်သလို ကြာလာရင်လည်း ခါးအဆစ်လေးတွေပုံစံမမှန်တဲ့အတွက် ပြဿနာရှိလာနိုင်ပါတယ်။
.
(၆) အဆုတ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။
ကုန်းနေတာဟာ အဆုတ်ကို ဖိထားသလို ဖြစ်စေပါတယ်။ မတ်မတ်နေတာက အဆုတ်အတွက် နေရာပိုပေးသလို ဖြစ်ပြီး အောက်စီဂျင် ပိုရစေပါတယ်။
.
(၇) သွေးလည်ပတ်မှု ပိုကောင်းစေပြီး အစာပိုကြေပါတယ်။
ခါးရိုးပုံစံ မမှန်ဘဲနေတဲ့အခါ ခန္ဓာကိုယ်အင်္ဂါတွေကို ဖိထားသလိုဖြစ်တတ်တဲ့အတွက် သွေးလည်ပတ်မှုကို လျော့နည်းစေပြီး စွမ်းဆောင်နိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။
.
(၈) မေးရိုးအဆစ်တွေ နာကျင်မှုကို သက်သာစေပါတယ်။
ခေါင်းအရှေ့ငိုက်ထားတာကြာလာတဲ့အခါ မေးရိုးဆစ်နဲ့ မေးရိုးကြွက်သားတွေကို တောင့်တင်းစေပြီး စားတဲ့အခါ၊ စကားပြောတဲ့အခါနဲ့ သန်းဝေတဲ့အခါမှာ မေးရိုးတစ်လျှောက် နာကျင်တာမျိုး ဖြစ်စေတတ်ပါတယ်။ ပါးစပ်ဖွင့်တဲ့အခါ ဖြောက်ခနဲ မြည်တာမျိုးလည်း ဖြစ်တတ်ပြီး ခေါင်းကိုက်တာလည်း ဖြစ်နိုင်ပါတယ်။
.
(၉) ကြွက်သားတွေ အားကောင်းစေပါတယ်။
ခန္ဓာကိုယ်အနေအထားမှန်ဖို့ဆိုရင် ဝမ်းဗိုက်နဲ့ ကျောပြင်အပေါ်ပိုင်း ကြွက်သားတွေကို တောက်လျှောက် အသုံးပြုရတဲ့အတွက် ကြွက်သားတွေ အားကောင်းလာပါတယ်။
.
(၁၀) လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ခန္ဓာကိုယ်အနေအထား ပိုကောင်းစေပါတယ်။
ခန္ဓာကိုယ် အနေအထားဟာ ထိုင်တာ၊ ထတာအတွက်သာ မဟုတ်ဘဲ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။
(ဥပမာ- ကျောမတ်မတ်ထားကာ ဝမ်းဗိုက်ကြွက်သားတွေ အသုံးပြုပြီး ဆောင့်ကြောင့်ထိုင်တာ(squat) ဟာ ခါးဒဏ်ရာမရအောင် ကာကွယ်သလို ဖြစ်ပါတယ်။)
.
(၁၁) သင့်ကို အရပ်ပိုရှည်သလို ဖြစ်စေပါတယ်။
ခန္ဓာကိုယ်အနေအထားပုံမှန်နေတာဟာ ကျော့ရှင်းလှပပြီး ဆွဲဆောင်မှုအားပိုကောင်းစေပါတယ်။
.
(၁၂) ကိုယ်ပိုင် ယုံကြည်မှု (self confidence) တက်စေပါတယ်။
ခန္ဓာကိုယ် အနေအထားဟာ သင့်ကို တက်တက်ကြွကြွဖြစ်စေပြီး နာကျင်မှုတွေ လျော့နည်းသက်သာစေရုံသာမက မိမိကိုယ်မိမိ ယုံကြည်မှု၊ တန်ဖိုးထားမှုကိုလည်း တိုးတက်စေပါတယ်။
..
..
*** မှတ်သားဖွယ်တစ်ခုအနေနဲ့ ခါးနဲ့ခေါင်းကို မတ်မတ်ထားပြီး ကျောရိုးပုံစံမှန်အနေအထားနဲ့နေဖို့ အရေးကြီးသလို….အလွန်အကျွံ ရင်ကော့ ဖင်ကောက်ပြီးနေတာမျိုး ( over lordosis )ဟာလည်း ခါးရိုးဆစ်တွေကို ဒဏ်ဖြစ်စေ ရောဂါဖြစ်စေကြောင်းလည်း မှတ်သားထားစေလိုပါတယ် ***
.
ကျောရိုးအနေအထားပုံစံတကျနဲ့ ပုံမှန်နေတာဟာ ဆေးထိုး၊ ဆေးစားစရာမလိုပဲ ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေအများကြီးရှိတာမို့ ပုံကျကျလေးလှကြအောင်နော်
Reference
https://www.healthline.com/…/fitness…/posture-benefits
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
Ministry of Health,
National Unity Government.
Published on: 23 January 2023
Last Updated: 23 January 2023