အိပ်မပျော်တဲ့ရောဂါ (insomnia) ဆိုတာဟာ အိပ်စက်ခြင်းမူမမှန်တဲ့ ရောဂါတစ်မျိုးပါ။ အိပ်ဖို့ခက်မယ်၊ အချိန်မဟုတ်ကြီးနိုးပြီး ပြန်အိပ်ဖို့ ခက်မယ်။ အိပ်ချိန်မလုံလောက်တဲ့အတွက် နိုးလာတဲ့အချိန်မှာ ပင်ပန်းတယ်လို့ ခံစားရနိုင်ပါတယ်။
အိပ်မပျော်တဲ့ရောဂါက ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ စွမ်းအင်အပြင် ကျန်းမာရေး၊ အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ လူနေမှုဘ၀ကိုပါ တဖြည်းဖြည်းဆုတ်ယုတ်လာစေနိုင်ပါတယ်။
လူတစ်ယောက်အတွက် လုံလောက်တဲ့ အိပ်စက်အနားယူချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပေမယ့် အရွယ်ရောက်ပြီးသားလူအများစုအတွက်ကတော့ တစ်ညကို (၇) နာရီကနေ (၈) နာရီ လောက်အိပ်ရင် လုံလောက်ပါတယ်။
တစ်ချိန်ချိန်မှာတော့ လူအများဟာ စိတ်ဖိစီးမှု (သို့) စိတ်ထိခိုက်စရာအဖြစ်အပျက်တွေကြောင့် ခဏတာအိပ်စက်မရခြင်းကို ရက်အနည်းငယ် (သို့ ) တစ်ပါတ်လောက်ခံစားရနိုင်ပါတယ်။ အချို့တွေမှာတော့ လနဲ့ချီ ခံစားရနိုင်ပါတယ်။ နာတာရှည်အိပ်မပျော်တဲ့ရောဂါလို့ပြောဖို့ဆိုရင်တော့ အနည်းဆုံး (၃)လ လောက် ခံစားရရင် သတ်မှတ်ပါတယ်။
❓အိပ်မပျော်ရင် ဘာတွေ ခံစားရနိုင်ပါသလဲ?
– ညဘက်တွေ အိပ်မောကျဖို့ ခက်မယ်
– ညဘက်တွေမှာ နိုးနေမယ်
– အစောကြီး နိုးနေမယ်
– ညအိပ်ပြီး ကောင်းကောင်းမနားရသလိုခံစားရမယ်
– နေ့ခင်းဘက် ပင်ပန်းပြီး အိပ်ချင်နေမယ်
– စိတ်တို စိတ်ဆတ်လွယ်မယ်၊ စိတ်ဓါတ်ကျမယ် စိတ်ပူပန်မယ်
– အာရုံစူးစိုက်ဖို့ခက်မယ်၊ အလုပ်ကိုအာရုံစိုက်ဖို့ခက်မယ်၊ မမှတ်မိတာတွေ ဖြစ်မယ်
– အမှားတွေများမယ်၊ မတော်တဆဖြစ်တာတွေများမယ်
– အိပ်မပျော်ဖြစ်မှာကို စိုးရိမ်နေမယ်
စတာတွေ ခံစားရနိုင်ပါတယ်။
❓အိပ်မပျော်ခြင်းရောဂါဘာကြောင့်ဖြစ်တာပါလဲ?
အိပ်မပျော်ခြင်းဟာ အများအားဖြင့်ကတော့ အောက်ပါအခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။
(၁) စိတ်ဖိစီးမှုများရင် ခေါင်းထဲအတွေးများပြီး အိပ်မပျော်ဖြစ်တတ်ပါတယ်။
(၂) Time zone မတူတဲ့နေရာတွေကို ခရီးသွားတာ (သို့) အလုပ်ချိန်က ပုံမှန် အိပ်ချိန်၊ ထချိန်နဲ့ ပြောင်းပြန်ဖြစ်နေတာ စတဲ့အခြေအနေတွေမှာလည်း ခန္ဓာကိုယ်ရဲ့နာရီချိန်စက် (circadian rhythm) ပျက်ပြီး အိပ်မပျော်ဖြစ်တတ်ပါတယ်။
(၃) အကျင့်ပျက်အိပ်စက်တတ်တာ ( ဥပမာ- ညအိပ်ချိန် မမှန်တာ၊ နေ့ခင်းဘက် အိပ်ချင်သလိုအိပ်တာ၊ ညမအိပ်ခင် နိုးကြားစေမယ့်လှုပ်ရှားမှုတွေလုပ်တာ၊ ညဘက် အိပ်ရတဲ့၀န်းကျင်က သက်တောင့် သက်သာမရှိတာ၊ အိပ်ရာပေါ်မှာအလုပ်တွေလုပ်တာ၊ အစားတွေစားတာ၊ TV ကြည့်တာ) စတဲ့ အပြု အမူ တွေဟာ အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။ ကွန်ပြူတာ၊ TV၊ video games၊ စမတ်ဖုန်း စတာတွေကို ညမအိပ်ခင် ကြည့်မယ်/သုံးမယ်ဆိုရင် အိပ်ပျော်ဖို့ အနှောင့်အယှက်ဖြစ်စေပါတယ်။
(၄) ညအိပ်ခါနီးနောက်ကျမှ အစားအများကြီးစားခြင်းဟာ လှဲအိပ်ရင် နေရသိပ်မကောင်းဖြစ်စေပြီး စားချဉ့်ပြန်စေနိုင်ပါတယ်။ အဲ့အခါမှာလည်း လူကနေလို့ မကောင်းတာကြောင့် နိုးနေတတ်ပါတယ်။
အိပ်မပျော်ခြင်းဟာ တစ်ခါတရံ အောက်ပါ ရောဂါများနဲ့ဆေးဝါးများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
– စိတ်ပူပန်မှုများသော ရောဂါ (post-traumatic stress disorder)
– နာတာရှည် နာကျင်နေသော ရောဂါ
– ကင်ဆာ ရောဂါ
– စိတ်ကျရောဂါ
– သိုင်းရွိုက်ဟော်မုန်းများသောရောဂါ
– ဆီးချို၊ နှလုံး၊ ပန်းနာရင်ကြပ် ရောဂါ
– စားချဉ့်ပြန်ရောဂါ
– Parkinson’s ရောဂါ
– အယ်လ်ဇိုင်းမားရောဂါ
– ညဘက် တစ်ချက် တစ်ချက် အသက်ရှုရပ်ခြင်း (sleep apnea)
– restless leg syndrome
– အချို့သောဆေးများ ( စိတ်ကျန်းမာရေးဆေးဝါးများ antidepressants၊ သွေးကျဆေး၊ ပန်းနာရင်ကြပ်ပျောက်ဆေး ၊ caffeine ဓါတ်ပါသောဆေးများ)
– ညနေပိုင်း ဆေးလိပ်၊ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ကိုလာ သောက်တာတွေကြောင့်လည်း အိပ်မပျော်တာ ဖြစ်စေနိုင်ပါတယ်။
❓အသက်ကြီးရင်လာရော အိပ်မပျော်တာ ဖြစ်နိုင်ပါသလား?
