သံဓာတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း Patient Education: Iron Deficiency Anemia ( July, 2022)

ဟဲ့…ဟဲ့…လုပ်ကြပါဦး ! “

” ဟာ အမြန် ပွေ့ထူလိုက်လေ “

” မထသေးနဲ့ဦးဟဲ့….အဲ့မှာ နားပစေဦး ၊ ပြီးမှ အိမ်ထဲသွင်း….တစ်ယောက်လောက် ၊ သံပုရာရည်ဖျော်ထားစမ်း မြန် မြန် “

ဆူဆူညံညံအသံများကြောင့် ဦးဘညွန့်တစ်ယောက် အိမ်ရှေ့ထွက်ကြည့်တော့ ခြံထဲမှာ သန်းမြကို လူတွေဝိုင်းပြီး တွဲခေါ်လာတာ တွေ့ရသည်။

” ဘာဖြစ်ကြတာတုန်းဟ ? “

” သန်းမြလေ…တံမြက်စည်းလှည်းရင်း မူးလဲသွားလို့ “

ပြောပြောဆိုဆိုနှင့် အိမ်ထဲဝင်သွားသောလူအုပ်နောက်အမှီလိုက်ရင်း ဦးဘညွန့်က ကာယကံရှင်သန်းမြကိုလှမ်းမေးရသည်

” ဟဲ့ နင် သတိလစ်သွားသေးလား ၊ ခု ဘယ်လိုနေသေးလဲ “

နွမ်းလျသောအသံဖြင့် သန်းမြတစ်ယောက် ပြန်ဖြေ၏

” သတိတော့ မလစ်ပါဘူး ဘကြီးရယ် ၊ မိုက်ခနဲဖြစ်သွားရုံပါ…ဒေါ်လေးတို့က အစိုးရိမ်လွန်နေလို့…”

” အေးပါ ဘာပဲဖြစ်ဖြစ် ဆေးခန်းပြပြီး ဆရာဝန်နဲ့ ဆွေးနွေးစမ်းသပ်ကြည့်ကြတာပေါ့…ခုတော့ ခဏနားဦး….

ကဲ…တစ်ယောက်လောက် ကားပြင်ထားစမ်းဟေ့….ငါတို့နဲ့အတူ နောက် ၂ယောက်လိုက်ခဲ့ “

————————-။ ။—————————

…. ….

ဆေးခန်းမှအပြန်…

” ဘယ်လိုလဲ ၊ ဘာဖြစ်တာတဲ့လဲ…? “

” စိုးရိမ်ရလား ဆရာဝန်က ဘာပြောလိုက်လဲ? “

” ဘာရောဂါတဲ့လဲ ? ဦးနှောက်လား ၊ နှလုံးလား…”

အိမ်ပေါက်ဝမှ စုပြုံမေးကြသောမေးခွန်းများကြောင့် ဦးဘညွန့် ရင်မောသွားသည်

” အိမ်ထဲလည်း ဝင်ပရစေဦးကွာ…စိုးရိမ်ရရင် ငါကအိမ်ပြန်ခေါ်လာပါ့မလား….တကတည်း မင်းတို့ကတစ်မှောင့် “

” စိုးရိမ်လို့မေးတာပါတော် ရှင်ကလည်း

ကဲ….လာ..လာ…ထိုင်ကြ ၊ ထိုင်ကြ “

” အေး…ဆရာဝန်ကတော့ ပြောလိုက်တယ်။ စိုးရိမ်စရာမရှိပါဘူးတဲ့ ၊ သံဓာတ်အားနည်းလို့ ဖြစ်တာပါတဲ့။ သွေးတွေလည်း ဖောက်စစ်ခဲ့တယ် သောက်ဆေးတွေလည်း ပေးလိုက်တယ် “

