“ စနစ်တကျ သွေးပေါင်ချိန်နည်း”

ဒီနေ့မှာတော့ သွေးပေါင်ချိန်နည်းမှန်စေဖို့ နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

ခုနောက်ပိုင်းမှာ digital သွေးပေါင်ချိန်စက်တွေလည်း ပေါ်လာပြီဆိုတော့ လူတိုင်းနီးပါး အလွယ်တကူ သွေးပေါင်ချိန်တတ်ကြမှာပါ။

ဒါပေမယ့် ကိုယ်က တကယ်ရော သွေးပေါင်ချိန်နည်း မှန်မှန်ကန်ကန်နဲ့ ချိန်နေရဲ့လားဆိုတာ သိချင်ရင်တော့ အောက်မှာမေးထားတဲ့ မေးခွန်းလေးကို အရင်ဖြေကြည့်ပါ…

သွေးပေါင်တိုင်းတဲ့အခါ…

(၁) ကုတင်ပေါ်မှာ အိပ်ပြီးတိုင်းမှ မှန်တယ်

(၂) ခုံပေါ်မှာထိုင်ပြီး လက်ကို နှလုံးနဲ့တစ်တန်းထဲ ထားပြီးတိုင်းမှ မှန်တယ်

❓ဘယ်ဟာ အဖြေမှန် ဖြစ်မလဲ ????

..

..

————————–။ ။——————————

.

သွေးပေါင်ချိန်နည်းလေး မပြောခင်မှာ ဘာကြောင့် သွေးတိုးရောဂါဟာ အရေးကြီးတယ်ဆိုတာလေး အရင်ပြောပြမယ်နော်…

လူ (၁၀၀) မှာ အယောက် (၅၀) က ကိုယ့်မှာ သွေးတိုးရောဂါ ရှိနေမှန်းမသိကြပါဘူး။ ဒါကြောင့်လည်း သွေးတိုးရောဂါဟာ ကမ္ဘာပေါ်မှာ သေနှုန်းအများဆုံးရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်လာပါတယ်။

ဒါကြောင့်မို့ အချိန်မလွန်ခင် ကိုယ့်မှာ သွေးတိုးရောဂါ ရှိ/မရှိကို သတိထားပြီး စစ်ဆေးဖို့ လိုပါတယ်။ နောက်ပြီး သွေးတိုးရောဂါရှိတဲ့သူတွေကလည်း ကိုယ့်ကိုယ်ကို မပေါ့ဆသင့်ပါဘူး။ သွေးပေါင်ချိန် အမြဲတိုင်းသင့်ပါတယ်။

..

..

အဲဒီတော့ သွေးပေါင်ချိန် ဘယ်လောက်ရှိရင် သွေးတိုးရောဂါ ရှိပြီလို့ ယူဆရမလဲ…..?

မိမိအိမ်မှာ မှန်ကန်တဲ့ သွေးပေါင်ချိန်တိုင်းနည်းနဲ့ တိုင်းကြည့်လို့ အပေါ်သွေး (၁၃၀) အောက်သွေး (၈၀) အထက်ရှိပြီဆိုရင် သွေးတိုးရောဂါရှိပြီလို့ အကြမ်းဖျဥ်းသတ်မှတ်လို့ ရပါတယ်။

.

သွေးတိုးရောဂါရှိသူတွေရော သွေးပေါင်ချိန် ဘယ်လောက်မှာ ရှိနေအောင် ထိန်းထားဖို့ လိုအပ်ပါသလဲ…?

အသက် (၈၀) အောက် သွေးတိုးလူနာတစ်ယောက်ဟာ အိမ်မှာ သွေးပေါင်ချိန်နည်း မှန်မှန်ကန်ကန်နဲ့ ချိန်လို့ ၁၃၅/၈၅ အောက် (ဒါမှမဟုတ်) အသက် ၈၀ ကျော် လူနာတစ်ယောက်အတွက်ဆို ၁၄၀/၈၅ အောက်မှာ ရှိနေသင့်ပါတယ်။

.

ကဲ ဒါဆိုရင် သွေးပေါင်ဘယ်လိုချိန်ကြမလဲ ဆိုတာ ကြည့်ကြည့်ကြရအောင်….

၁။ ဘယ်အချိန် သွေးပေါင်ချိန်သင့်လဲ ?

