ဝခြင်း/ပိန်ခြင်း နှင့် ယေဘုယျ ပေတံ BMI

“ဝလို့… လှလို့ …”ဆိုတဲ့ မြန်မာဆိုရိုးက ရှိသကိုး…..

ဝတယ်၊ ပိန်တယ်ဆိုတာက သေချာပြန်တွေးကြည့်ရင် တကယ်တော့ အလွန်ယေဘုယျ ဆန်တဲ့ အသုံးအနှုန်းပါ…. အများစုက နှုတ်ဆက်စကားအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့တာနဲ့ နှုတ်ကျိုးနေတဲ့ “ဟယ်..ဝလာတယ်နော်”၊ “ဟယ်.. ပိန်သွားတယ်နော် …နေကောင်းရဲ့လား” အစရှိသဖြင့် ပိန်ရင်လဲ ပိန်လို့ ဝရင်လဲ ဝလို့ အမျိုးမျိုး ပြောကြပြန်ပါကော….

ကြားရသူအဖို့မှာတော့ မည်မျှပင် ကျန်းမာနေသူဖြစ်လင့်ကစား … ဟယ် ငါ တကယ်များ တအား ဝနေတာလား ဆိုပြီး စိတ်ဖိစီးရတယ်…. နဂိုပိန်သူများကလည်း ငါ့ရုပ်က လူမမာရုပ်များပေါက်နေပြီလား ဆိုပြီး မိမိကိုယ်ကို စိတ်မလုံခြုံ ပိုလို့ကိုဖြစ်ရတယ်။

စာဖတ်သူတို့ကို စကားပါးလိုတာကတော့ မိမိမှာ အသိမိတ်ဆွေများကို နေကောင်း မကောင်း မေးလိုသဖြင့်၊ စိတ်ပူသဖြင့် နှုတ်ခွန်းဆက်ပေမယ့် ကြားရသူအဖို့ စိတ်ခံစားမှု အဆင်မပြေ ဖြစ်နိုင်ပါတယ်။…. ထို့ကြောင့် တစ်ဦးနဲ့ တစ်ဦး တွေ့လို့ နှုတ်ဆက်တဲ့အခါ “နေကောင်းရဲ့လား” “ဘယ်မှာနေလဲ… “ “စျေးလာဝယ်တာလား” “ကလေးတွေကော ဘယ်နှစ်တန်းရောက်ပြီလဲ” .. စတဲ့ အခြားစကားရပ်များကို ပိုသုံးပေးဖို့ တောင်းဆိုလိုပါတယ်။

ကဲ ဒါက စကားချီး…

တကယ် အသိပညာပေးလိုတာကတော့ အခုမှစမှာ… ဆက်လက်ဖတ်ရှုပေးပါအုံး ဗျ…..

????ဒါဆို ပိန်တယ် ဝတယ်ဆိုတာ ကျန်းမာရေးရှုထောင့် အရကော အရေးမကြီးဘူးလားလို့ စောဒက တက်ဖွယ်ရှိပါတယ်…. ကျန်းမာရေးအရတော့ အရေးပါတဲ့ နေရာမှာ ရှိပါတယ်…. သို့သော် မိမိတို့မိတ်ဆွေများ ကျန်းမာနေလျှင် လုံလောက်ပါပြီ. ပိန်ခြင်းဝခြင်း ကြောင့်မဟုတ်ဘဲ မိတ်ဆွေများကို ချစ်လို့ခင်လို့ ပေါင်းသင်းဆက်ဆံကြတာ မဟုတ်ပါတကား….

????ပိန်ခြင်း ဝခြင်းကို အလွယ် ပေတံဖြင့် တိုင်းချင်လျှင်တော့ အများစု ရင်းနှီးပြီးသားဖြစ်တဲ့ BMI ( Body Mass Index ) ဆိုတာလေးရှိပါတယ်… မိမိ ကိုယ်အလေးချိန် ကို (ကီလိုဂရမ်ဖြင့် တိုင်းရပါမယ်) မိမိရဲ့ အရပ်အမြင့် ( မီတာဖြစ်ရပါမယ်) ၂ ထပ်ကွမ်း နဲ့ စား ပေးရပါမယ်…
လွယ်အောင် ပြောရရင်…..

ကိုယ်အလေးချိန် – ၇၀ ကီလို , အရပ်မြင့် – ၁၇၀ စင်တီမီတာ ဆို လျှင်
၇၀ ÷ (၁.၇)၂ ဆို BMI အဖြေက ၂၄.၂ ရပါတယ်….