ဦးဘညွန့်၏စကားအဆုံးတွင် မေးခွန်းတွေ ပလူပျံသွားသည်

” သံဓာတ် အားနည်းတာ ?? “

” အာ့ ဘာကြီးတုန်း ?? “

” သံမှုန့်တွေ စားပေးရမှာလား ???? ?? “

ဦးဘညွန့် စိတ်ပျက်လှသောအမူအရာဖြင့်

” ငါ့မမေးကြနဲ့တော့ဟေ့…ဟော့ဒီမှာ သံဓာတ်ချို့တဲ့မှုအကြောင်း ကျန်းမာရေးဗဟုသုတရေးထားတဲ့ ပညာပေးစာရွက် ဆေးခန်းက တစ်ခါတည်းပေးလိုက်တယ်။ ဖတ်သာကြည့်ကြပေတော့….”

ပြောရင်းဖြင့် စာရွက်ခေါက်လေးတစ်ခုကို စားပွဲပေါ်ပစ်တင်လိုက်သည်

…. ….

အားလုံးရဲ့အကြည့်က စားပွဲက စာရွက်လေးဆီသို့…..

————————-။ ။————————-

“ သံဓာတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း”

သွေးအားနည်းခြင်းဆိုတာဟာ သွေးအတွင်းရှိသွေးနီဥ(ခေါ်) haemoglobinများရဲ့ အောက်စီဂျင်သယ်ဆောင်နိုင်စွမ်းရည်ကျခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။

သွေးအားနည်းခြင်းအမျိုးမျိုးထဲကမှ သံဓာတ်ချိုတဲ့ခြင်းကြောင့်သွေးအားနည်းခြင်းဆိုတာဟာ Haemoglobin ထုတ်လုပ်ရာမှာပါ၀င်တဲ့ သံဓာတ်တွေ ခန္ဓာကိုယ်တွင်း(လျော့နည်း)အားနည်းလာခြင်းပဲဖြစ်ပါတယ်။

– သံဓာတ်နည်းတော့ haemoglobinနည်း

– haemoglobinနည်းတော့ သွေးနီဥတွေနည်း

– သွေးနီဥနည်းတော့ အောက်စီဂျင်ကို ကောင်းကောင်းမသယ်နိုင်

– ထိုအခါ သွေးအားနည်းခြင်းလို့ခေါ်သည့် မူးမော် ရင်တုန် အားမရှိ နုန်းနယ်ခြင်းကိုခံစားရပေတော့သည်။

????သွေးအားနည်းခြင်း၏ ရောဂါလက္ခဏာများ

• နှုန်းချိ ၊ မောပန်းလွယ်၊ ဖြူဖျော့၊ အာရုံစူးစိုက်မှု မရှိခြင်း

• မူးခနဲ မိုက်ခနဲဖြစ်ခြင်း

• မျက်ခွံအတွင်းသားများ ဖြူဖျော့နေခြင်း….စသည်တို့ကိုတွေ့နေရလျှင် သွေးအားနည်းနေပြီဟု အကြမ်းဖျင်း သံသယဝင်ရပေလိမ့်မည်။

????သံဓာတ်ချိုတဲ့ခြင်း​ကိုဖြစ်စေသော အကြောင်းအရာများ

(၁) နေ့စဥ်စားသောက်သောအစားအစာများထဲတွင် သံဓာတ်အလုံအလောက်မပါခြင်း ( အဓိကအားဖြင့် ကြီးထွားခါစ နီတာရဲ ကလေးငယ်များနှင့် သတ်သတ်လွတ်စားသူများ )

(၂) ခန္ဓာကိုယ်၏ အူလမ်းကြောင်းများမှ သံဓာတ်ကို စုပ်ယူမှုအားနည်းခြင်း ( အဓိက အူလမ်းကြောင်းရောဂါများ )