ပုံမုန်အားဖြင့်တော့ တစ်နေ့တာလုံးမှာ လူတစ်ယောက်ရဲ့သွေးပေါင်ချိန်က အနည်းငယ် ကွဲပြားမှုရှိနေနိုင်ပါတယ်။ ဒါကြောင့်မို့ တစ်ကြိမ်တစ်ခါထဲတိုင်းရုံနဲ့ သွေးပေါင်အမှန် မသိနိုင်ပါဘူး။ ဒါကြောင့် သွေးပေါင်တစ်ခါတိုင်းရင် တစ်မိနစ်ခြားပြီး အနည်းဆုံး (၂) ခေါက်ချိန်ပြီး ပျမ်းမျှသွေးပေါင်ချိန်ကိုပဲ ယူရပါမယ်။

သွေးတိုးရောဂါရှိတဲ့သူတွေဆိုရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ တစ်ခါချိန်ရင် အနည်းဆုံး (၂) ခေါက် ပုံမှန်ချိန်သင့်ပါတယ်။ နောက်တစ်ချက်က သွေးပေါင်မတိုင်းခင် အနည်းဆုံး (၅) မိနစ်လောက် အေးဆေး အနားယူပြီးမှသာ တိုင်းသင့်ပါတယ်။

သွေးပေါင်တိုင်းတဲ့အခါ ထိုင်ပြီးမှတိုင်းတာ ပိုကောင်းပါတယ်။ ဘာဖြစ်လို့ လှဲအိပ်ပြီး မတိုင်းရတာလဲဆိုရင် အိပ်ပြီးတိုင်းတဲ့အခါ ပုံမှန်သွေးပေါင်ချိန်ထက် အနည်းငယ် ပိုကျတတ်လို့ပါ။

ဒါ့ကြောင့် ပညာရှင်တွေက သွေးပေါင်ချိန်ရင် ထိုင်ပြီး ချိန်ဖို့ကို အကြံပြုကြပါတယ်။

.

၂။ သင့်တော်တဲ့ Pressure Cuff ကို ရွေးချယ်ခြင်း

Digital သွေးပေါင်ချိန်စက်တွေ ဝယ်တဲ့အခါ လက်မောင်းကိုပတ်တဲ့ စက်တွေက လက်ကောက်ဝတ်မှာပတ်တဲ့ စက်တွေထက် ပိုတိကျတာ တွေ့ရပါတယ် ။နောက်တစ်ချက်ကတော့ ကိုယ်နဲ့သင့်တော်တဲ့ လက်ပတ်ဖြစ်နေဖို့လည်း အရေးကြီးပါတယ်။

အဓိကကတော့ ကိုယ်နဲ့သင့်တော်မယ့် မကြီးလွန်း (မချောင်လွန်း) ၊ မကျပ်လွန်းတဲ့ လက်ပတ်ဖြစ်နေဖို့ လိုပါမယ်။ ပုံမှန် အိမ်မှာတိုင်းတဲ့ digital စက်လေးတွေက medium sized cuff လေးတွေ ဖြစ်တတ်ကြပါတယ်။ အကယ်၍ ကိုယ့်ရဲ့လက်မောင်းက ပုံမှန်ထက် ကြီးလွန်း၊ သေးလွန်းရင်တော့ တစ်ခြား cuff မျိုး ရှာဝယ်သင့်ပါတယ်။ တိုင်းတဲ့အခါမှာလည်း တအားကြီးမကျပ်အောင်၊ ချောင်မနေအောင် ပတ်ပြီးမှတိုင်းဖို့လည်း အရေးကြီးပါသေးတယ်။

.

၃။ သွေးပေါင်ချိန်နည်း

အရင်ဆုံး (၅) မိနစ်လောက် အနားယူပါ။

ပြီးရင် သက်တောင့်သက်သာ အနေအထားနဲ့ ခြေထောက်နှစ်ဘက်လုံးကို ချထားပြီး ခုံပေါ်မှာထိုင်ပါ ။ နောက်…သွေးပေါင်ချိန်မယ့်လက်ကို နှလုံးနဲ့တပြေးညီ စားပွဲပေါ်မှာတင်ပြီး သက်တောင့်သက်သာအနေအထား ထားပြီးမှ တိုင်းရပါမယ်။

သွေးတိုးရောဂါရှိသူတွေဆိုရင် တိုင်းပြီးသား သွေးပေါင်ချိန်ကို စာအုပ်ထဲမှာ မှတ်တမ်းလုပ်ထားပြီး မိမိရဲ့သက်ဆိုင်တဲ့ဆရာဝန်နဲ့ ပြတဲ့အခါတိုင်း ဒီမှတ်တမ်းစာအုပ်လေးကို မမေ့မလျော့ယူသွားဖို့ လို့ပါတယ်။

..

..

ကဲ…..အခုဆိုရင်တော့ အပေါ်မှာ ​မေးထားတဲ့မေးခွန်းလေးရဲ့ အဖြေမှန်ကိုလည်း ဖြေနိုင်ကြပြီလို့ ထင်ပါတယ်နော်။

Ref: www.bloodpressureuk.org

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၈ နာရီအထိ)

Ministry of Health,

National Unity Government.