အရိုးပါး / အရိုးပွရောဂါ

အရိုးပွရောဂါဆိုတာက ဘာလဲ ?

  • အရိုးပွရောဂါကို လွယ်လင့်တကူ မှတ်ရရင်တော့ အပေါက်များနှင့်အရိုးလို့ မှတ်နိုင်ပါတယ်။ ကယ်လဆီယမ် ဆုံးရှုံးခြင်းကြောင့် အရိုးတွေ အားနည်းကြွပ်ဆတ်လာပြီး အရိုးတွေပါးလာခြင်းပဲဖြစ်ပါတယ်။ အရိုးထုထည်သိပ်သည်းမှုက အသက်၂၀ကနေ ၄၅နှစ်အထိ အများဆုံးဖြစ်ပြီးတော့ အသက် ၅၀နောက်ပိုင်းမှာ တဖြည်းဖြည်းလျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။

ဘယ်သူတွေမှာ ဖြစ်တတ်လဲ ?

  • အဓိကအားဖြင့်တော့ ရာသီသွေးဆုံးပြီး သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသမီးတွေမှာ အတွေ့ရဆုံးဖြစ်ပြီးတော့ အမျိုးသားတွေမှာလဲ ဖြစ်တတ်ပါတယ် ။ အမျိုးသမီးတွေမှာ ၃ယောက်မှာ ၁ယောက်ဖြစ်လေ့ရှိပြီး အမျိုးသားတွေမှာတော့ ၅ယောက်မှာ ၁ယောက် ဖြစ်လေ့ရှိပါတယ်။

အရိုးပွနိုင်ခြေအများဆုံးသူတွေကတော့

  • အသားဖြူလူမျိုး နဲ့ အာရှလူမျိုးတွေ
  • အရိုးပွ‌ရောဂါ မိသားစု ရာဇဝင်ရှိတဲ့သူတွေ
  • စီးကရက် ၊ အရက် ၊ ကော်ဖီ (တစ်နေ့ကို သုံးခွက်နှင့်အထက်) သောက်တဲ့ သူတွေ
  • ကိုယ်လက်လှုပ်ရှားအားကစား နည်းတဲ့သူတွေ
  • နေ့စဥ်အစားအသောက်မှာ ကယ်လဆီယမ်ပါဝင်မှုနည်းပါးတဲ့သူတွေ
  • နေရောင်ခံလေ့မရှိတာကြောင့် ဗီတာမင် D ရရှိမှု နည်းတဲ့သူတွေ
  • အချိန်မတိုင်မီ ရာသီသွေးဆုံးခြင်းကြောင့် အီစထရိုဂျင်ဟော်မုန်း ( Estrogen ) နည်းပါးတဲ့သူတွေ
  • ကော်တီဆုန်း (Cortisone) စတီးရွိုက်ဆေးပြားတွေ နှစ်ရှည်လများသောက်သုံးနေရသူတွေ
  • Endocrineလို့ခေါ်တဲ့ ဂလင်းအကျိတ်ရောဂါတွေ (ဥပမာ – သိုင်းရွိုက်‌ရောဂါ) နဲ့ ရောင်ရမ်းခြင်းရောဂါ ( ဥပမာ – အူရောင်ရမ်းတဲ့ ရောဂါ၊ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းတဲ့ ရောဂါ)ရှိတဲ့သူများ ပါဝင်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ?

  • ချော်လဲကျပြီး တင်ပါးဆုံရိုး ၊ ခါးရိုးနဲ့ ကျောရိုးကျိုးခြင်းတို့နဲ့ လာလေ့ရှိပါတယ်။ တစ်ခါတရံမှာတော့ ထိခိုက်အနာတရမရှိပဲ အရိုးကျိုးတာမျိုး ဖြစ်နိုင်ပါတယ် ( ဥပမာ ချောင်းဆိုးခြင်းကြောင့် နံရိုးကျိုးတာမျိုး )။ အရိုးကျိုးခြင်းကြောင့် ကျိုးတဲ့နေရာမှာ နာကျင်ကိုက်ခဲခြင်း၊ ကိုယ်ခန္ဓာအနေအထားမမှန်ခြင်း ( ဥပမာ၊ ၊ လက်ပြင်ကုန်းခြင်း) တို့ကိုလည်း ခံစားရတတ်ပါတယ်။ အရိုးပွခြင်းကြောင့် ကျောရိုးကျိုးပြီးတဲ့အခါ “ Dowager’s hump” လို့ခေါ်တဲ့ အပေါ်ဖက်ကျောရိုးဆစ်တွေက အပြင်ကို ‌‌ငေါထွက်ပြီး အရိုးအနေအထား မမှန်ကန်ဘဲ ကြီးထွားလာတာကို တွေ့ရပါတယ်။

အရိုးပွရောဂါရှိတာကို ဘယ်လိုသိလဲ ?

  • အများစုကတော့ ရောဂါရှိတာကိုမသိကြပါဘူး ။ ဘာကြောင့်လဲဆိုတော့ အရိုးက မသိမသာ ပါးနေတာမို့လို့ပါ ။ အများအားဖြင့် တင်ပါးဆုံရိုး ၊ ခါးရိုးနဲ့ ကျောရိုးဆစ်တွေကျိုးတဲ့အခါမှသာ အရိုးပွနေတာကို သတိထားမိတတ်ကြပါတယ် ။ သာမာန်ရိုးရိုးဓါတ်မှန် X-ray ရိုက်ရုံနဲ့လဲ အရိုးပွနေတာကို ရာနှုန်းပြည့် မသိနိုင်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေဟာ ၅၀ ရာခိုင်နှုန်းလောက် မပျက်စီးသ၍ X-ray မှာ အရိုးပွတာကို ရှာမတွေ့ နိုင်လို့ပဲ ဖြစ်ပါတယ် ။

ဒါဆိုအရိုးပွရောဂါ ရှိမရှိ ဘယ်လိုစစ်ဆေးမလဲ ?