(၃) သွေးထွက်များခြင်းမှတစ်ဆင့် သွေးများဆုံးရှုံးခြင်း ( အမျိုးသမီးများရာသီသွေးများခြင်း ၊အစာအိမ်အူလမ်းကြောင်း အနာများ ၊ ကင်ဆာ အကြိတ်များနှင့်လိပ်ခေါင်းမှသွေးယိုခြင်း )

(၄) သွေးများများ လိုအပ်နေသည့်အချိန် ( ကိုယ်၀န်ဆောင်၊ ကလေးနိုတိုက်မိခင်များ၊ ကြီးကောင်ပေါက်အရွယ် )

*** အထက်ပါ အကြောင်းအရာ (၄) ချက်ထဲမှ တစ်ချက်နှင့်ကြုံတွေ့နေချိန် သွေးအားမနည်းအောင်(သံဓာတ်) သတိထား ဖြည့်တင်းရပါမည် ***

❓ဘယ်သူတွေမှာ ဖြစ်နိုင်​ချေများသလဲ

(၁) နေ့မစေ့လမစေ့ မွေးလာသောကလေးများ

(၂) ၆လနှင့်အထက်ကလေးများ(ကျွေးမွေးသောအစားအစာများတွင်နွားနိုနှင့်နိုထွက်ပစ္စည်းများသာပါဝင်နေပီး သံဓာတ် ပါ၀င်မှုနည်းခြင်း)

(၃) သက်ကြီးရွယ်အိုများ ( အစားအသောက် နည်းခြင်းနှင့် နာတာရှည်ရောဂါများခံစားနေရခြင်း)

(၄) သတ်သတ်လွတ်သမားများ

(၅) အားကစားသမားများ ( ချွေးနှင့်ဆီးထဲတွင်သံဓာတ်ဆုံးရှုံးမှုများရှိနေခြင်း )

(၆) အမျိုးသမီးများ (ရာသီသွေးများခြင်းနှင့် ဓမ္မတာရက်ကြာပီး သံဓာတ်ဖြည့်တင်းဖို့ မေ့လျော့နေခြင်း)

(၇) တခြားသောအခြေအနေများ ( ကြီးကောင်ပေါက်အရွယ်၀င်ချိန် ၊ aspirinနှင့် အကိုက်အခဲ​ပျောက်ဆေးများအလွန်အကျွံသောက်ပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွင်းသွေးယိုနေချိန် ၊ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဒေသများတွင် နေထိုင်သူများ၌ တွေ့ရသော သန်ကောင်ရှိသူများ / သန်ချဆေး ပုံမှန်မသောက်သူများ)

❓သံဓာတ်ချိုတဲ့မှုကို ဘယ်လိုရှာဖွေသတ်မှတ်မလဲ

သံဓာတ်ချိုတဲ့ရောဂါဟုသတ်မှတ်ရန် အပြင်ပန်းကြည့်ပြီး သံသယဝင်ခန့်မှန်းနိုင်သော်လည်း တိတိကျကျ ကုသမှုလိုအပ်သောအခါ သွေးဖောက်စစ်ရန် လိုအပ်ပါသည်။

❓အဓိက ပြဿနာဟာ ဘာလဲ

သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ရောဂါတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကိုတော့ ရှာဖွေဖော်ထုတ်ရပါမယ်။ ဒါဟာ အရေးကြီးပါတယ်…..

အသက်ကြီးတဲ့သူတွေမှာဆိုရင် အစာအိမ်အူလမ်းကြောင်းကနေ သွေးထွက်နေတာလား ၊ ကင်ဆာရောဂါတစ်ခုခုများ ရှိနေတာလား ဆိုတာအထိ စဥ်းစားဖို့လိုပါတယ်။ လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေကို ပြုလုပ်ဖို့လိုအပ်လိမ့်မယ် ( ဥပမာ အစာအိမ်မှန်ပြောင်းကြည့်တာမျိုး )

