သန့်ရှင်းသော သောက်သုံးရေကို ရှာဖွေခြင်း

===================

???? နိဒါန်း

လူ့ခန္ဓာကိုယ် အသက်ရှင်ရပ်တည်ရန်အတွက် ရေသည် မရှိမဖြစ် အရေးပါလှပါသည်။ ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံခန့်ကို ရေဓာတ်ဖြင့်ဖွဲ့စည်းထားသည်ဟု အကြမ်းဖျင်း မှတ်ယူနိုင်သည်။

ရေဓာတ်ခမ်းခြောက်ခဲ့လျှင် သက်ရှိဆဲလ်များ ကျုံ့ဝင်သွားပြီး ၊ သွေးလည်ပတ်မှုရပ်ဆိုင်းကာ ကိုယ်တွင်းကလီစာများထံသို့ အောက်စီဂျင်ပေးပို့နိုင်တော့မည်မဟုတ်သောကြောင့် ရှင်သန်ရန်မဖြစ်နိုင်တော့ချေ။

ရေဓာတ်ခမ်းခြောက်မှုသည် နောက်ဆုံးရေသောက်အပြီး (၆) နာရီကြာလျှင် စတင်ပါသည်။ တစ်ရက်ခန့် ရေမသောက်ဘဲနေရပါက ခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေပြီး (၃) ရက်ခန့် ရေမသောက်ရပါက အသက်ဆုံးရှုံးနိုင်ပါသည်။

မိမိခန္ဓာကိုယ် ကျန်းမာစေရန် နေ့စဥ် ရေ (၂) လီတာနီးပါး ပုံမှန်သောက်သုံးရန် လိုအပ်သလို သောက်သုံးသည့်ရေမှာလည်း သန့်ရှင်းရန်လိုအပ်လှပါသည်။

မြစ်ချောင်း၊ အင်းအိုင်များမှ ရေများသည် အမြင်အားဖြင့် သန်ရှင်းသည်ဟုထင်ရစေကာမူ ၊ အမှန်အားဖြင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးမွှားများ ပြည့်နှက်နေသဖြင့် စနစ်တကျသန့်စင်ရန် လိုအပ်နေသေးသည်။

စိမ့်စမ်းရေများမှာမူ သောက်သုံးရန် စိတ်ချရပါသည်။

???? တောတောင်များအတွင်း ရေကိုရှာဖွေခြင်း

—————————-

မြစ်များ၊ ချောင်းများ၊ ရေအိုင်များသည် သိသာထင်ရှားသော ရေအရင်းအမြစ်များဖြစ်သည်။ ထိုရေအရင်းအမြစ်များသည် ကုန်းမြင့်ဒေသထက် မြေနိမ့်ပိုင်း လျှိုမြောင်ချိုင့်ဝှမ်းများတွင် တည်ရှိနေကြောင်းကိုလည်း သတိမူအပ်ပေသည်။

အကယ်၍သင်သည် တောတွင်းတစ်နေရာတွင်ရောက်ရှိနေပြီး ရေကိုရှာဖွေရခက်နေပါက တိရစ္ဆာန်များကို ခြေရာခံလိုက်ကြည့်ပါ။ သူတို့သည် ရေ ဘယ်မှာရှိသည်ကို ကောင်းကောင်းသိကြသောကြောင့်ဖြစ်၏။

တိတ်ဆိတ်နေသော တောတောင်များအတွင်း ရံဖန်ရံခါ ရေစီးသံများ ကြားရတတ်သောကြောင့် အမြဲနားစွင့်နေရန်လည်း လိုအပ်ပါသည်။

စိမ်းစိုသောသစ်ပင်များ ပေါက်ရောက်နေပါက အနီးအနားတွင် ရေ ရှိနေကြောင်း သိသာနိုင်သလို အင်းဆက်အကောင်ငယ်လေးများကို တွေ့ရှိပါကလည်း အနီးအနားတွင် ရေအရင်းအမြစ်တစ်ခုခု ရှိနေနိုင်ပါသည်။