အာရှသားတွေ အတွက်တော့ BMI ၂၃ – ၂၅ ဟာ ကိုယ်အလေးချိန်များနေပါပြီ….
BMI ၂၅ ကျော်လျှင် အဝလွန်ခြင်း လို့သတ်မှတ်ပါတယ်
ပုံမှန် ဖြစ်ခြင်းကတော့ ၁၈.၅ – ၂၃ ပါ
BMI ၁၈.၅ အောက်နည်းလျှင်လဲ ကိုယ်အလေးချိန် နည်းတယ်လို့ပြောလို့ရပါတယ်…

BMI ၂၅ ကျော်သူများနှင့် ၁၈.၅ အောက်နည်းသူများသည် နေမကောင်းဖြစ်ပါက ဆေးရုံတွင် ရက်ပိုကြာခြင်း၊ နလန်ထူဖို့ ရက်အနည်းငယ်ပိုကြာခြင်း စသည်တို့နှင့် ဆက်စပ်မှုရှိပါသည်။

????BMI ပေတံက ဘာလို့ ယေဘုယျလဲ….

????လူတိုင်းမှာBMI တူသော်လည်း ကျန်းမာခြင်း နေမကောင်းဖြစ်လွယ်တာခြင်းမတူပါဘူး….. မိမိကိုယ်ခန္ဓာတွင်း ကြွက်သား ထု ( muscle mass) များပါက ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်ပါသည်။ ကြွက်သားထု နည်းကာ အဆီထုသာများနေပါက အဆုတ်ရောင် တုပ်ကွေးလို အပျော့စား ပိုးမွှားများကိုပင် ပြန်လည်ခုခံနိုင်အား မကောင်းကာ အဆုတ်ရောင်ဖြစ်လွယ်တာ အိပ်ရာထဲ ကြာရှည်လဲတာ နလန် မထူနိုင်တာတွေဖြစ်နိုင်ပါတယ်….

????မြင်သာအောင်ပြောရရင် အရိုးထဲက အားတွေရှိတယ်ဆိုတဲ့ စကားလို ဘဲ ပိန်ပေမယ့် တစ်နှစ်တခါတောင် နေမကောင်းမဖြစ်တဲ့ သူတွေရှိတာကို သတိရပါ…
အမြင်မှာပိန်တိုင်း ကြွက်သားထုနည်းတာမဟုတ်ပါ….
နာတာရှည်ရောဂါရှိနေတာမဟုတ်ပါ…
နေမကောင်းဖြစ်နေတာမဟုတ်ပါ…..
ကျန်းမာရေးအလွန်ကောင်းပြီး ပိန်ချင်လို့ကို ပိန်နေသူတွေရှိပါတယ်…..

????BMI များတိုင်းလည်း ကျန်းမာရေးချို့တဲ့လားဆိုတော့လဲ မဟုတ်ပြန်ဘူး…..
Gym trainer လို ကာယမောင် မယ်များကို BMI တွက်ကြည့်လျှင် ထိုသူတို့၏ ကြွက်သားထုမှာ များသောကြောင့် တွက်တဲ့အခါ အဝလွန်အဆင့်ထဲဝင်နေမှာပါ.. သို့သော် ကျန်းမာရေးမှာ ဒေါင်ဒေါင်မြည်လို့ (အားကိုချင်စရာ ဆစ်ခ်ပက်ခ်လေးနဲ့ … ဒါကတော့ စတာ )

????စာအုပ်တစ်အုပ်ကို မျက်နှာဖုံးနဲ့ ဆုံးဖြတ်လို့မရသလို လူအချင်းချင်းနှုတ်ဆက်တဲ့အခါ ပေါင်းသင်းတဲ့အခါ ပိန်ခြင်း…ဝခြင်း၊ ဖြူခြင်း…မဲခြင်း၊ ပုခြင်း…ရှည်ခြင်း စတဲ့ လူတို့ရဲ့ ဖြစ်တည်မှု ကွဲပြားမှုတို့ကို ထိပါးမိမည် ကို သတိပြုပေးပါ… မိမိမှာ စိတ်ရှင်းသော်လည်း တစ်ဖက်သားမှာ စိတ်မလုံခြုံမှု ဖြစ်စေနိုင်သောကြောင့် အချင်းချင်းဖေးမကြရအောင်ပါ….

????ခါတိုင်းလိုဘဲ နောက်အပတ်စနေနေ့မှာတော့ ဝချင်သူ ကိုယ်အလေးချိန်တိုးချင်သူ များအတွက် ကျန်းကျန်းမာမာလေးနဲ့ ခန္ဓာကိုယ်အလေးချိန်တက်ရန် tips လေးတွေတင်ပေးသွားပါမယ်…နောက်ထပ်တစ်ပတ်ကတော့ ၀ိတ်လျော့လျှင်သတိထားရမယ့်အခြေခံအချက်လေးတွေအကြောင်းပေါ့….

ဆက်လက် စောင့်မျှော် ဖတ်ရှုပေးကြပါအုံးလို့…

ချစ်တဲ့ တယ်လီကျန်းမာ

Reference
Executive summary of the clinical guidelines on the identification, evaluation, and treatment of overweight and obesity in adults. Arch Intern Med. 1998;158(17):1855–1867.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.