MENU

Home Blog အဆီထုတ်တဲ့ခွဲစိတ်မှု Liposuction (December,2023)

အဆီထုတ်တဲ့ခွဲစိတ်မှု Liposuction (December,2023)

0
အဆီထုတ်တဲ့ခွဲစိတ်မှု Liposuction (December,2023)

ဘရာဇီးမှာနေထိုင်တဲ့ လူမှုကွန်ယက်မှာ ကျော်ကြားသူ (influencer) တစ်ဦးဟာ အဆီထုတ်တဲ့ခွဲစိတ်မှု (Liposuction procedure) လုပ်ပြီးတဲ့အခါ သေဆုံးသွားခဲ့ရတဲ့သတင်းကို ဖတ်မိဖူး၊ ကြားမိဖူးလိုက်ကြတဲ့သူတွေ ရှိမှာပါ။

ဒါကြောင့်မို့ Liposuction လို့ခေါ်တဲ့ အဆီထုတ်တဲ့ ခွဲစိတ်မှုမျိုးကို ပေါ့ပေါ့လေးတွေးပြီး မလုပ်မိဖို့နဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း သိရှိနိုင်ဖို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ကဲ… Liposuction ဆိုတာ ဘာလဲ…….

???? Liposuction ဆိုတာ ကိုယ့်ခန္ဓာကိုယ်ရဲ့ မလိုချင်တဲ့အဆီတွေကို ထုတ်ပစ်တဲ့ခွဲစိတ်မှုမျိုး ဖြစ်ပါတယ်။ Liposuction လုပ်တဲ့အခါမှာ မေ့ဆေး ဒါမှမဟုတ် ခါးရိုးထုံဆေးသုံးပြီး အရေပြားမှာ အပေါက်သေးသေးလေးတွေဖောက်မယ်။ ပြီးရင် အဆီစုပ်မယ့်ပြွန် (Cannula) ကို ခန္ဓာကိုယ်ရဲ့ အဆီလွှာထဲကို ထည့်၊ အဆီ‌ပျော်ဆေးထိုးပြီး မလိုချင်တဲ့အဆီတွေကို စုပ်ထုတ်ပစ်တာ ဖြစ်ပါတယ်။

???? များသောအားဖြင့် အဝလွန်တဲ့သူတွေ၊ လေ့ကျင့်ခန်းနဲ့ သင့်တင့်မျှတစွာ စားသုံးခြင်းဆိုတဲ့ (Diet) လုပ်တာတောင် ချရခက်တဲ့ အဆီတွေထုတ်ဖို့အတွက် ဒါမှမဟုတ် လှုပ်ရှားဖို့မလွယ်ဘဲ အမောမခံနိုင်တဲ့သူတွေ လုပ်‌လေ့ရှိတဲ့ နည်းလမ်း (Procedure) တစ်ခု ဖြစ်ပါတယ်။

???? များသောအားဖြင့် အဆီချရခက်တဲ့ နေရာတွေဖြစ်တဲ့ ပေါင်၊ ဗိုက်၊ လက်မောင်း၊ တင် နဲ့ ခါး စတဲ့နေရာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

???? အချိန်အားဖြင့်လည်း ၂ နာရီ၊ ၃ နာရီလောက်သာ ကြာပြီး ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားကို ချက်ချင်း ရရှိနိုင်တဲ့အတွက် အလှအပကြိုက်သူတွေကြားမှာ စိတ်ဝင်စားမှုများပါတယ်။

???? ဒါပေမယ့်လည်း အခုအခါမှာ ပုံမှန် ဒါမှမဟုတ် ပုံမှန်ထက် ဝိတ်တက်နေတဲ့သူတွေ၊ ဗိုက်နည်းနည်းပူတဲ့ သူတွေကအစ အစားအသောက်မရှောင်၊ လေ့ကျင့်ခန်းမလုပ်ဘဲ အဆီထုတ်တဲ့ခွဲစိတ်မှု (Liposuction) လုပ်ဖို့သာ စိတ်ဝင်စားနေကြတဲ့အတွက် (liposuction) လုပ်ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ (Pros and cons) ကို သိရှိဖို့ လိုအပ်ပါတယ်။

ဒါဆို Liposuction က တကယ်ရော အန္တရာယ်ကင်းရဲ့လား။ ဘာတွေ ကောင်းကျိုး ရှိတာလဲ…….

???? ကောင်းတဲ့အချက်ကို ပြောရမယ်ဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့အတိုင်း အဝလွန်တဲ့သူတွေ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး စိတ်မလုံခြုံတာမျိုး (emotionally insecure) ဖြစ်နေတဲ့သူတွေ၊ စိတ်ဓာတ်ကျ (depressed) နေတဲ့သူတွေအတွက် လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံ (result) ကို ချက်ချင်းမြင်ရတဲ့အတွက် စိတ်ကျန်းမာရေး (mental wellbeing) ကောင်းလာမယ်။ စိတ်ချမ်းသာလာမယ်ပေါ့လေ။

.

ဘာဆိုးကျိုးတွေရှိနိုင်လည်း ဆိုရင်တော့…….

