” သွေးတိုးလူနာများအတွက် နေထိုင်စားသောက်မှုပုံစံ “

” သွေးတိုးလူနာများအတွက် နေထိုင်စားသောက်မှုပုံစံ “

သွေးတိုးရောဂါဟာ အရှင်းပျောက်အောင် ကုသ၍မရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားထားတဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာပြီး ဆေးသေချာသောက်ပါက သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားတာကနေ ကာကွယ်နိုင်ပါတယ် ။

.

.

သွေးတိုးရောဂါအတွက် နေထိုင်စားသောက်မှုပုံစံတွေကတော့…

(၁) တစ်နေ့လျှင် မိနစ် ၃၀ ခန့် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

.

(၂) အဝမလွန်အောင် ထိန်းသိမ်းပါ။

အဝလွန်ရောဂါတဲ့ရှိတဲ့သူတွေမှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ် (1kg) ကျဆင်းအောင် ပြုလုပ်ပါက အပေါ်သွေးပေါင်ချိန် (systolic pressure) ကို ၁ မီလီမီတာမာကျူရီ (1mmHg) ကျဆင်းစေတယ်လို့ သုတေသနစာတမ်းတွေအရ သိရှိရပါတယ်။

.

(၃) ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်သုံးခြင်းဟာ သွေးကြောနံရံတွေကိုမာကျောစေပြီး သွေးဖိအားကို ပိုမိုမြင့်တက်စေပါတယ်။

.

(၄) အငံဓာတ်လျော့စားပါ။

ဟင်းလျာများထဲတွင် ဆားလျှော့ထည့်ပါ။ ငါးပိ၊ ငါးခြောက်၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ဆားဓာတ်ပါဝင်မှုနှုန်း များပြားပါတယ်။

.

(၅) သွေးတိုးရောဂါ ဖြစ်ပွားတာကို ရပ်တန့်နိုင်ဖို့ အတွက် စားသောက်မှု လမ်းညွှန်ချက် (DASH Diet Plan ) အတိုင်း လိုက်နာစားသုံးသင့်ပါတယ်။

*******

???? သွေးတိုးရောဂါ ဖြစ်ပွားတာကို ရပ်တန့်နိုင်ဖို့ အတွက် စားသောက်မှု လမ်းညွှန်ချက်

DASH (Dietary Approaches to Stop Hypertension) Diet Plan

သွေးတိုးရောဂါရှိတဲ့လူနာတွေအနေနဲ့ တစ်နေ့တာစားသောက်ရာမှာ

(၁) ဟင်းသီးဟင်းရွက်

အသီးအရွက်တွေကို တစ်ခါပြင်စာ တစ်နေ့လျှင် (၅) ကြိမ်လောက် စားသုံးရပါမယ်။

တစ်ခါပြင်စာမှာပါတဲ့ ဟင်းသီးဟင်းရွက်ပမာဏကတော့… မချက်ရသေးတဲ့ အရွက်ဆိုရင် တရုတ်ပန်းကန်လုံး တစ်လုံးစာ (ဒါမှမဟုတ်) ချက်ပြုတ်ပြီးသားအရွက်ဆိုရင် တရုတ်ပန်းကန်လုံး တစ်ဝက်ခန့်ပါဝင်ပါတယ်။

.

(၂) သစ်သီး

အသီးအနှံတွေကို နေ့လည်စာ (ဒါမှမဟုတ်) ညစာတွင် ပါအောင် စားပေးပါ။ တစ်နေ့တွင် (၄) ကြိမ်လောက်စားလို့ရပါတယ်။

သစ်သီးတစ်ခါစားစာမှာပါတဲ့ ပမာဏတွေကတော့

– ပန်းသီးဆို အနေတော် (၁) လုံး

– နဂါးမောက်သီးဆိုရင် (၁) ခြမ်း

– မာလကာသီးဆိုရင် (၁) ခြမ်း

– ငှက်ပျောသီး အကြီးဆိုရင် (၁) ခြမ်း/ အသေးဆိုရင် (၁) လုံး

– ပန်းသစ်တော်သီးဆိုရင် (၁) ခြမ်း

– ကျွဲကောသီး (၂) မြောင်း ( ဒါမှမဟုတ်)

– သဘာဝအသီးဖျော်ရည်ခွက်တစ်ဝက်…. တို့ပါဝင်ပါတယ်။

.

