သတိထားစရာ အသည်းရောဂါ (အပိုင်း- ၁)

-လူ့ခန္ဓာကိုယ် အသက်ရှင်ရပ်တည်ရန်အတွက် အသည်းသည် အင်မတန်မှ အရေးပါလှပါသည်။ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များအား အသည်းက ဖယ်ရှားချေဖျက်ပေးရုံသာမက ၊ နေ့စဥ်လိုအပ်သည့် အာဟာရဓါတ်အချို့ကိုလည်း အသည်းမှပင် ထုတ်လုပ်ပေးပါသည်။

-ထိုသို့ အရေးပါလှသည့်အသည်းနှင့်ပတ်သက်သည့် ရောဂါများ အများအပြားရှိသည့်အနက် ၊ မြန်မာပြည်မှ လူအများသတိထားမိလာပြီး အသက်အန္တရာယ် ခြိမ်းခြောက်လာသည့်ရောဂါတစ်ခုမှာ (အသည်းရောင်အသားဝါ ဘီပိုး စီပိုးနှင့်အတူ နောက်ဆက်တွဲ ဖြစ်လာသည့်) အသည်းကင်ဆာရောဂါပင်ဖြစ်ပါသည်။

-အသည်းကင်ဆာ ( Hepatocellular carcinoma ) သည် ကမ္ဘာပေါ်တွင် တတိယ အသေအပျောက်အများဆုံးသော ကင်ဆာ ရောဂါ တစ်ခုဖြစ်သလို ၊ မြန်မာနိုင်ငံတွင်လည်း (အဖြစ်အများဆုံးရောဂါများတွင် ပါ၀င်ပြီး) တတိယအသေအပျောက်အများဆုံးသော ကင်ဆာ‌ရောဂါလည်းဖြစ်ပါသည်။

-မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အသည်းကင်ဆာဝေဒနာ လူနာအသစ် ၅၀၀၀ကျော် နှစ်စဉ် တိုးပွားလာလျက်ရှိပါသည်။

ဘာကြောင့်ဖြစ်ပွားတတ်သလဲ?

-အများစုမှာ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးနှင့် အရက်သောက်ခြင်းတို့ကြောင့် အသည်းရောင်ရမ်းရာမှတဆင့် အသည်းခြောက်ကာ နောက်ဆုံးတွင် အသည်းကင်ဆာ အဖြစ်သို့ ကူးပြောင်းသွားခြင်းဖြစ်ပါသည်။

အသည်းအဆီဖုံးခြင်းနှင့် ငရုတ်သီးခြောက်တွင်အဓိကပါဝင်သော မှိုရောဂါပိုး (Alphlotoxin)တို့ကြောင့်လည်း ရံဖန်ရံခါ အသည်းကင်ဆာဖြစ်စေတတ်ကြောင်း တွေ့ရှိရပါသည်။

ဘာလို့အသေအပျောက်များတာပါလဲ?

– အသည်းကင်ဆာ ရောဂါ၏ အဓိက ကုထုံးမှာ ခွဲစိတ်ကုသခြင်း သို့ အသည်း အစားထိုးကုသခြင်း ဖြစ်ပါသည်။

-သို့ရာတွင် ရောဂါကို သိရှိမှု နောက်ကျခြင်းကြောင့် မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါရှိသူများ၏ သုံးပုံတစ်ပုံကို သာ ခွဲစိတ်ကုသနိုင်ပြီး ၊ အကျိတ်အရွယ်အစားကြီးမှ ခွဲရသောကြောင့် ၃နှစ်အတွင်း ရောဂါပြန်ဖြစ်ပွားမှုမှာ ၃၀%ခန့်ရှိပါသည်။

-ထို့ကြောင့် အဓိက သော့ချက်မှာ ရောဂါကို စောလျင်စွာ သိရှိပြီး ထိရောက်သော ကုသမှု ခံယူရန် နှင့် ရောဂါကို အမြဲမပြတ် စောင့်ကြည့်ရန်အရေးကြီးပါသည်။ သို့မှသာ ၅နှစ်တာ အသက်ရှင်နိုင်နှုန်း တိုးတက်လာပြီး၊ ရောဂါ ပြန်ဖြစ်ပွားမှု ကျဆင်းမည် ဖြစ်ပါသည်။

ဒါဆိုစောလျင်စွာ သိရှိနိုင်ဖို့ ဘာတွေ ကိုသတိထားရမလဲ၊ ဘာတွေလုပ်ဆောင်ရမလဲ?