ရွှံ့နွံထူထပ်သောနေရာတွင်မူ မြေအောက်ရေကို အလွယ်တကူ စုဆောင်းရရှိနိုင်၏။ တစ်ပေပတ်လည် ကျင်းတစ်ကျင်းတူး၍ စောင့်ကြည့်နေပါ။ မကြာမီ သူ့အလိုလို ရေများပြည့်လာသည်ကို တွေ့ရှိရပါလိမ့်မည်။ သို့သော် ထိုရေများသည် နောက်ကျိနေသောကြောင့် အဝတ်စဖြင့် ဦးစွာ စကာစစ်ပြီး သောက်သုံးရန်အတွက် ဆက်လက်သန့်စင်ရဦးမည်ဖြစ်သည်။

နေရောင်ပူပြင်း၍ အပေါ်ယံမြေသားများ ခြောက်သွေ့နေသော်လည်း အောက်ခြေ၌ စိုစွတ်သောမြေများ ရှိရာအရပ်၌မူ ပုံ (၁) တွင်ပြထားသည့်အတိုင်း ရေကို စုဆောင်းရယူနိုင်ပါသည်။ (၂) ပေ၊ (၃) ပေအနက်ခန့်ရှိသော ပန်းကန်လုံးပုံစံ ကျင်းတစ်ကျင်းတူး၍ အောက်ခြေအလယ်တည့်တည့်တွင် ရေခွက်ကိုထားပါ။ ကျင်း၏ အပေါ်ယံအဝကို ပလတ်စတစ်စဖြင့် လျော့ရဲစွာဖုံးအုပ်ပြီး ၊ အလယ်တည့်တည့်တွင် ကျောက်ခဲတစ်ခု တင်ထားပါ။ (သို့မှသာ ပလတ်စတစ်စသည် အောက်သို့ကွေးညွှတ်ပြီး အနိမ့်ဆုံးအပိုင်းသည် ရေခွက်၏ အပေါ်တည့်တည့်တွင် ရှိနေစေရန် ဖြစ်သည်) နေရောင်ရ၍ ပူပြင်းသည့်အခါ အောက်ခြေမြေသားရှိ ရေများသည် ငွေ့ရည်ပျံခြင်း/ ငွေ့ရည်ဖွဲ့ခြင်းနည်းလမ်းဖြင့် ပလတ်စတစ်စတွင် စုဝေးလာပါမည်။ ထိုမှတဆင့် ပလတ်စတစ်စ၏ အနိမ့်ဆုံးအပိုင်းသို့ စီးဆင်းသွားပြီး အလည်တည့်တည့်တွင်ခံထားသော ရေခွက်အတွင်းသို့ ရေစက်များကျရောက်သွားမည် ဖြစ်ပါသည်။ ဤနည်းလမ်းဖြင့် တစ်နေ့လျှင် ရေတစ်လီတာခန့် စုဆောင်းရရှိနိုင်ပါသည်။

အရည်ရွှမ်းသော သစ်သီးများ (အုန်းသီး၊ စပျစ်သီး၊ ဖရဲ၊ လိမ္မော်) စသည်တို့မှ ရေဓာတ်ရရှိနိုင်သကဲ့သို့ သစ်ပင်အချို့မှလည်း ရေကို ရရှိနိုင်ပါသေးသည်။ စိမ်းစိုနေသော ဝါးပင်တစ်ပင်၏ အဖျားကို မြေပြင်သို့ ထိလုနီးနီး (တစ်ပေအကွာခန့်) အထိ ကိုင်းညွှတ်နေစေရန် စီမံပြုလုပ်ပါ။ ထို့နောက် ဝါးပင်၏အဖျားကို အနည်းငယ်ဖြတ်တောက်ပြီး အောက်တွင် ရေခွက်တစ်ခုခံထားပါ။ တစ်ရက်ခန့်အကြာတွင် ဝါးပင်ရှိရေများသည် ကွေးညွှတ်ထားသောကိုင်းဖျားမှတစ်ဆင့် ရေခွက်အတွင်းသို့ရောက်ရှိနေသည်ကို တွေ့ရပေလိမ့်မည်။

