ခုဆိုရင် မိုးဦးကျကာလလည်း ရောက်နေပြီဆိုတော့ ခြင်၊ ယင်၊ ကြွက်တွေ ပိုပေါများလာတဲ့အတွက် အဲဒီလို တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို အထူးသတိထားဖို့ လိုအပ်ပါတယ်။

အခုကတော့ မိုးရာသီမှာ အထူးသတိထားရမယ့် ကြွက်ရဲ့သေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ Leptospirosis ဆိုတဲ့ ရောဂါအကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒီရောဂါကတော့ လူတွေမှာတင်မကဘဲ တိရစ္ဆာန်တွေမှာပါ ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ Leptospira လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ကူးစက်တဲ့ရောဂါလည်း ဖြစ်ပါတယ်။

ဒီရောဂါကို မကုသဘဲထားမယ်ဆိုရင်တော့ ကျောက်ကပ်နဲ့အသည်း ပျက်စီးတာ၊ ဦးနှောက်အမြှေးပါးရောင်တာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအပြင် နောက်ဆုံး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်တဲ့အတွက် အလွန့်အလွန်ကို အရေးကြီးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

.

???? ရောဂါ ဘယ်လိုကူးလဲ ?

ဒီရောဂါဟာ ဘယ်ကနေကူးစက်သလဲဆိုရင် ကြွက်ရဲ့သေးကနေတစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။

ကြွက်ရဲ့သေးမှာရှိနေတဲ့ Leptospira ရောဂါပိုးဟာ မြေကြီးနဲ့ ရေမှာ အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ရှင်သန်နေနိုင်ပါတယ်။ ဒါကြောင့် မြေကြီးတွေ၊ ရေတွေနဲ့ ထိတွေ့ကိုင်တွယ်နေရတဲ့သူတွေဆို အထူးသတိထားသင့်တာ ဖြစ်ပါတယ်။

ဒီရောဂါပိုးဟာ ကျွဲ၊ နွား၊ ဝက်၊ မြင်း၊ ခွေးတို့လို တိရစ္ဆာန်တွေဆီလည်း ကူးစက်တတ်ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေက ရောဂါပိုးပါဝင်နေတဲ့ တံ‌တွေး၊ ဆီး အစရှိတဲ့အရည်တွေကို ပတ်ဝန်းကျင်ကို ခဏခဏ စွန့်ထုတ်‌နေတတ်ပါတယ်။ အဲဒီလို အရည်တွေ၊ ရောဂါပိုးပါဝင်နေတဲ့ ကြွက်သေးတွေ (ဒါမှမဟုတ်) ကြွက်သေးတွေ ထိတွေ့ထားတဲ့ မြေကြီး၊ ရေတို့ကို ကိုင်တွယ်မိရာကနေတစ်ဆင့် လူတွေဆီ ကူးစက်တတ်တာ ဖြစ်ပါတယ်။

ဘက်တီးရီးယားက ခန္ဓာကိုယ်ထဲကို အရေပြားကနေတစ်ဆင့် (ဒါမှမဟုတ်) နှာခေါင်း၊ ပါးစပ်ပေါက်တို့ကနေတစ်ဆင့် ဝင်တတ်ပါတယ်။ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတဲ့အခါ ညစ်ပတ်တဲ့ရေတွေကနေတစ်ဆင့် ဒီရောဂါဖြစ်ပွားနိုင်တဲ့အတွက် အထူးသတိထားဖို့ လိုအပ်ပါတယ်။

..

..

???? ဘယ်လို ရောဂါလက္ခဏာတွေ ဖြစ်ပွားနိုင်လဲ ?

– အဖျားကြီးမယ်

– ခေါင်းကိုက်မယ်

– ချမ်းတုန်နေမယ်

– ကြွက်သားတွေ ကိုက်ခဲနေမယ် (အထူးသဖြင့် ခြေသလုံးမှာ)

– အန်မယ်

– အသားတွေဝါမယ်

– မျက်လုံးတွေ နီရဲနေမယ်

– ဗိုက်အောင့်မယ်

– ဝမ်းလျှောမယ်

– အရေပြားမှာ အဖုတွေထွက်မယ်… ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် တချို့သောသူတွေမှာတော့ ဘာရောဂါလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။

ဘက်တီးရီးယားပိုးပါနေတဲ့ ရေတွေ၊ မြေကြီးတွေနဲ့ ထိတွေ့အပြီး (၂) ပတ်ကနေ (၄) ပတ်အတွင်း စဖျားတတ်ပါတယ်။

ပထမအဆင့်မှာတော့ ဖျားတယ်။ ခေါင်းကိုက်တယ်။ ကြွက်သားတွေ နာကျင်တယ် အစရှိတဲ့ လက္ခဏာတွေ ခံစားရတတ်ပြီးတော့ ဒုတိယအဆင့်မှာတော့ ရောဂါက ပိုမိုပြင်းထန်လာပြီးတော့ ကျောက်ကပ်နဲ့ အသည်းပျက်စီးတာ၊ ဦးနှောက်အမြှေးပါးရောင်တာ အစရှိတဲ့ရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။

???? ဘယ်သူတွေမှာ ကူးစက်ဖို့ အခွင့်အလမ်းတွေ ပိုများနေလဲ ?

– လယ်သမားတွေ

– မိလ္လာ၊‌ ရေဆိုးပိုက်ပြင်တဲ့သူတွေ

– သားသတ်ရုံ အလုပ်သမားတွေ

– တိရစ္ဆာန် မွေးမြူရေးသမားတွေ

– ငါးလုပ်ငန်းလုပ်တဲ့သူတွေ

– နွားမွေးမြူရေးသမားတွေ

– စစ်သားတွေ အစရှိတဲ့သူတွေဟာ ရေဆိုးရေညစ်၊ တိရစ္ဆာန်တွေနဲ့ ထိတွေ့နေရတဲ့သူတွေ ဖြစ်တာကြောင့် ကူးစက်နိုင်ခြေ အများဆုံးဖြစ်ပါတယ်။ ဒါတွေတင်မကဘဲ ရောဂါပိုးရှိနေတဲ့ ကန်တွေ၊ မြစ်တွေမှာ ရေကူးတဲ့အခါ၊ ရေဆော့တဲ့အခါမျိုးတွေမှာလည်း ကူးစက်နိုင်ပါသေးတယ်။

???? ဘယ်လို ကုသရမလဲ ?

ဆရာဝန်နဲ့ပြသပြီး ပိုးသတ်ဆေးတွေ သောက်သုံးဖို့ လိုအပ်ပါတယ်။ ရောဂါပြင်းထန်ရင်တော့ ထိုးဆေးထိုးဖို့ထိ လိုအပ်နိုင်ပါတယ်။

ဒါကြောင့် ရေမြောင်းတွေ၊ ရေဆိုးရေညစ်တွေ ကိုင်တွယ်ပြီး အလုပ်လုပ်ရတဲ့အခါ ကြက်ပေါင်ရှည်ဖိနပ်တွေ၊ အဝတ်အစားတွေ လုံလုံခြုံခြုံ ဝတ်ဆင်ပြီး အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ လူကြီးတွေအနေနဲ့လည်း မိုးတွင်းကာလမှာ မိမိရဲ့ကလေးငယ်တွေကို ‌ရေဆိုးရေညစ်တွေနဲ့ ကိုင်တွယ်ဆော့ကစားတာမျိုး ခွင့်မပြုမိစေဖို့ အရေးကြီးပါတယ်။

Reference – ????https://www.cdc.gov/leptospirosis/index.html….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here