HIV နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ “ HIV and STI” (November,2023)

0
298

၂၀၂၃ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ (World AIDS Day) အထိမ်းအမှတ် စာအရှည်ကြီးတွေရေးနေတဲ့ ဒေါက်တာမာယာ စီဒီဖိုး (CD4) နဲ့ HIV ပိုးကောင်ရေ (HIV Viral Load) အကြောင်း မပြောပြခင် ဒီနေ့တော့ ကြားဖြတ်လေး အကိုတွေ၊ မောင်တွေအတွက် စိတ်ဝင်စားစရာ အချက်လေးတစ်ခု ပြောပြချင်လို့ပါ။

သူကတော့ ကူးစက်ပုံနည်းလမ်းတွေနဲ့ ဆိုင်တယ်။ ရှေ့ရက်မှာ “ပုံမှန်လိင်ဆက်ဆံမှုရှိတဲ့ gay သို့မဟုတ် bisexual အမျိုးသားဖြစ်တယ်ဆိုရင်တော့ သုံးလကနေ ခြောက်လတစ်ကြိမ် ပုံမှန် HIV ပိုး ရှိ/မရှိ အမြဲစစ်ဆေးပေး” ဆိုတာလေးလေ။ ဘာလို့ ခပ်စိပ်စိပ်စစ်ခိုင်းရလဲဆိုတာ ကြားဖြတ်လေး ပြောပြချင်တာ။

HIV ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်နိုင်ခြေအများဆုံးဆိုတာ သိပြီးဖြစ်မယ် ထင်တယ်နော်။ လိင်ဆက်ဆံမှုနည်းလမ်းတွေ အများကြီးထဲကမှ စအိုမှတစ်ဆင့် လိင်ဆက်ဆံတာ (anal sex) က HIV ပိုးကူးဖို့ အခြား လိင်ဆက်ဆံမှုနည်းလမ်းတွေထက် ပိုများပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ rectum လို့ခေါ်တဲ့ အစာဟောင်းအိမ်လမ်းကြောင်းရဲ့ နံရံတွေဟာ ပါးလွှာပြီး သွေးထွက်လွယ်တာကြောင့် ပိုးရှိသူနဲ့ အတူနေမိရင် ကူးစက်ခံရဖို့ များတယ်လို့ပြောကြတာပါ။ ပြီးတော့ သူက ချောဆီထွက်တာနည်းတာကြောင့် ပွတ်တိုက်ပွန်းပဲ့နိုင်ခြေ ပိုများတာလည်း ပါတာပေါ့။ သိသိသာသာ နာကျင်တာ၊ မျက်စိနဲ့ မြင်ရလောက်တဲ့ သွေးထွက်တာမျိုး မရှိဘူးဆိုရင်တောင်မှ မျက်စိနဲ့မမြင်ရတဲ့ ပေါက်ပြဲမှုသေးသေးလေးတွေ (microscopic tears) ဖြစ်ပေါ်နိုင်တဲ့အတွက်မို့လို့လည်း ဗိုင်းရပ်စ်ပိုးက သွေးတွင်းကို တိုက်ရိုက်ဝင်ရောက်နိုင်ခြေလေး များတာပါတဲ့။ အမျိုးသားသုက်ရည် (semen) ကလည်း HIV ပိုးကူးစက်မှုမြင့်တဲ့ အရည်တစ်မျိုးဖြစ်တဲ့အတွက် risk လေးတွေ ပိုတက်လာတာပေါ့လေ။