-စောလျင်စွာ သိရှိနိုင်ရန် ဘီပိုး၊ စီပိုးရှိ လူနာများ အနေဖြင့် ဘီပိုး၊ စီပိုးရောဂါအား ဆရာ၀န်နှင့်တိုင်ပင်၍သေချာ ကုသရန်လိုအပ်ပါသည်။ ထိုသို့ သေချာကုသမှုခံယူပါက အသည်းကို လက်ရှိ အနေအထားမှ ပိုမို မဆိုးဝါးစေရန် ထိန်းထား နိုင်ပါသည် (သို့) ဆိုးဝါးမှု နှေးအောင် ပြုလုပ်နိုင်ပါသည်။ ထို့အပြင် လူနာများ အား သွေးစစ်ခြင်း ၊ USGရိုက်ခြင်းများ ပုံမှန်ပြုလုပ်ကာ အသည်းကင်ဆာဖြစ်မဖြစ် စောင့်ကြည့်၍ရပါသည်။

-အများအားဖြင့် အသည်းကင်ဆာမှာ အကျိတ်အတော်ကြီးသည်အထိ လက္ခဏာ မပြတတ်ပါ။ ထို့ကြောင့် လူက နေကောင်းနေတိုင်း မပေါ့သင့်ပါ။

-အချို့သော အသည်းကင်ဆာ လူနာများသည် အသည်းအားနည်းခြင်း(Chronic liver insufficiency)၊ အသည်းကြွတ်ခြင်း(Cirrhosis of Liver) နှင့်ဆိုင်သော ရောဂါလက္ခဏာများလည်း တွဲ၍ခံစားရနိုင်ပါသည်။ အသားဝါခြင်း၊ ရေဖျဉ်း စွဲခြင်း၊ သွေးအန်ခြင်း၊ ၀မ်းမည်းမည်းသွားခြင်း၊ သတိမမှန်ခြင်း စသည်ဖြင့်ခံစားရနိုင်ပါသည်။

ဒါဆိုအသည်းကင်ဆာဖြစ်ရင် ကုလို့ရသေးလား?

-ရပါသည်။ နည်းလမ်းမျိုးစုံရှိပါသည်။

၁-စောစီးစွာသိပါက မခွဲမစိတ်ပဲ ကုသခြင်း ( ablative therapy) (သို့မဟုတ်) အပေါက်ကလေး‌များပေါက်၍ ခွဲစိတ်ခြင်း (key hole surgery) (သို့မဟုတ်)ပုံမှန်ခွဲစိတ်ကုသခြင်း (open surgery) များဖြင့် ကုသနိုင်ပါသည်။

၂-အသည်းကင်ဆာအပြင် အသည်းအားနည်းပါက အသည်းအစားထိုး ကုသ၍လည်း ရပါသည်။

၃-အကျိတ်ကြီးမား၍ ခွဲစိတ်ရန် မဖြစ်နိုင်ပါကလည်း အကျိတ်ကိုပေးသောသွေးကြောကို လှမ်းပိတ်ခြင်း (TACE)ဖြင့် အကျိတ်ထွားနှုန်းနှေးအောင်၊ အကျိတ်သွေးငတ်အောင်ပြုလုပ်ကုသနိုင်ပါသည်။

(ဤကုထုံးများအား မြန်မာနိုင်ငံတွင် ပြုလုပ်၍ရနိုင်ပါသည်။)

ဘယ်လိုကာကွယ်နိုင်သလဲ?

လူတိုင်း အသည်းရောင် အသားဝါ ဘီပိုး စီပိုး ရှိမရှိ စစ်သင့်ပါသည်။ ရှိပါက မိသားစုကိုပါ ဆက်လက် စစ်ဆေးသင့်ပါသည်။

မရှိပါက ဘီပိုးကာကွယ်ဆေး ထိုးသင့်ပါသည်။ စီပိုးကတော့ ကာကွယ်ဆေး မရှိပါ။

အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကျဥ်ရပါမည်။

အချုပ်ဆိုရသော်

အသည်းကင်ဆာ ရောဂါသည် ကြောက်စရာ ကောင်းပြီး မြန်မာနိုင်ငံတွင် အဖြစ်များ သေနှုန်းများသော်လည်း စောလျင်စွာသိရှိပါက ရလဒ်ကောင်းမွန်သောကြောင့် ကုသမှု ရလဒ်များတိုးတက်ကောင်းမွန်စေရန် ပြည်သူလူထုမှ နားလည်သိရှိ ပူးပေါင်းပါ၀င် ရန် လိုအပ်လှပါသည်။

*** ပြည်သူများ ကျန်းမာရေးဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ဤကဏ္ဍကို တင်ဆက်ခြင်း ဖြစ်ပါသည် ***

ခွဲစိတ်အထူးကုဆရာဝန်ကြီးတစ်ဦး

တယ်လီကျန်းမာမိသားစု

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.