(၃) ကစီဓာတ်

ကစီဓာတ်ပါတဲ့ ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ကြာဇံ(ဒါမှမဟုတ်) အာလူးတို့ကို တစ်ခါပြင်စာ (၆-၈) ကြိမ်လောက်စားလို့ရပါတယ်။

တစ်ခါပြင်စာမှာပါတဲ့ ကစီဓာတ်ပမာဏတွေကတော့….

– ပေါင်မုန့်ဆို အဖြူ/ အညို တစ်ချပ်

– ထမင်းဆိုရင် (၇-၁၀) ဇွန်း

– အာလူးဆိုရင် အလတ်စား (၁)လုံး

– ကန်စွန်းဥဆိုရင် တရုတ်ပန်းကန်လုံး တစ်ဝက်

– ပြောင်းဖူးတစ်ခြမ်း…. တို့ပါဝင်ပါတယ်။

.

(၄) အသား

အသား၊ငါးတွေကို တစ်နေ့လျှင် တစ်ခါပြင်စာ (၂) ကြိမ်ခန့် စားလို့ရပါတယ်။

အသား၊ ငါးတစ်ခါပြင်စာမှာပါတဲ့ ပမာဏတွေကတော့

– အသားဆိုရင် လက်တဖဝါးအရွယ် (3.5 အောင်စ)

– ပုစွန်ဆို ပုံမှန်အရွယ် (၅-၆) ကောင်

– ပဲပြား ၊ တို့ဟူးတို့ဆိုရင် ထမင်းစားဇွန်း (၂) ဇွန်းစာ

.

(၅) နို့နဲ့နို့ထွက်ပစ္စည်းများ

အဆီထုတ်ထားတဲ့နို့နဲ့ နို့ထွက်ပစ္စည်းများကို ဦးစားပေး စားသုံးပါ။ တစ်နေ့ကို တစ်ခါစား/သောက်စာ (၂) ကြိမ်လောက်စားလို့ရပါတယ်။

တစ်ခါစား/သောက်စာမှာပါတဲ့ ပမာဏတွေကတော့

– အဆီမပါ/ အဆီထုတ်ထားတဲ့ နွားနို့တစ်ခွက် (240 ml) (ဒါမှမဟုတ်)

– အဆီမပါ/ အဆီလျှော့ထားတဲ့ ဒိန်ချဉ်တစ်ခွက် (160ml)…. တို့ဖြစ်ပါတယ်။

.

(၅) အစေ့၊ အဆံ

အစေ့အဆံတွေကို တစ်ရက်လျှင် တစ်ခါစားစာ (၂) ကြိမ်လောက်စားလို့ရပါတယ်။

တစ်ခါစားစာမှာ အကြမ်းဖျင်းအားဖြင့်တော့…

– သီဟိုစေ့ (၆) စေ့ (သို့)

– မြေပဲ (၁၀) စေ့ (သို့)

– သစ်ကြားစေ့ (၄) စေ့ (သို့)

– Almond ၆ စေ့…. တို့ပါဝင်ပါတယ်။

****************

???? ဆင်ခြင်သင့်တဲ့ အစားအသောက်များ

(၁) ဆား ( ဆိုဒီယမ် )

သွေးတိုးရင် အဓိကလျော့စားသင့်တဲ့ဓာတ်က ဆိုဒီယမ်ပါ။

ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ် ၂၃၀၀ မီလီဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်းပမာဏ) ပဲ စားသင့်ပါတယ်။

သွေးတိုးသမားတွေအတွက်ကတော့ တစ်နေ့ကို ဇွန်းရဲ့တစ်ဝက် (ဒါမှမဟုတ်) သုံးပုံတစ်ပုံပဲ စားသင့်ပါတယ်။

ဒါကြောင့် ကြာရှည်ခံအောင် လုပ်ထားတဲ့ သနပ်တွေ၊ ဟမ်ဘာဂါတွေ ၊ ပီဇာလို အစာမျိုး တစ်နေ့တည်းမှာ အများကြီး မစားသင့်ပါဘူး ။

.