တော့ပ်ပါတနာ (top, insertive – ထိုးသွင်းဆက်ဆံသူ) နဲ့ ဘော်တွန်ပါတနာ (bottom, receptive – လက်ခံဆက်ဆံသူ) ၂ ယောက်မှာဆိုရင် ၂ ယောက်လုံးမှာ ကူးစက်နိုင်ခြေတွေ ရှိပါတယ်။ ဒီမှာ စိတ်ဝင်စားစရာ နောက်တစ်ခုက bottom ပါတနာက top ပါတနာနဲ့ ယှဉ်ရင် HIV ပိုးစက်ခံရနိုင်ခြေ ပိုများနိုင်ပါတယ်တဲ့။ အပွန်းအပဲ့ ဒဏ်ရာလေးတွေက သူ့မှာ ဖြစ်နိုင်ခြေပိုများတာ ဆိုတော့လေ။ ဒါက top ပါတနာမှာ ပိုးရှိနေရင်ပေါ့။ အလားတူ bottom ပါတနာမှာသာ ပိုးရှိနေတာဆိုရင်လည်း အဲဒီ HIV ပိုးက top ပါတနာဆီကို လိင်တံ အပေါက်ဝ (urethra) မှတစ်ဆင့် ပြန်ကူးနိုင်တယ်နော်။ အဲဒီကနေတစ်ဆင့် သာမကဘဲ circumcision လို့ခေါ်တဲ့ လိင်တံထိပ်အရေပြား မဖြတ်ထားရင်၊ လိင်တံမှာ အပေါက်အပြဲနဲ့ အနာလေးတွေရှိရင်လည်း အဲဒီကနေတစ်ဆင့် HIV ပိုးက ဝင်သွားနိုင်ပါတယ်။

အခုက HIV ပိုးအကြောင်း ပြောပြနေတာဆိုတော့ တစ်ယောက်မဟုတ် တစ်ယောက်မှာ HIV ပိုးရှိနေတယ်ဆိုရင် ကူးစက်နိုင်ခြေတွေကို ကျန်းမာရေးရှုထောင့်ကနေ ပြောပြနေတာပါနော်။ ဒါကိုမှ homosexual ဖြစ်လို့ ဖြစ်တာ၊ bisexual မို့လို့ဆိုပြီး မဆီမဆိုင် အပြစ်တင်သံတွေ ကြားရရင်တော့ ဆူတဲ့အသံနဲ့ ပြောမှာပါနော်။ မျက်မှန်စိမ်းကြီးတွေ ဖယ်ပြီး ချစ်တဲ့မျက်စိလေးတွေနဲ့ ဖတ်ကြပါလို့… လူသားအချင်းချင်း နားလည် ကိုယ်ချင်းစာပေးကြပါလို့။

ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုက ဘယ်လိုပဲဖြစ်ပါစေ ပါတနာမများဘူး၊ ရှိတဲ့ ပါတနာတွေမှာလည်း HIV ပိုး မရှိရင်တော့ ဘယ်ကူးကြမလဲနော့။ အဲဒီတော့ HIV ပိုးမရှိဘူး၊ လွတ်လပ်စွာနေမယ်ဆိုရင်လည်း အောက်ကအချက်လေးတွေတော့ ထပ်သတိထားရမယ်နော်။ ဒီဆရာဝန် တစ်ခုပြီးတစ်ခု သတိထားခိုင်းလို့ကို မပြီးတော့ဘူးလို့တော့ မမှတ်ပါနဲ့။ ကိုယ့်မောင်နှမတွေ ဘေးကင်းစွာနေရအောင် အခွင့်ရတုန်း သိသမျှအကုန် အိတ်သွန်ဖာမှောက်လေး ပြောပြချင်လို့ပါ။

ဒီတော့ နောက်တစ်ခုက HIV မဟုတ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါလေးတွေပေါ့။ အများစု ကြားဖူးပြီးသား လိင်အင်္ဂါရေယုန် (genital herpes) ၊ ကာလသားရောဂါ (syphilis) ၊ ဂနိုဆီးပူညောင်းကျ ရောဂါ (gonorrhea) ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုး တို့ဟာလည်း HIV အလားတူ လိင်မှတစ်ဆင့် ကူးစက်တတ်တယ်နော်။

အသည်းရောင်အသားဝါ ဘီနဲ့ စီဆိုရင် HIV ပိုးထက်တောင် လိင်မှတစ်ဆင့် ကူးစက်နိုင်နှုန်းက ပိုများပါတယ်။ ဆေးခန်းတွေကို သွားပြတာက HIV အတွက် စိတ်ပူလို့၊ ကျွန်တော်ကျွန်မတို့ကို ဒီဆရာဝန်က ဘီပိုးကာကွယ်ဆေးလည်း ထိုးခိုင်း၊ syphilis အတွက် VDRL test ရော စစ်ခိုင်းလိုက်တယ်ဆိုရင် ဆက်စပ်တယ်လို့ မှတ်နော်။