ပင်ငွေ့ရည်ပျံခြင်းနည်းလမ်းဖြင့်လည်း ရေကို စုဆောင်းနိုင်ပါသေးသည်။ ပုံ (၂) တွင်ပြထားသည့်အတိုင်း စိမ်းစိုသော သစ်ပင်တစ်ပင်၏ အကိုင်းအခက်များကို ပလတ်စတစ်အိတ်ဖြင့် လုံအောင်ဖုံးခြည်ပါ။ ပလတ်စတစ်အိတ်ထဲတွင် ကျောက်ခဲအသေးတစ်ခု ထည့်သွင်းထားရန် လိုအပ်ပါသည်။ (အနိမ့်ဆုံးအပိုင်းသို့ ရေများစုစည်းလာစေရန်ဖြစ်သည်) တစ်ရက်၊ နှစ်ရက်ခန့်နေလျှင် ပင်ငွေ့ရည်ပျံခြင်းကြောင့် အိတ်ထဲတွင် ရေများရောက်ရှိလာသည်ကို တွေ့ရပေလိမ့်မည်။ ထိုရေများသည် သစ်ပင်၏အမျိုးအစားပေါ်မူတည်၍ အရသာအမျိုးမျိုးဖြစ်နေနိုင်ပါသည်။ အဆိပ်အတောက်ရှိသော သစ်ပင်မျိုးဖြစ်မနေစေရန်မူ အရေးကြီးလှ၏။

မိုးရွာသည်နှင့် ကြုံရပါက သောက်သုံးရေအတွက် အဆင်ပြေဆုံး ဖြစ်ပါသည်။ မိုးရေသည် ဆက်လက်သန့်စင်ရန်မလိုဘဲ အသင့်သောက်သုံးနိုင်သောကြောင့်ဖြစ်၏။ မိုးရေသည် မြေအောက်ရေကဲ့သို့ ဓာတ်သတ္တုအချို့ ပါဝင်မှုမရှိခြင်းကြောင့် အရသာမှာ အနည်းငယ် ပေါ့ရွှတ်ရွှတ်ဖြစ်နေနိုင်သော်လည်း သောက်သုံးရန် စိတ်ချရပါသည်။ မိုးရွာစဉ် ရေကိုခံယူရာ၌ ခွက်ငယ်များဖြင့် ခံယူမည့်အစား ပလတ်စတစ် (သို့) ရေလုံသည့်အဝတ်စတစ်ခုကို ဖြန့်ကျက်ပြီးခံယူသည့်အခါ ရေပို၍ များများရရှိနိုင်ပါသည်။

မိုးသီးများ၊ ဆီးနှင်းခဲများ ရရှိလာပါကမူ ချက်ချင်း ဝါးမစားရပါ။ ခန္ဓာကိုယ်တွင်း အအေးဓာတ်လွန်ကဲပြီး ရေဓာတ်ဆုံးရှုံးမှုကို ပိုဖြစ်စေသောကြောင့်ဖြစ်သည်။ အရည်ပျော်အောင်စောင့်ဆိုင်းပြီးမှ သောက်သုံးရပါမည်။

ဆီးနှင်းများစိုစွတ်နေသော မြက်ခင်းပြင်များ၊ ကိုင်းတောများရှိပါက အဝတ်ပါးတစ်ခုဖြင့် နှင်းရည်များကို စုပ်ယူစေပြီး ပြန်လည်ညှစ်ထုတ်သည့်နည်းဖြင့် ရေကို စုဆောင်းနိုင်ပါသည်။

