ရေမြွှာရည်များနေရခြင်းအကြောင်း သိကောင်းစရာ (Polyhydraminos)
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ သားအိမ်ထဲမှာ ရေမြွှာရည်တွေ များလွန်းနေတာကို polyhydramnios လို့ခေါ်ပါတယ်။ ဒီလို ရေမြွှာရည်များလွန်းနေတာဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားစဉ်မှာ နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေတွေကို တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေဟာ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားချိန်မတိုင်ခင်အထိ ရေမြွှာရည်ပမာဏကို ပုံမှန်စစ်ဆေးလေ့ရှိပါတယ်။
ကိုယ်ဝန် ၃၆ ပတ်ထိ သားအိမ်အတွင်းရှိ ရေမြွှာရည် ပမာဏဟာ 1 quart ခန့်စီ တဖြည်းဖြည်းတိုးလာလေ့ရှိပြီး၊ ကိုယ်ဝန် ၃၆ ပတ်နောက်မှာတော့ ရေမြွှာရည်ပမာဏဟာ တဖြည်းဖြည်းလျော့နည်းလာပါတယ်။
…
…
???? ရေမြွှာရည်များခြင်း (Polyhydraminos) ဆိုတာ ဘာလဲ
Polyhydramnios သို့မဟုတ် hydramnios ဆိုတာ သားအိမ်အတွင်းရှိ သန္ဓေသားတစ်ဝိုက်မှာ ရေမြွှာရည်တွေ များနေခြင်းကို ရည်ညွှန်းပါတယ်။ သန္ဓေသားရဲ့ ကျောက်ကပ်ဟာ ရေမြွှာရည် (amniotic fluid) ကို သန္ဓေသားရဲ့ဆီးမှတစ်ဆင့် သားအိမ်အတွင်းကို ထုတ်ပေးပါတယ်။
ဒီနောက် သန္ဓေသားဟာ ရေမြွှာရည်တွေကို မျိုချပြီး အသက်ရှူလှုပ်ရှားမှုနဲ့ ပြန်လည်စုပ်ယူပါတယ်။ ဒီလိုမျိုချခြင်းက သားအိမ်အတွင်းမှာရှိတဲ့ amniotic fluid ပမာဏကို မျှတအောင် ကူညီပေးပါတယ်။ ဒီနည်းလမ်းအားဖြင့် ရေမြွှာအရည်ထုတ်လုပ်မှုနှင့် စုပ်ယူမှုကြား မျှတမှုကို ထိန်းသိမ်းပေးထားပါတယ်။
ဒီဟန်ချက်ညီမှု ပျက်သွားတဲ့အခါ မိခင်နဲ့သန္ဓေသားမှာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
…
…
???? Polyhydramnios မှာ ဘယ်လိုလက္ခဏာတွေ ခံစားရတတ်လဲ
များသောအားဖြင့် ဘာလက္ခဏာမှ မခံစားရတတ်ပါဘူး။ တကယ်လို့ လက္ခဏာတွေခံစားခဲ့ရမယ်ဆိုရင် အဖြစ်များတာတွေကတော့ အသက်ရှူရခက်ခဲခြင်း၊ မွေးဖွားချိန်မတိုင်ခင် သားအိမ်ညှစ်ခြင်းနဲ့ ပြင်းထန်ပါက ဗိုက်နာတာတွေ ဖြစ်နိုင်ပါတယ်။
သားအိမ်ဟာ ရှိသင့်တဲ့ကိုယ်ဝန်အပတ်ရဲ့ အရွယ်အစားထက် ပိုကြီးနေခြင်းဟာ ရေမြွှာရည်များလွန်းနေတာကို ညွှန်ပြပါတယ်။ ဗိုက်ဟာ ပုံမှန်ထက် အလွန်လျင်မြန်စွာကြီးထွားလာတတ်ပါတယ်။
…
…
???? Polyhydramnios ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ
Polyhydramnios ဟာ အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။
– အမြွှာကိုယ်ဝန်ဆောင်ထားခြင်း
– ကိုယ်ဝန်ဆောင်စဉ် ဆီးချိုတက်ခြင်း
– သန္ဓေသားဟာ amniotic fluid ကို မျိုချရ ခက်ခဲနေခြင်း
– သန္ဓေသားရဲ့ ဆီးပမာဏများခြင်း
– သန္ဓေသားရဲ့ မွေးရာပါ အစာအိမ်နှင့် အူလမ်းကြောင်း (သို့မဟုတ်) ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း (သို့မဟုတ်) ဦးနှောက်နှင့်ကျောရိုးမကြီး ပုံမှန်မဟုတ်သော ဖွံ့ဖြိုးမှုရှိခြင်း
– သန္ဓေသားရဲ့ မျိုးရိုးဗီဇ၊ အဆုတ်နဲ့ အာရုံကြောစနစ် ပြဿနာများရှိခြင်း
– သန္ဓေသားတွင် ရောဂါပိုးကူးစက်မှုရှိခြင်း
– သွေးအားနည်းခြင်း (သို့မဟုတ်) သန္ဓေသား၌ သွေးနီဥများ ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
တစ်ခါတစ်ရံမှာလည်း ဘာကြောင့် ရေမြွှာရည်များရလဲဆိုတဲ့ အကြောင်းအရင်း ရှာမရတာမျိုးတွေလည်း ရှိတတ်ပါတယ်။
…
…
???? Polyhydramnios ဖြစ်တဲ့အခါ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိလာနိုင်လဲ
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့….
