အခုဆိုရင် အာဟာရနဲ့ပက်သက်ပြီး ကျန်းမာရေးလိုက်စားသူတွေများလာတာနဲ့အမျှ အစေ့အဆံတွေကို စားသုံးသူများလာတာ ဆိုရှယ်မီဒီယာမှာ သတိထားမိကြမှာပါ။

????️ ဒီနေ့မှာတော့ အစေ့အဆံ ( ၅ )မျိုးရဲ့ ကျန်းမာရေးအကျိုးပြုပုံကို ပြောပြပေးပါမယ်။

..

..

(၁) ဗာဒံစေ့ (Almonds)

????️ ဗာဒံစေ့က သူ့ရဲ့အရသာ၊ အာဟာရဓာတ်ပါဝင်နှုန်း၊ စျေးသက်သာမှုတွေကြောင့် အစေ့အဆံတွေကြားမှာ လူသိများပါတယ်။

အစိမ်းစားလို့ရသလို လှော်ပြီးလည်းစားလို့ရပါတယ်။ ဗာဒံစေ့အရသာပါဝင်တဲ့ ထောပတ်၊ ဂျုံ၊ နို့ အမျိုးမျိုးကိုလည်း ထုတ်လုပ်လာကြပါပြီ။

➤ ဗာဒံစေ့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် E၊ မဂ္ဂနီဆီယမ်နဲ့ ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့အဆီတွေ ပါဝင်တာမို့ သွေးတွင်းဆိုးကျိုးပေးတဲ့ ကိုလတ်စထရော (LDL cholesterol) ကိုလျော့ချပေးနိုင်တဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

➤ ဓာတ်တိုးဆန့်ကျင်သတ္တိ (antioxidant)အာနိသင်ရှိတဲ့ ဗီတာမင် E က ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှကာကွယ်ပေးတာမို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

➤ အူလမ်းကြောင်း အကျိုးပြု ဘတ်တီးရီးယားတွေ ကြီးထွားဖွံ့ဖြိုးနှုန်းကို အားပေးတဲ့နေရာမှာလည်း ဗာဒံစေ့ဟာ ဆရာတစ်ဆူပါပဲ။

..

..

(၂) သီဟိုဠ်စေ့ (Cashews)

????️ သီဟိုဠ်စေ့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်စတဲ့ သတ္တုဓာတ်တွေ ၊ ဗီတာမင်K နဲ့ ပရိုတင်း တို့ပါဝင်ပါတယ်။

➤ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်လို့ အရိုးနဲ့ကြွက်သားတွေလုပ်ဆောင်ချက်ကို အားဖြည့်ပေးပါတယ်။

➤ သီဟိုဠ်စေ့ စားပေးခြင်းဖြင့် သွေးဖိအားကိုထိန်းညှိပေးပြီး Metabolic syndrome လို့ခေါ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတို့ကို လျော့နည်းစေပါတယ်။

..

..

(၃) သစ်ကြားသီး (Walnut)

????️ သစ်ကြားသီးဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုအာဟာရတွေပါဝင်တဲ့ အခွံမာသီးဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီဓာတ် ၆၅%၊ ပရိုတင်း ၁၅%၊ အမျှင်ဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

➤ သစ်ကြားသီးမှာ omega-3, omega-6 စတဲ့အကျိုးပြု အဆီဓာတ်တွေပါဝင်လို့ ခန္ဓာကိုယ်တွင်း ကိုလတ်စထရောပမာဏကို လျော့ချပေးပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ Omega-3 ဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုစေပြီး ခန္ဓာကိုယ်ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။

➤ အာရုံကြောအချက်ပြလုပ်ငန်းစဉ်အတွက် အင်ဇိုင်းထုတ်လုပ်ရာမှာ လိုအပ်တဲ့ Copper (ကော့ပါး)ဓာတ် အဓိကပါဝင်တဲ့အတွက် ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

..

..

(၄) မြေပဲ (Peanuts)

????️ မြန်မာလူမျိုးတို့အကြိုက် လက်ဖက်နဲ့ အကြော်စုံမှာ မပါမဖြစ်ဖြစ်တဲ့ မြေပဲကလည်း အကျိုးပြုအာဟာရတွေ များစွာပါဝင်ပါတယ်။

➤ သံဓာတ်နဲ့ Folate( vitamin B9) ကြွယ်ဝတဲ့ အတွက် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပါတယ်။

➤ ကျန်းမာရေးအတွက်အကျိုးပြုတဲ့ မပြည့်ဝဆီ ပါဝင်နှုန်းများတဲ့အတွက် မြေပဲဆီဟာ ဟင်းချက်ရာမှာ ကျန်းမာရေးနဲ့ အသင့်တော်ဆုံးလည်းဖြစ်ပါတယ်။

❗️သတိထားစရာအနေနဲ့

???? မြေပဲမှာ အပင်က ပရိုတင်းဓာတ် (plant-based protein) ပါဝင်နှုန်းများတဲ့အတွက် တစ်ချို့သူတွေအတွက် ပြင်းထန်သောဓာတ်မတည့်ခြင်း ဖြစ်စေနိုင်ပါတယ်။

..

..

(၅)နေကြာစေ့ (Sunflower seeds)

????️ လူကြိုက်အများဆုံးဖြစ်တဲ့ နေကြာစေ့ဟာလည်း တခြားအစေ့အဆံများနည်းတူ အာဟာရကြွယ်ဝပါတယ်။ အရသာပြုပြင်ထားတဲ့ နေကြာစေ့ကို စျေးကွက်မှာ အတွေ့ရများလာပါတယ်။

➤ နေကြာစေ့မှာပါဝင်တဲ့ အဆီဓာတ်ဟာ သွေးတွင်း ကိုလတ်စထရောကိုလျော့နည်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

➤ ဇင့်ဓာတ် (Zinc) အဓိကပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

➤ Vitamin B1 (Thiamine) ပါဝင်တာမို့ ကာဗိုလ်ဟိုက်ဒရိတ်တွေကို ဖြိုခွဲပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ စွမ်းအင်ကို ပြောင်းလဲပေးပါတယ်။ ရာသီလာစဉ် ကိုက်ခဲခြင်းဝေဒနာကိုလည်း သက်သာစေပါတယ်။

သွေးတိုးရှိတဲ့သူတွေအနေနဲ့ အရသာပြုပြင်ထားတဲ့ အငန်ဓာတ်များတဲ့ နေကြာစေ့မျိုးကိုတော့ ရှောင်စားသင့်ပါတယ်။

???? နေကြာစေ့ကို ကိုယ်တိုင် ခွာစားခြင်းမှတစ်ဆင့် စိတ်ခံစားချက် ကောင်းမွန်လာစေတယ်လို့လည်း ပြောကြပါတယ်။ စာဖတ်သူတို့ရော?

..

..

????️ အစေ့အဆံတွေရဲ့ အာဟာရဓာတ်ကြွယ်ဝမှု၊ ကျန်းမာရေးအကျိုးပြုမှုတွေဟာ ပြောမကုန်နိုင်အောင် များပြားလှပါတယ်။

“အစာလည်းဆေး…ဆေးလည်းအစာ” ဖြစ်ပေမယ့်

“တန်ဆေး…လွန်ဘေး” ဆိုတာလည်းရှိတာမို့ အစေ့အဆံ လက်တဆုပ်ခန့်သာစားပေးခြင်းက နေ့စဉ်လိုအပ်ချက်ပမာဏအနေနဲ့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

Reference ????

https://www.healthline.com/nutrition/9-healthy-nuts…

https://www.healthline.com/nutrition/foods/peanuts#fat

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here