အသည်းပြည်တည်နာ (Liver abscess)
ညာဘက်နံရိုးအောက် အောင့်တာ၊ ညာဘက်ဗိုက်အပေါ်ဘက် အောင့်တာ၊ ဖျားတာ… စတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာပြီးနောက်၊ ၀မ်းဗိုက်ကို အာထရာဆောင်း (ultrasound) ရိုက်တဲ့အခါ အသည်းမှာ တစ်ခုခုတွေ့ပြီဆို ကြောက်ကြရပါတယ်။ အသည်းကင်ဆာလား၊ အသည်းပြည်တည်နာလား၊ အသည်းမှာ ရေအိတ်တည်တာလား စသဖြင့်ပေါ့။
ဘာပဲဖြစ်ဖြစ် တချို့အရာတွေက ultrasound တစ်မျိုးတည်းနဲ့ ဆုံးဖြတ်ရခက်တာမို့ တတ်ကျွမ်းတဲ့ဆရာ၀န်နဲ့ပြသပြီး လမ်းညွှန်ကုသမှုခံယူဖို့ လိုပါတယ်။
အခု ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ အသည်းပြည်တည်နာအကြောင်းပါ။
အသည်းမှာ ပြည်တည်နာဆိုပြီး တွေ့တာနဲ့ တတ်ကျွမ်းတဲ့ဆရာ၀န်နဲ့ပြသပြီး အမြန်ဆုံး လမ်းညွှန်ကုသမှုခံယူဖို့ လိုပါတယ်။
..
..
????အသည်းပြည်တည်နာမှာ အဓိကအားဖြင့် (၂) မျိုးရှိပြီး ဒါတွေကတော့….
(၁) ဘက်တီးရီးယား (Bacteria) ကြောင့်ဖြစ်တဲ့အသည်းပြည်တည်နာနဲ့
(၂) ပါရာဆိုက် (Parasite) ကြောင့်ဖြစ်တဲ့ အသည်းပြည်တည်နာဆိုပြီး ဖြစ်ပါတယ်။
.
(၁) Bacteria ကြောင့်ကတော့ အများအားဖြင့် သည်းခြေလမ်းကြောင်းမှာ ကျောက်တွေ (သို့) အနည်တွေများပြီး သည်းခြေလမ်းကြောင်းပိုး၀င်ရာကနေ ဖြစ်တာများပါတယ်။
ဗိုက်တွင်းတခြားနေရာက ပိုး၀င်ပြီး ရောက်လာရင်လည်း ဖြစ်နိုင်ပါတယ်။
.
(၂) Parasite ကြောင့် ဆိုတာကတော့ အများအားဖြင့် ၀မ်းကိုက်ပိုးကြောင့် ဖြစ်တာပါ။ ဒါဆိုရင်တော့ ၀မ်းကိုက်ရောဂါပါ တွဲခံစားရနိုင်ပါတယ်။
.
.
????ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုတော့….
– ဆီးချိုရောဂါရှိတဲ့သူ
– အသည်းခြောက်ရောဂါရှိတဲ့သူ
– ခုခံအားကျနေသူများ
– အမျိုးသားများ
– သက်ကြီးရွယ်အိုများ အစရှိတဲ့သူတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။
*** အစာအိမ်ဆေး (Proton-pump inhibitors) သောက်သူတွေမှာလည်း အသည်းပြည်တည်နာဖြစ်တာ တွေ့ရတယ်လို့ တချို့လေ့လာချက်တွေမှာ တွေ့နေရပေမယ့်၊ သေချာခိုင်မာဖို့အတွက်ကတော့ ဆက်လက် သုတေသနပြုလုပ်နေဆဲ ဖြစ်ပါတယ်။
..
..
????ရောဂါလက္ခဏာတွေကတော့ ….
– ဖျားမယ်
– ဗိုက်အောင့်မယ်
– ဝမ်းဗိုက်ကို ထိရင်နာမယ်
– ပိန်သွားမယ်
– ချမ်းစိမ့်စိမ့်နဲ့ နုံးမယ် စသဖြင့် ခံစားရတတ်ပါတယ်။
.
တချို့ လူအနည်းစုမှာတော့ အသည်းပြည်တည်နာ အလွန်ကြီးပြီး….
– ဗိုက်ထဲပေါက်သွားတဲ့အခါ ဗိုက်အရမ်းအောင့်တာ
– အပြင်ဘက်ကို ပေါက်ထွက်တာ
– အဆုတ်အိတ်ထဲ ပေါက်ထွက်တာ
– နှလုံးအိတ်ထဲ ပေါက်ထွက်တာ… စသဖြင့် ဖြစ်နိုင်ပါသေးတယ်။ ရှားတော့ရှားပါတယ်။
..
..