????ကုသခြင်းများ

အစားအစာမှာ သံဓာတ်အားနည်းခြင်းကြောင့်ဆိုရင်တော့ နေ့စဥ်စားသုံးနေတဲ့ အစားအစာများမှာ အသားတစ်မျိုးမျိုးပါအောင် သတိထားစားသုံးရပါမယ်။ လိုအပ်ပါကသံဓာတ်အားဆေးများကို ဆရာဝန်ညွှန်ကြားမှုနှင့် သောက်သုံးနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းတို့မှတစ်ဆင့် သွေးများဆုံးရှုံးခြင်းကိုမူ မှန်ပြောင်းကြည့်၍ကုသသော ကုသနည်းများနဲ့ ချက်ချင်းတားဆီးနိုင်ပါတယ်။

လိုအပ်လျှင်သွေးသွင်းကုသမှုကို ပြုလုပ်ရနိုင်ပါတယ်။

✔️သံဓာတ်အားဖြည့်သောအစားအစာများ

– အဓိကအားဖြင့် အသားဓာတ်ပါ၀င်မှုများသော အသားများ နေ့စဥ်သတိထားအားဖြည့်စားသုံးပေးပါ (အမဲသား၊၀က်သား၊ငါး-တူနာ၊ခရုကမာကောင်များ၊အသည်းဟင်းများနှင့် ဥအမျိုးမျိုး )

– သံဓာတ်ကြွယ်ဝသောအသီးအရွက်များ > အစိမ်းရောင်ပါသောအရွက် ( ဟင်းနုနွယ်၊မုန်ညှင်းဖြူ silverbeet၊ဆပ်လတ်ရွက် )

– ပဲအမျိုးမျိုး > ပဲကတ္တီပါ kidney bean ၊ ရွှေဖရုံသီးနှင့်ကန်စွန်းဥ

– အသီးများ > အသီးခြောက် ( ဇီးသီး၊သဖန်းသီး၊စပျစ်သီး )၊ အသီးဖျော်ရည်များ( ဇီးသီးနှင့်အနက်ရောင်ဘယ်ရီသီး )

အသီးအများစုတို့ကို လတ်လတ်ဆတ်ဆတ်စားသုံးရန် လိုအပ်ပါသည်။

– အစေ့အဆံများ > သံဓာတ်ဖြည့်ထားသောပေါင်မုန့်နှင့်ဆန်များ၊ Oat meal cereal ဟုခေါ်သည့် ကွေကာအုပ်များ၊ ပဲပိစပ်နှင့် ရွှေဖယုံစေ့

– သံဓာတ်စုပ်ယူမှုအားကောင်းစေသောအစာအစာများ > (အချဥ်ဓာတ်/ဗီတာမင်စီ ကြွယ်၀သောအစားအစာများ)

သံဓာတ်ကြွယ်ဝသောအစားအစာများကို ဖြည့်တင်းစားသုံးပေးခြင်းဖြင့် သံဓာတ်ချိုတဲ့နေခြင်းမှ ကာကွယ်နိုင်ပါသည်။

❗️သံဓာတ်ချိုတဲ့နေ၍ သံဓာတ်အားဖြည့်ဆေးသောက်နေချိန် နွားနို့ကို 500 ml (ရေသန့်ဘူး တစ်၀က်) ထက်ပိုမသောက်ရပါ/ရောမသောက်ရပါ။ ကဖိန်းဓာတ်ပါသောကော်ဖီ ၊ လက်ဖက်ရည်လျော့သောက်ပါ/ရှောင်ကြဥ်ပါ/ဆေးနှင့်ရောမသောက်ရပါ။

❗️သံဓာတ်အားဖြည့်ဆေးကို အစာမစားမှီ နာရီဝက်ကြိုသောက်ပါ ( အစာနှင့်အတူ မသောက်ပါနှင့် )

ဖြစ်နိုင်လျင် Vitamin Cနှင့် အတူ ရောသောက်ပါ ( ဗီတာမင်စီသည် သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါသည် )