လိင်မှတစ်ဆင့် အခြားကူးစက်ရောဂါတွေ (Sexually Transmitted Diseases – STD) ရှိနေတယ်ဆိုရင် HIV ပိုးရှိတဲ့သူနဲ့ အတူနေမိတဲ့အခါ မိမိဆီ ကူးစက်နိုင်ခြေ ပုံမှန်ထက် ပိုများသေးပါတယ်တဲ့။ ဒီ STI တွေဟာ မိန်းမကိုယ်နဲ့ ယောင်္ကျားလိင်အင်္ဂါဝန်းကျင်မှာ အနာတွေ အဖုတွေ ဖြစ်စေနိုင်ပြီး အဲဒီအနာတွေကနေတစ်ဆင့် HIV ပိုးဝင်ရလွယ်အောင် ဖန်တီးပေးတတ်လို့ပါ။ ဘယ်လိုကြောင့် အနာလေးတွေပေါ်ပေါ် အရေပြားအပေါ်မှာ inflammation လို့ခေါ်တဲ့ ရောင်ရမ်းတာလေးတွေ ဖြစ်တယ်မဟုတ်လား။ နောက်တစ်မျိုးအနေနဲ့ ဒီရောင်ရမ်းမှုတွေကလည်း HIV ပိုး တအားကြိုက်တဲ့ ကိုယ်ခံအား သွေးဖြူဥဆဲလ်လေးတွေကို အနာဝန်းကျင်ဆီ ခေါ်ပေးတာကြောင့်လည်း ဖြစ်ပါတယ်။

အဲဒီတော့ HIV ပိုး တစ်ခုတင်မဟုတ်ဘဲ ကျန်တဲ့ရောဂါလေးတွေလည်း သတိလွတ်သွားရင် ကိုယ့်ဆီ အမြဲရောက်နိုင်တယ်ဆိုတာလေး မှတ်ထားနော်။ ခဏခဏ STI တွေဖြစ်ရင် မျိုးပွားအင်္ဂါတွေတစ်ဝိုက် အတွင်းအပြင် ဒဏ်တွေများပြီး လိုချင်တဲ့အချိန် ကလေးမရတော့တာတွေ၊ မြုံသွားတာတွေလည်း ဖြစ်တတ်ပါတယ်တဲ့။ ဆိုတော့ ကွန်ဒုံး ကွန်ဒုံး ကွန်ဒုံး ပါ။ အကာအကွယ်နဲ့ မပေါက်မပြဲ သေချာဆက်ဆံရင် HIV တင်မက ဘာကောင်မှ မဝင်နိုင်ပါဘူး။

အမျိုးသားတွေအကြောင်းပဲ ပြောပြနေလို့ အမျိုးသမီးတွေလည်း ပါပါတယ်နော်။ လိင်တူဖြစ်စေ၊ လိင်ကွဲဆက်ဆံတာဖြစ်စေ anal sex မှတစ်ဆင့် ကူးစက်နိုင်ခြေက vaginal sex (မိန်းမကိုယ်) မှတစ်ဆင့် ကူးစက်နိုင်ခြေထက် ပိုမြင့်တယ်တဲ့။ vaginal sex ကကျ ချောဆီပိုထွက်တော့ အပွန်းအပဲ့တွေ တအားမများဘူးပေါ့။ ဒါပေမယ့်လည်း ရှိသမျှ risk အကုန် လျှော့ချဖို့ဆိုရင် homosexual ဖြစ်ဖြစ်၊ heterosexual ဖြစ်ဖြစ်၊ bisexual ဖြစ်ဖြစ်၊ ဘယ်လိုနည်းလမ်းနဲ့ပဲ ဆက်ဆံ ဆက်ဆံ ကွန်ဒုံး ကွန်ဒုံးပါပဲနော်။

Anal sex နဲ့ STI တွေအကြောင်း အကြမ်းဖျဥ်း ပြောပြအပြီး နောက်တစ်ရက်အတွက် အပိုင်းဆက်ခေါ်သွားဖို့ ဒါလေးထပ်ပြောပြချင်သေးတယ်။ ဒီနေ့အတွက် TeleRed ရဲ့ အိမ်ပြန်မှာတမ်းပေါ့။