– ကလေးမီးဖွားချိန်ကြာခြင်း
– သားအိမ်က အချိန်မတန်ခင် ညှစ်တာကြောင့် လမစေ့ဘဲမွေးဖွားခြင်း
– အချိန်မတန်မီ အချင်းကွာခြင်း
– ရေမြွှာစောပေါက်ခြင်း
– အသက်ရှူရခက်ခြင်း
– ကလေးမီးဖွားပြီးနောက် သားအိမ်ပြန်မကျုံ့တော့ဘဲ ပျော့နေခြင်း
– မီးဖွားပြီးနောက် သွေးသွန်ခြင်း
.
သန္ဓေသားမှာ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့….
– မွေးရာပါ မူမမှန်မှုများ
– ပုံမှန်မဟုတ်တဲ့ အရွယ်အစားနဲ့ အနေအထားတို့ကြောင့် မွေးဖွားရာတွင် ခက်ခဲခြင််း
– ချက်ကြိုးအနေအထား ပုံမှန်မဟုတ်ဘဲ သန္ဓေသားကို ပတ်မိတတ်ပြီး အောက်ဆီဂျင်မရခြင်း
– ပြင်းထန်တဲ့အခြေအနေတွေမှာ အသက်သေဆုံးတာအထိ ဖြစ်နိုင်ပါတယ်။
…
…
???? Polyhydramnios ကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ
ရောဂါရှာဖွေဖို့ Ultrasound ရိုက်တာကို ပြုလုပ်နိုင်ပါတယ်။ Ultrasound လှိုင်းတွေကို အသုံးပြုပြီး သားအိမ်အတွင်းရှိ ရေမြွှာရည်ပမာဏနဲ့ သန္ဓေသားရဲ့ မူမမှန်မှုတွေကို သိနိုင်ပါတယ်။
အခြားစစ်ဆေးမှုတွေဖြစ်တဲ့…
• မိခင်မှာ ဆီးချို (သို့မဟုတ်) အခြားရောဂါပိုးများ ရှိ/မရှိ သွေးစစ်ဆေးခြင်း
• amniocentesis ဟုခေါ်သော သားအိမ်မှ amniotic fluid နမူနာကိုယူပြီး မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာရန် ဓာတ်ခွဲခန်းသို့ ပေးပို့ခြင်း စတာတွေလည်း လုပ်နိုင်ပါတယ်။
…
…
???? Polyhydramnios ကို ဘယ်လိုကုသနိုင်လဲ
Polyhydramnios ကိုကုသဖို့ သားအိမ်အတွင်းရှိ amniotic fluid ပမာဏကို လျှော့ချရပါမယ်။ ဒါက ကိုယ်ဝန်ကို ပိုမြဲစေပြီး အမျိုးသမီးရဲ့ ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ရေမြွှာရည်ပမာဏကို လျှော့ချဖို့ အောက်ပါနည်းလမ်းတွေထဲက တစ်ခုကို အသုံးပြုနိုင်ပါတယ်။
• Reduction amniocentesis/ amnioreduction — သားအိမ်ထဲမှ ရေမြွှာရည်တွေကို စုပ်ထုတ်တာမျိုး ဖြစ်ပါတယ်။ သို့သော်လည်း အရည်ဘယ်လောက်ဖယ်ရှားရမယ် (သို့မဟုတ်) ဘယ်လောက် မြန်မြန်ထုတ်ယူရမယ်နဲ့ပတ်သက်ပြီးတော့ သဘောတူညီချက်မရသေးပါဘူး။
• ဆေးဝါးများ — စတီးရွိုက်မဟုတ်သော အရောင်ကျဆေးတွေဖြစ်တဲ့ prostaglandin synthetase inhibitors တွေကို သုံးနိုင်ပါတယ်။
Polyhydramnios ဟာ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် ဆရာဝန်တွေဟာ ကိုယ်ဝန် ၃၂ ပတ်မှ စတင်ကာ သန္ဓေသားကို ဂရုတစိုက် စောင့်ကြည့်လေ့ရှိပါတယ်။
Reference : ????
https:// www. medicalnewstoday. com /articles/323232
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.