???? ခွဲစိတ်မှုအသေးစား ဖြစ်ရင်တောင် ခွဲစိတ်တဲ့ဒဏ်ကို အနည်းနဲ့အများ ခံစားရနိုင်သလိုမျိုးပါပဲ…

– Liposuction လုပ်တဲ့နေရာတွေမှာ သွေးခြေဥတာ၊ ရောင်တာတွေ ရှိတတ်ပါတယ်။

– အခန့်မသင့်ရင် ပိုးဝင်တာ၊ ဆေးရုံမှာ ရက်ရှည်နေရတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

???? အစပိုင်းမှာ အမာရွတ် ထင်ကျန်နေတာမျိုးလည်း ဖြစ်နိုင်တယ်။

???? နောက်ပြီး ငွေကုန်ကြေးကျ များပါမယ်။

ကဲ… အပေါ်မှာပြောထားတဲ့ ဆိုးကျိုးတွေ (side effects) က လအနည်းငယ်ကြာရင် ပျောက်သွားတတ်ပေမယ့် တခြားအသက်အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ကျန်ပါသေးတယ်။

???? liposuction လုပ်တာမှာ မေ့ဆေး အသုံးပြုရတဲ့အတွက် မေ့ဆေးအန္တရာယ်၊ နောက်ပြီး အသုံးပြုရတဲ့ဆေးဝါးနဲ့ ဓာတ်မတည့်တာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ ပြင်းထန်ရင် သွေးပေါင်ကျတာ၊ အသက်ရှုရပ်တာမျိုးပါ ဖြစ်နိုင်တဲ့အတွက် liposuction ပြုလုပ်မယ့်နေရာက ဆေးရုံဆေးခန်းဖြစ်နေဖို့နဲ့ အရေးပေါ်အသက်ကယ်ဆေးဝါးတွေ ရရှိနိုင်တဲ့နေရာ ဖြစ်နေဖို့ အင်မတန်အရေးကြီးပါတယ်။

???? အဲဒီထဲမှာ အသက်အန္တရာယ် အရှိဆုံးကတော့ fat embolism လို့ခေါ်တဲ့ အဆီတွေ သွေးကြောထဲကနေတစ်ဆင့် အဆုတ်သွေးကြောမှာ သွားပိတ်ပြီး ရုတ်တရက် သေဆုံးနိုင်တာပါ။ ရောဂါဖြစ်ပွားမှုမှတ်တမ်းတွေ (case reports) ကို ကြည့်ရင် ၈.၅% (လူ ၁၀၀ မှာ ၈ ယောက်) က fat embolism ဝင်ပြီး သေဆုံးနိုင်တာကို တွေ့ရပါတယ်။ နောက်ပြီးတော့ ကိုယ်တွင်းကလီစာတွေ (internal organs) ကိုလည်း ထိခိုက်နိုင်ပါသေးတယ်။ အခုပြောတဲ့ ဆိုးကျိုးတွေ (side effects) ကတော့ ရှားပေမယ့်လည်း ဖြစ်လိုက်ရင် အသက်ကယ်ဖို့မမီဘဲ ခွဲနေရင်းနဲ့တောင် အသက်သေဆုံးနိုင်တာမို့ ဒီလို အန္တရာယ်တွေ (risks) ရှိတယ်ဆိုတာကို သေချာလေ့လာထားသင့်ပါတယ်။

???? ဘယ်သူတွေမှာ ပိုဖြစ်နိုင်လည်းဆိုရင် ခွဲစိတ်ခံချင်တဲ့သူတိုင်းဟာ ကျန်းမာရေးကောင်းသူ ဖြစ်‌နေရင်‌တောင် ဒီလို risk မျိုး ခံရနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ ရောဂါအခံရှိသူတွေကတော့ ပိုပြီး risk များတဲ့အတွက် မလုပ်ခင် ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးသင့်ပါတယ်။

အခုလောက်ဆိုရင်တော့ ဖြစ်တတ်တဲ့ risk တွေကိုလည်း သိရှိနားလည်လောက်ပြီလို့ ယူဆပါတယ်။

‼️နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ Liposuction လုပ်လိုက်ပေမယ့် အစားအသောက်နဲ့ နေထိုင်မှုပုံစံ (lifestyle) မထိန်းရင် ပြန်ပြီးဝလာနိုင်ပါတယ်။

‼️Liposuction လုပ်ခြင်းဟာ အဆီပိုတွေကိုပဲ ထုတ်ပစ်တာဖြစ်တဲ့အတွက် အဝလွန်တာရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ သွေးတွင်းအဆီများတာ၊ ဆီးချို၊ သွေးတိုး စတာတွေကိုတော့ လျှော့ချပေးမှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ ငွေကုန်ကြေးကျလည်းသက်သာပြီး ကိုယ့်ကျန်းမာရေးအတွက် အကျိုးရှိတဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ သင့်တင့်တဲ့စားသောက်မှုပုံစံ (diet plan) အတိုင်း စား‌သောက်နေထိုင်တာကသာ ကျန်းကျန်းမာမာ ဖြစ်စေရုံသာမက ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာအချိုးအစား (body goal) ကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Ref: ????

https: //www . smartbeautyguide . com /procedures/body/liposuction/%29

www. nhs . uk

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here