ရာသီသွေးအဆင်းနည်းခြင်း (Oligomenorrhoea)
အမျိုးသမီးတွေရဲ့ နေ့စဥ်ဘဝကျန်းမာရေးမှာ ရာသီစက်ဝန်းကလည်း အရေးကြီးတဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်းအနေနဲ့ မိမိရဲ့ကျန်းမာရေးအတွက် လစဥ်လတိုင်း မိမိရဲ့ဓမ္မတာကို ဂရုစိုက်နေဖို့ အရေးကြီးပါတယ်။
ဒီနေ့မှာတော့ ဓမ္မတာပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ရာသီသွေးအဆင်းနည်းခြင်းအကြောင်းကို ပြောပြသွားမှာပါ။
…
အမျိုးသမီးတွေမှာ ပုံမှန်ဆိုရင် (၂၈) ရက်ကြာတစ်ခါ ရာသီစက်ဝန်း လည်လေ့ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ခါနဲ့တစ်ခါအကြား (၂၁) ရက်ကနေ (၃၅) ရက်ထိကြာတတ်ပြီး ဒီလောက်ကာလအပိုင်းအခြားကို ပုံမှန်လို့ သတ်မှတ်နိုင်ပါတယ်။
ရာသီသွေး အဆင်းနည်းရင်တော့ ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြား ကာလအပိုင်းအခြားဟာ ကမောက်ကမ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ရှေ့လ ဓမ္မတာလာပြီး နောက်ထပ် (၃၅) ရက်ကျော် ကြာတဲ့အထိ ရာသီသွေးမဆင်းဘဲ ရှိတတ်ပါတယ်။ တစ်လတစ်ခါ မှန်မှန် ဓမ္မတာလာရမယ့်အစား တစ်နှစ်မှာ ခြောက်ကြိမ်ကနေ ရှစ်ကြိမ်အထိသာ ဓမ္မတာဆင်းတာတွေ ဖြစ်တတ်ပါတယ်။
…
…
????ဓမ္မတာထိမ်တာနဲ့ ဓမ္မတာနည်းတာ ဘယ်လို ကွာခြားလဲ
ဓမ္မာတာထိမ်တာကတော့ ဓမ္မတာလုံးဝမဆင်းတော့တာ ဖြစ်ပြီးတော့ ဓမ္မတာအဆင်းနည်းတာကတော့ ပုံမှန်ဓမ္မတာ မလာဘဲ အဆင်းနည်းတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဒီလို ဓမ္မတာအဆင်းနည်းတာကတော့ ရာသီလာတဲ့အမျိုးသမီးတွေရဲ့ (၁၂%) ကနေ (၁၅%) မှာ ဖြစ်တတ်ပြီးတော့ ကလေးရနိုင်ဖို့ အခက်အခဲရှိတဲ့ အမျိုးသမီးတွေရဲ့ (၁၀% – ၂၀%) မှာလည်း ဒီလိုပြဿနာတွေ ခံစားရနိုင်ပါတယ်။
ရာသီသွေးအဆင်းနည်း၊ ဓမ္မတာမမှန်တဲ့ အမျိုးသမီးတွေမှာ ဒီလို ဓမ္မတာအဆင်းနည်းတဲ့ ပြဿနာတွေအပြင်….
– ဝက်ခြံထွက်တာ
– ခေါင်းကိုက်တာ
– ခန္ဓာကိုယ်တွေ ပူနွေးလာတာ
– ဗိုက်အောင့်နာကျင်တာ
– အဖြူဆင်းတာ
– မျက်စိအမြင် ဝေဝါးလာတာ
– မျက်နှာနဲ့ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အမွှေးအမျှင်တွေ ပိုထွက်လာတာ အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
…
…
????ဘာကြောင့် ရာသီသွေးအဆင်းနည်းတာ၊ ဓမ္မတာမမှန်တာ ဖြစ်ရတာလဲ
• Polycystic ovarian syndrome (PCOS) လို့ခေါ်တဲ့ သားဥအိမ်နှစ်ဖက်လုံး ရေအိတ်တည်တဲ့ရောဂါကြောင့်
• သားဥအိမ်နဲ့ ကျောက်ကပ်အပေါ်နားလေးက adrenal gland တို့မှာဖြစ်တဲ့ အကျိတ်ကြောင့်
• Cortisol ဟော်မုန်းတွေ အများကြီးထုတ်တဲ့ cushing’s syndrome လို့ခေါ်တဲ့ ရောဂါကြောင့်
• ဦးနှောက်ထဲမှာရှိတဲ့ pituitary gland မှာဖြစ်တဲ့ အကျိတ်ကြောင့်
• သိုင်းရွိုက်ဟော်မုန်းများတဲ့ ရောဂါကြောင့်
• အမျိုးသမီးတွေမှာ မျိုးပွားအင်္ဂါတွေထဲ ပိုးဝင်ရောင်ရမ်းတဲ့ရောဂါ (Pelvic inflammatory disease) ကြောင့်
• ဆီးချိုရောဂါအခံကြောင့်
• တစ်ခါတစ်ရံမှာ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တဲ့အခါ
• Bulimia လို့ခေါ်တဲ့ အစားအသောက်တွေ အလွန်အကျွံစားပြီးမှ အတင်းအန်တာတို့လို စားသောက်မှုပုံစံ ပြဿနာ (eating disorder) တွေ ရှိတဲ့အခါ
• သန္ဓေတားဆေးလိုမျိုး ဆေးတွေ သောက်သုံးရတဲ့အခါတွေမှာလည်း ဖြစ်တတ်လေ့ရှိပါတယ်။
ဒါကြောင့် လစဥ်ဆက်တိုက် ရာသီသွေးအဆင်းနည်းတယ်၊ ဓမ္မတာမမှန်ဘူးလို့ ခံစားရတဲ့အခါတွေမှာ မပေါ့ဆဘဲ နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြသသင့်ပါတယ်။
…
…
ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေ သောက်သုံးတာအပြင်…
– သင့်တော်တဲ့ ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းသိမ်းဖို့
– စိတ်ဖိစီးမှု ကင်းဝေးအောင်နေဖို့
– လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့
– စိတ်အပန်းဖြေဖို့
– မိမိမှာရှိနေတဲ့ ရောဂါအခံတွေကို စနစ်တကျကုသဖို့လည်း လိုအပ်ပါတယ်။
.
ဒီလောက်ဆို အမျိုးသမီးတိုင်းအတွက် သိသင့်တဲ့ ဓမ္မတာမမှန်၊ ရာသီသွေးအဆင်းနည်းခြင်းနဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ ဗဟုသုတ ရရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အမျိုးသမီးတိုင်း အထက်မှာဖော်ပြထားခဲ့တဲ့ အချက်တွေအတိုင်း လိုက်နာရင်း သာယာကျန်းမာတဲ့ ရာသီစက်ဝန်းတိုင်းကို ပိုင်ဆိုင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။
Ref : ????
https://my.clevelandclinic.org/…/22834-oligomenorrhea
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.