အသက်ကြီးလာရင် ညဘက်အိပ်မပျော်တာ ပိုဖြစ်တတ်ပါတယ်။ ညဘက် ဆူညံသံလေးတွေကအစ လူကို အလွယ်တကူ နိုးစေနိုင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ညနေမှာ စောစော ပင်ပန်းပြီး မနက်စောစောနိုးတတ်ပါတယ်။
လူကြီးတွေလည်း လူငယ်တွေနည်းတူ တစ်နေ့မှာ (၇ – ၈) နာရီလောက် အိပ်စက် အနားယူ သင့်ပါတယ်။
အသက်ကြီးလာလို့ ကိုယ်လက်လှုပ်ရှားမှုနည်းလာရင်လည်း ညဘက်ကောင်းကောင်း အိပ်မပျော်ပါဘူး။ နေ့ခင်းခဏအိပ်ထားရင်လည်း ညဘက်အိပ်မပျော်ပါဘူး။
ဒူးနာ၊ ကျောနာ၊ စိတ်ပူပန်တာ စတာတွေကလည်း အိပ်မပျော်တာကိုဖြစ်စေသလို ဆီးကျိတ်ကြီးလို့ ညဘက် ဆီးခဏခဏထသွားရရင်လည်း ကောင်းကောင်း အိပ်လို့မရပါဘူး။
❓ဘယ်လိုလူတွေမှာ အိပ်မပျော်တာ ပိုဖြစ်နိုင်ပါသလဲ?
အမျိုးသမီးတွေ
အသက် (၆၀) ကျော် လူကြီးတွေ
စိတ်ဖိစီးမှုများသူတွေ
စိတ်ကျန်းမာရေးအားနည်းသူတွေ
ပုံမှန်အိပ်ချိန်မရှိသူတွေ စတဲ့သူတွေမှာ အိပ်မပျော် ပိုဖြစ်တတ်ပါတယ်။
ခုလို အိပ်မပျော်ဖြစ်လာရင် ကြိတ်မှိတ်အောင့်အီးသည်းခံစရာမလိုပါဘူး။ နေ့စဉ်ဘ၀ရဲ့ အကျင့်လေး တချို့ကိုပြင်လိုက်ရင် အလုပ်ဖြစ်ပါတယ်။
(၁) အိပ်ချိန်-ထချိန် ပုံမှန် ကျင့်ထားပေးပါ။
(၂) နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားနေပြီး ညဘက်အချိန်မှန်ကောင်းကောင်းအိပ်ပျော်အောင် ကြိုးစားနိုင်ပါတယ်
(၃) သောက်နေကျ သောက်ဆေးတွေမှာ ညအိပ်မပျော်စေတဲ့ဆေးတွေ ပါမပါစစ်ကြည့်ပါ
(၄) နေ့ခင်းဘက် ခဏအိပ်တာမျိုးရှောင်ပါ
(၅) ညနေပိုင်း ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဆေးလိပ် ရှောင်ပါ
(၆) ညအိပ်ခါနီး အစားအသောက်အများကြီး မစားသောက်ရပါ
(၇) အိပ်ရာနဲ့ ပတ်၀န်းကျင်ကို သက်တောင့်သက်သာအိပ်နိုင်အောင် စီစဉ်ထားပါ
(၈) အိပ်ခါနီး စိတ်လက်ပေါ့ပါးအောင် ရေနွေးနွေးလေးချိုးတာ (သို့) စာဖတ်တာ၊ သီချင်းငြိမ့်ငြိမ့် လေးတွေနားထောင်တာတွေလုပ်လို့ပါတယ်။
❓ဘယ်အချိန်မှာ ဆရာ၀န်နဲ့ပြသင့်ပါသလဲ?
တကယ်လို့ အိပ်မပျော်ဖြစ်ပြီး နေ့ဘက်တွေမှာ နိစ္စဓူ၀လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ရခက်လာပြီဆိုရင်တော့ ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အားလုံးပဲ စိတ်အေးချမ်းစွာနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
Reference ????
https://www.mayoclinic.org/…/symptoms-causes/syc-20355167
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.