လူတစ်ယောက်က HIV ပိုးရှိနေလို့၊ အေအာတီဆေးကို ဖိဖိစီးစီးသောက်နေတယ်၊ သွေးတွင်း HIV ပိုးကောင်ရေကလည်း ဆေးရဲ့စွမ်းအားကြောင့် ပိပြားနေပြီး သွေးစစ်တိုင်း မတွေ့ရတော့ဘူး (ကျွန်မတို့ အခေါ်ဆို fully suppressed HIV viral load, undetectable HIV Viral Load ပေါ့)… ဒီလိုလူနဲ့ အကာအကွယ်မပါဘဲ အတူလိင်ဆက်ဆံမိရင်တော့ မှန်းခြေ ကူးစက်နိုင်ခြေက “သုည” ပါလို့။

“ဟင်… HIV ပိုး ရှိနေတယ်လည်း ပြောတယ်၊ ဘာလို့မကူးရမှာတုန်း” ဆိုရင်…. “ဆေးသေချာသောက်လို့ ဆေးသေချာသောက်လို့။ အန္တရာယ်ရှိတဲ့ အပြုအမူတွေနဲ့ အခြား risk တွေ ထပ်မရှိတော့လို့” လို့ ဖြေပါမယ်။

သူနဲ့ ဆင်သလိုလိုနဲ့ မတူနဲ့ နောက်တစ်ခုကကျတော့၊ ဒီလူတစ်ယောက်က HIV ပိုးရှိလို့ ဆေးသောက်နေတယ်၊ သူ့ကျတော့ အကြောင်းကြောင်းကြောင့် ဆေးသောက် ပျက်ကွက်တာ၊ နောက်ကျတာတွေရှိတယ်။ ခေတ်အခြေအနေမကောင်းတဲ့ ကာလမှာ ဆေးထုတ်သွားတာ လမ်းခရီး အဆင်မပြေလို့ ဆေးမရတာ၊ သေချာ ဖိဖိစီးစီး အေအာတီ မသောက်ရတဲ့ ရက်တွေ၊ လတွေလည်း ရှိတယ်။ ဒီတော့ သူ့ရဲ့ သွေးထဲမှာရှိနေတဲ့ HIV ပိုးအခြေအနေက ပထမလူလို ပိပြားငြိမ်ဝပ်နေမှာ မဟုတ်တော့ဘူးပေါ့။ အဲလိုအချိန်မှာ ကွန်ဒုံးမပါဘဲ မိန်းမကိုယ်ကပဲဖြစ်ဖြစ်၊ anal sex နဲ့ပဲဖြစ်ဖြစ်၊ top ပဲ ဖြစ်ဖြစ်၊ bottom ပဲဖြစ်ဖြစ် အတူနေမိခဲ့ရင် HIV ပိုး ကူးစက်နိုင်ခြေက အလွန်ကို မြင့်မားပါတယ်တဲ့။ ဒါကြောင့် ကိုယ့်အတူနေ ပါတနာရဲ့ လိင်မှုရေးရာ အခြေအနေတွေနဲ့ HIV status ကို သေချာမသိဘူးဆိုရင် ရုပ်ကြည့်မဆုံးဖြတ်ဘဲ ကွန်ဒုံး၊ ကွန်ဒုံး၊ ကွန်ဒုံးနော်။

.

နောက်ရက်မှာတော့ စီဒီဖိုးနဲ့ HIV ပိုးကောင်ရေအလှည့်ရောက်ပါပြီ။

ဒီကြားထဲ HIV, ART နဲ့ ပတ်သက်ပြီး ဆေးခန်းပြချင်ရင် တယ်လီကျန်းမာ မက်ဆင်ဂျာမှတစ်ဆင့် TeleRed ကို ဘွတ်ကင်လှမ်းတင်ထားလို့ ရပါတယ်နော်။ မှတ်တမ်းအဟောင်းလေးတွေ၊ ဆေးစာလေးတွေရှိရင်လည်း မပြခင် သေချာစုထားလိုက်နော်။ အဲဒါမှ လူနာကြည့်ချိန်ကျ သွက်သွက်လေးနဲ့ ပိုအကျိုးရှိရှိလေးဖြစ်မှာ။

နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ ????

-ဒေါက်တာမာယာ-

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here