  • Bone mineral densityကို တိုင်းတာဖို့လိုပါတယ်။ ဒါကို စစ်ဖို့ဆိုရင်တော့ Dual energy X-ray Absorptiometry (DEXA) လို့ခေါ်တဲ့ ခါးဆစ်ရိုးနဲ့ တင်ပါးဆုံရိုးကို အထူး X ray ရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ အသက် ၅၀နှစ်အထက် လူနာတွေ၊ စတီးရွိုက် နှစ်ရှည်လများ သောက်နေရတဲ့သူတွေ၊ အချိန်မတိုင်ခင် ရာသီသွေးဆုံးတဲ့ အမျိုးသမီးတွေမှာ အရိုးပွနိုင်ခြေအများဆုံးဖြစ်တဲ့အတွက် DEXA ရိုက်ပြီး ရောဂါရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်။
  • အရိုးပွခြင်းကြောင့် အရိုးကျိုးတာကိုတော့ အရိုး X-ray , ကျောရိုး CTနဲ့ MRIတို့ရိုက်ပြီး စစ်ဆေးနိုင်ပါတယ်။
  • အရိုးပွခြင်းကိုဖြစ်စေတဲ့ တခြားရောဂါတွေ ရှိ/မရှိ သိနိုင်ဖို့ သွေးစစ်ဆေးဖို့လည်း လိုအပ်ပါတယ်။

အရိုးမပွအောင်အတွက် ဘာတွေလုပ်ရမလဲ ?

  • တင်းနစ်ရိုက်ခြင်းနဲ့ လမ်းလျှောက်ခြင်း ( ဥပမာ တစ်ပတ်မှာ ၅ရက် ၊ တစ်ရက်ကို နာရီဝက်ကြာအောင် လမ်းလျှောက်ခြင်း )တို့လို ကိုယ်အလေးချိန်ထိန်းတဲ့ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးခြင်း
  • ဆေးလိပ်၊ အရက်၊ ကော်ဖီ ဖြတ်ခြင်း
  • ကျန်းမာ‌‌ရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားခြင်း – တစ်နေ့တာ အစားအစာမှာ ကယ်လဆီယမ်လုံလောက်အောင် စားသုံးခြင်း
  • တစ်ရက်ကို 1000-1500 mg ကယ်လဆီယမ် စားသုံးခြင်း ၊ ကယ်လဆီယမ်ပါဝင်ပြီး အဆီနည်းသော နို့နှင့် နို့ထွက်ပစ္စည်း၊ ငါး (အရိုးပါသော ဆာဒင်း , ဆယ်လမွန် , ငါးသေတ္တာ ) ချဥ်သော အသီးအနှံ၊ နှမ်းနှင့်နေကြာစေ့၊ ဗာဒံ နှင့် တို့ဖူး တို့ စားသုံးခြင်း
  • ဗီတာမင် D မှီဝဲခြင်း
  • နေရောင်ခံပြီးရတဲ့ ဗီတာမင် D ကအကောင်းဆုံး ဖြစ်ပါတယ် (တစ်နေ့ကို မိနစ် ၂၀ ခန့် နေရောင်ခံတာက အသင့်တော်ဆုံးပါ) ဒါပေမယ့် နွေရာသီမှာတော့ အပူဆုံး အချိန်တွေ ဖြစ်တဲ့ မနက် ၁၀နာရီကနေ ညနေ ၃နာရီကြား နေရောင်ခံခြင်းကိုတော့ ရှောင်ကြဥ်ရပါမယ်။ အရေပြားကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့အတွက်ကြောင့်ပါ ။

ဘာဆေးတွေ သောက်သုံးဖို့ လိုအပ်လဲ ?

  • အရင်တုန်းကတော့ ရာသီသွေးဆုံးပြီးနောက်ပိုင်းမှာ အီစထရိုဂျင် ပါဝင်တဲ့ ဟော်မုန်းအစားထိုး Therapy တွေနဲ့ ကုသဖို့ အကြံပြုကြပေမယ့် အခုတော့ အဲ့ဒီ Therapy နဲ့ ဆက်လက် မကုသတော့ပါဘူး ။ အခုနောက်ပိုင်းမှာတော့ အရိုးပွခြင်းကို သက်သာစေတဲ့ ဆေးတွေ ထွက်ပေါ်နေပါပြီ။တတ်ကျွမ်းနာလည်သူဆရာဝန်နဲ့တိုင်ပင်ပြီး မိမိမှာအရိုးပွရောဂါ ရှိ/မရှိ စစ်ဆေးကာ သောက်သုံးနိုင်ပါတယ်။
  • အဓိကအရေးကြီးတာကတော့ အရိုးပွခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အငယ်ပိုင်းမှာ ရောဂါစတင်ပေမယ့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းမှာသာ ရောဂါမြန်မြန်ဆိုးလာတာကို တွေ့ရပါတယ်။ ဒါကြောင့် အရိုးပွခြင်းရဲ့ နောက်ဆက်တွဲ အရိုးမကျိုးရအောင် ၊ အဓိကကတော့ ချော်မလဲအောင် ဂရုတစိုက်နေပြီး ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
  • ဒီလောက်ဆို အရိုးပွရောဂါနဲ့ ပတ်သက်ပြီး အထိုက်အလျောက် ဗဟုသုတရရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အားလုံးပဲ အရိုးပွရောဂါမဖြစ်အောင် ဂရုတစိုက်နေထိုင်ကြပါလို့ တိုက်တွန်းပါရစေ။

Reference – ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.114Davidson 23rd Edition, pp.1044

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.