????ဘယ်လို ကုသမလဲ
ပြည်တည်ရင် ဖောက်ထုတ်လိုက်လေလို့ အလွယ်တကူပြောရအောင်ကလည်း အသည်းဆိုတာ ဝမ်းဗိုက်ထဲမှာပါ။
နောက်ပြီး အသည်းပြည်တည်နာဖြစ်တိုင်း ခွဲစရာမလိုပါဘူးတဲ့။
ဒါဆို ဘယ်လိုကုရမလဲပေါ့…. ????
.
အများစုမှာတော့ ပြည်တည်နာဟာ တစ်လုံးပဲ ဖြစ်တတ်ပြီး အပေါ်မှာဖော်ပြခဲ့သလိုတွေ ခံစားရရင် မပေါ့ဆဘဲ ဆရာ၀န်နဲ့သေချာသွားပြပါ။
အသည်းပြည်တည်နာရဲ့ အခြေအနေပေါ် မူတည်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာ ဆရာ၀န်က ညွှန်ကြားပါလိမ့်မယ်။ ခွဲရမှာကြောက်ပြီး မပြတာမျိုးလည် မလုပ်ပါနဲ့။
စိတ်ထဲ သက်သာရာရအောင် အကြမ်းဖျဥ်းလေး ဘယ်လို ကုသသလဲ၊ ဆရာ၀န်ညွှန်ရင် ဘာလို့ သေချာလိုက်နာရမလဲဆိုတာလေး ဆက်ပြီး ပြောပြပါ့မယ်နော်…
..
..
????ဆရာ၀န်ကိုသွားပြရင် ultrasound ရိုက်မယ်၊ လိုရင် သွေးစစ်ပါလိမ့်မယ်…
တစ်ချို့ အသည်းပြည်တည်နာတွေက ultrasound တစ်မျိုးတည်းနဲ့ ဆက်ကုသလို့ရပေမယ့် အချို့မှာတော့ လိုအပ်ရင် ကွန်ပြူတာဓာတ်မှန် (CT) ရိုက်ဖို့ လိုနိုင်ပါတယ်။ ဆရာ၀န်က လိုအပ်သလို ညွှန်ပါလိမ့်မယ်။
.
???? အသည်းပြည်တည်နာ အသေးလေးတွေမှာ ပိုးသတ်ဆေး ထိုးရုံ/သောက်ရုံနဲ့ ပျောက်ပါတယ်တဲ့။
ဒါပေမယ့် အနည်းဆုံး (၂) ပတ်ကနေ (၆) ပတ် (သို့) အဲဒီထက် ပိုကြာကြာသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။
ဒါကြောင့် ဆရာ၀န်က ပိုးသတ်ဆေး ကြာကြာသောက်ဖို့ မှာထားရင် မိမိသဘောနဲ့မိမိ မရပ်ရပါဘူး။ ညွှန်ကြားထားတဲ့အတိုင်း သေချာသောက်ပါ။
ရက်ချိန်း ပုံမှန်ပြပေးဖို့လည်း လိုပါတယ်။
.
???? အသည်းပြည်တည်နာ အလယ်အလတ်လောက်လေးတွေမှာတော့ ဗိုက်ပေါ်ကနေ ultrasound ထောက်ပြီး၊ အပ်ကလေးနဲ့ စုပ်တာ (ဒါမှမဟုတ်) ပိုက်သေးလေးထည့်တာ လုပ်ပြီး ပိုးသတ်ဆေးသောက်ပြီး ကုလို့ရပါတယ်တဲ့။
.
???? ဘယ်လိုပြည်တည်နာမှ ခွဲရလဲဆိုတော့
အကြမ်းအားဖြင့်….
– ပြည်တည်နာ ပေါက်သွားရင်
– အပေါ်ယံအရေပြားကနေ အပ်နဲ့စုပ်ဖို့ (ဒါမှမဟုတ်) ပိုက်ထည့်လို့ မလွယ်တဲ့နေရာမှာ ရှိနေရင်
– ခဏခဏစုပ်နေသော်လည်း မသက်သာရင်
– အရွယ်အစားကြီးနေရင်…. စတဲ့အခြေအနေတွေမှာ ခွဲစိတ်ကုသရနိုင်ပါတယ်။
မကုဘဲထားရင် အသည်းပြည်တည်နာဟာ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ပါတယ်။
ကုရင်တောင်မှ ရောဂါအခံပေါ်မူတည်ပြီး အရေးကြီးပါတယ်။
ကုပြီးလည်း ရံဖန်ရံခါ ပြန်ဖြစ်တတ်တာမို့ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း သေချာလိုက်နာပြီး ရက်ချိန်းပြန်ပြပါ။
မလိုအပ်ဘဲ ပြည်တည်နာလေးတစ်ခုကနေ လူကို ဒုက္ခပေးမခံပါနဲ့လို့ အကြံပြုလိုက်ရပါတယ်…။
ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး
Telekyanmar
Ref : ????
https:// www. hopkinsguides. com /hopkins/view/Johns_Hopkins_ABX_Guide/540259/all/Hepatic_Abscess
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.