???? သောက်သုံးရန်အတွက် ရေကိုသန့်စင်ခြင်း

—————————

ဖုံ၊ အမှုန်နှင့် ရွှံ့များပါဝင်နေသော ရေကို ပုံ (၃) တွင် ပြထားသည့်အတိုင်း သန့်စင်နိုင်ပါသည်။

ပုံတွင်ပြထားသည့်အတိုင်း ခွက်တစ်ခု၏ အောက်ခြေတွင် မီးသွေးခဲများကို အဝတ်စဖြင့်အုပ်၍ ထည့်ပါ။ ထို့နောက် သဲနှင့် ကျောက်စရစ်ခဲများကို အပေါ်တွင် အလွှာလိုက်ထည့်ပါ။

ထို့နောက် ခွက်၏ အပေါ်ဆုံးမှနေ၍ ရေကိုလောင်းချလိုက်ပါ။

ရေသည် သဲ၊ ကျောက်၊ အဝတ်စ၊ မီးသွေး အလွှာအဆင့်ဆင့်ကိုဖြတ်သန်းပြီး အောက်သို့ ကျဆင်းလာပေလိမ့်မည်။ ထိုရေသည် အမှုန်အမွှားများနှင့် ရွှံ့နွံများ နဂိုထက် ကင်းစင်သွားပါသည်။

ထို့နောက်ရေကို သန့်စင်စေရန်အတွက် ပွက်ပွက်ဆူအောင် (၁၀) မိနစ်ခန့် ကျိုချက်ရပါမည်။ (သို့မှသာ ရေထဲတွင်ပါဝင်သော ဘက်တီးရီးယားနှင့် အခြားရောဂါပိုးများ ကင်းစင်သွားပါမည်)

ထို့နောက် အအေးခံပြီးမှ သောက်သုံးခြင်းသည် ကျန်းမာရေးအရ အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပေသည်။

(အကယ်၍ ဒန်အိုး/သံဒယ်အိုးများ မရှိပါက ပလတ်စတစ်ဘူးများ/ ရေသန့်ဘူးများအတွင်း ရေအပြည့်ဖြည့်ပြီး အပူပေးခြင်းဖြင့်လည်း ကျိုချက်နိုင်ပါသည်)

မီးမွှေးရန် အခက်အခဲရှိပါက Iodine (သို့မဟုတ်) Chlorine ပါဝင်သော ရေသန့်စင်ဆေးပြားများကို အသုံးပြု၍လည်း ရေကိုသန့်စင်နိုင်ပါသည်။ ဆေးပြားများကို ရေထဲတွင် အနည်းဆုံး နာရီဝက် စိမ်ထားပြီးမှ ထိုရေကို သောက်သုံးရပါမည်။

???? ရေအစား အသုံးမပြုသင့်သည့် အရည်များ

—————————-

ခန္ဓာကိုယ်အတွင်း မည်မျှပင် ရေဓာတ်ခမ်းခြောက်နေစေကာမူ အောက်ဖော်ပြပါအရည်များကို မသောက်သုံးရပါ။

– သွေး

– ကျင်ငယ်ရည်

– အရက်

– ဆားငန်ရည်

– Fish juice

ဖော်ပြပါအရည်များသည် ရေဓာတ်ခမ်းခြောက်မှုကို ပိုမိုဆိုးရွားစေသည်သာမက ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေသော ဓာတ်ပစ္စည်းများလည်း ပါဝင်သောကြောင့် ဖြစ်ပါသည်။

*** ဤဆောင်းပါးကို အကြောင်းအမျိုးမျိုးကြောင့် တောတောင်များအတွင်း စစ်ဘေးရှောင်နေရသူများအတွက် အဓိကရည်ရွယ်ပါသည် ***

လူတိုင်း သန့်ရှင်းသော သောက်သုံးရေကို ရရှိနိုင်ကြပါစေ။

Reference:

https://tinyurl.com/how-to-find-water

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.