❗️သံဓာတ်အားဖြည့်ဆေးကို တခြားဆေးများနှင့် အချိန်ခွာ၍ သောက်ပါ ( အထူးသဖြင့် အစာအိမ်ဆေးများသောက်နေလျင် ၂နာရီခွာ၍ သောက်ပါ )

❗️နိုဘူးတိုက် ကလေးငယ်များကို သံဓာတ်ဖြည့်တင်းထားသောနိုမှုန့်များရွေးတိုက်ပါ။ ဖြည့်စွက်စာကျွေးသောအခါတွင်လည်း သံဓာတ်ပါသောအစားအစာများရွေးကျွေးပေးပါ။

*** သင့်မှာသံဓာတ်ချိုတဲ့နေသည်ဟုယူဆပါက အစားအစာ သတိထားစားပေးပါ။ သွေးထွက်များခြင်းကြောင့် သံဓာတ်ဆုံးရှုံးမှုများနေပါက ဆရာ၀န်နှင့်တိုင်ပင်ကာ ကုသမှုခံယူပါ ***

သံဓာတ်ချိုတဲ့ခြင်းကြောင့်ခံစားနေရသောဘေးဒုက္ခများကို လူသားတိုင်းလွတ်မြောက်နိုင်ပါစေ။

————————။ ။———————

….

….

ဆေးခန်းကပေးလိုက်တဲ့ သံဓာတ်ချို့တဲ့မှုအကြောင်းပညာပေးစာရွက်လေးဖတ်အပြီးမှာတော့ အားလုံးရဲ့မျက်နှာတွေ ဝင်းလက်လာပြီး ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြတော့သည်…

” ဒါဆို သန်းမြက သံဓာတ်ချို့တဲ့နေတာပေါ့နော့်။ ထင်တယ်…အဲ့ကောင်မလေး အစားအသောက် ချေးများနေတာကြောင့် တစ်ခုခု အားနည်းနေတာနေမှာဆိုပြီး…..”

” ဟုတ်ပ…သူက တော်သင့်ရုံ အသားငါးလည်း သိပ်စားတာမဟုတ် “

” စာထဲကလို အူထဲ သွေးယိုနေတာများလားဟယ် “

” သူ့ကြည့်ရတာ လုံချည်လည်း များပုံပေါ်တယ်…လူကြည့်ရတာ ဖြူဖတ်ဖြူလျော်နဲ့ “

” သံဓာတ်အားပြည့်အောင် ရွာကနေ ဇီးသီးတွေ မှာလိုက်ရင် အဆင်ပြေမယ်ထင်တယ် “

… … …

အသံဗလံမျိုးစုံကြား နားကြားပြင်းကပ်လာသော ဦးဘညွန့်တစ်ယောက် မနေသာတော့…

” ဟိတ်…တော်ကြတော့

ဒီမှာ ဆရာဝန်က အားလုံးမေးမြန်းစမ်းသပ်ပြီး ဆေးတွေ ပေးလိုက်ပြီ။ ညဥ်းတို့ လျှာမရှည်ကြနဲ့တော့…ဒီဆေးတွေသာ သေချာတိုက်ပေး ကြားလား “

” ဟုတ်…ဟုတ် ဘကြီး

ဆေးတွေကိုလည်း စာထဲမှာပါတဲ့အတိုင်း သေချာတိုက်ပါ့မယ်။ အစားအသောက်ကိုလည်း ဂရုတစိုက်စားဖို့ ပြောပါ့မယ်…..ဒါ့ထက် ဘကြီး…….”

” အေး ပြော “

” သံဓာတ်အားမနည်းအောင် ဈေးထဲသွားပြီး အသားလေး တစ်ပိဿာလောက် ဝယ်ချင်လို့….နှစ်သောင်းလောက်….”

” တိန် ! “

The End

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.296

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

  Published on: 21 July 2022
Last Updated: 21 July 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...