(၂) ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်

နိုင်ငံခြားကလူတွေက အသားများများစားလို့ သွေးတိုးကြပေမယ့် ဒီနိုင်ငံမှာကတော့ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် စတာတွေကို အစားများကြလို့သွေးတိုးရောဂါဖြစ်ကြတာများပါတယ်။

ဒါ့ကြောင့် သွေးတိုးရောဂါလူနာတွေဟာ ငါးပိကြော်တွေ၊ ငံပြာရည်ကြော်တွေ ၊ ငါးပိရည်တွေ ကိုလျှော့စားရပါမယ်။ တစ်နေ့ကို အသား (၆) အောင်စထက် ပိုမစားသင့်ဘူးဆိုတာကိုလည်းဂရုစိုက်စေချင်ပါတယ်။

.

(၃) အချိုပွဲမုန့်များ

အချိုပွဲမှာစားတဲ့ သရေစာ ( ကိတ်မုန့်၊ မုန့်အချို )တွေလည်း သကြားနဲ့ ဆားပါဝင်တာများပါတယ်။

သွေးတိုးရောဂါရှိရင် အချိုကဲတဲ့ အစာတွေ၊ ဆီကြော်မုန့်တွေ၊ အနီရောင်ရှိတဲ့ အသားတွေကို ရှောင်ရပါမယ်။

.

(၄) ကဆီဓာတ် ( ကာဗွန်ဟိုက်ဒရိတ် )

ခေါက်ဆွဲဆိုတဲ့နေရာမှာ အသင့်စား ခေါက်ဆွဲခြောက်တွေက ဆိုဒီယမ်ပါဝင်မှုနှုန်းများတာကြောင့် မစားသင့်ပါဘူး။

.

(၅) မာဂျရင်းထောပတ်

မာဂျရင်းထောပတ်စားမယ်ဆိုရင် တစ်ရက်ကို ထမင်းစားဇွန်း တစ်ဇွန်းစာပဲစားသင့်ပါတယ်။

.

(၆) ဆီ

ဆီစားမယ်ဆိုရင်လည်း တစ်နေ့လုံးနေမှ လက်ဖက်ရည်ဇွန်း သုံးဇွန်းက အများဆုံးပါပဲ။

ဟင်းအနှစ်တွေ စားတာလည်း ရှောင်သင့်ပါတယ်။

ဖြစ်နိုင်ရင် ညစာကိုလျော့စားပြီး နေ့လည်စာနဲ့ ညစာမှာ အသီးအရွက် များများစားပေးပါ။

သရေစာ စားမယ်ဆိုရင်လည်း သစ်သီးတွေပဲရွေးစားသင့်ပါတယ်။

.

(၇) စည်သွပ်ဘူး

သရေစာ စားမယ်ဆိုရင်လည်း သစ်သီးစားဖို့ပြောတဲ့အခါ တချို့က စည်သွပ်ဘူးထဲက သစ်သီးတွေကို စားဖြစ်ကြပါတယ်။

စည်သွပ်ဘူးထဲမှာပါတဲ့ လိုင်ချီးသီးတွေ၊ ကြက်မောက်သီးတွေ၊ နာနတ်သီးတွေကလည်း သွေးတိုးသမားတွေအတွက် မကောင်းပါဘူး။ ဆိုဒီယမ်ဓာတ်တွေ များနေတတ်လို့ပါ။

.

(၈) အရက်

သွေးတိုးသမားတွေမှာ နောက်တစ်ခု လျော့ရမှာက အရက်ဖြစ်ပါတယ်။

သွေးတိုးရောဂါရှိသူတွေဟာ အရက်ဖြတ်သင့်ပါတယ်။

အရက်သောက်တာများလေလေ သွေးတိုးရောဂါပိုဆိုးလေလေပဲ ဖြစ်ပါတယ်။

.

.

????အချုပ်အနေနဲ့ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ပြီး သွေးတိုးရောဂါကိုထိန်းချုပ်နိုင်သော လူတော်လူကောင်းများဖြစ်နိုင်ပါစေကြောင်းဆုတောင်းလျက် ….

Reference ????

– Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 289 )

– Davison’s Principles and Practise of Medicine 24th Edition ( Page – 446 )

– Oxford Handbook Of Clinical Medicine 10th edition ( Page – 138 )

– နှလုံးအထူးကုသမားတော်ကြီးတစ်ဦး၏ရေးသားချက်

https://www.mayoclinic.org/…/in…/dash-diet/art-20047110

https://www.ncbi.nlm.nih.gov/books/NBK482514/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#သွေးတိုးနှင့်အာဟာရ

Ministry of Health,

National Unity Government.

Published on: 23 January 2023
Last Updated: 23 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...