ရှေ့ရက်တွေမှာ ဥပမာတွေ ရှုပ်ယှက်ခတ်အောင် ပေးပြီး စီဒီဖိုးတွေ ဘိုင်ရယ်လုတ် (viral load) တွေ ပြောထားပြီးပြီဆိုတော့ ဒီနေ့တော့ အေအာတီဆေးလေးတွေဘက် နည်းနည်းသွားမယ်နော်။ အေအာတီဆိုလို့ လျှာလိပ်အောင် အသံထွက်ရတဲ့ ဆေးတွေဆိုပြီး မလန့်သွားပါနဲ့… အဲဒါတွေ အသေးစိတ် မပြောပါဘူး ခေါင်းရှုပ်သွားမှာစိုးလို့။
ဒါပေမယ့် ယေဘုယျတော့ ပြောပြချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ “ကိုယ်စီးတဲ့မြင်း အထီးလား အမလား သိပါစေ” ဆိုသလိုမျိုး ကိုယ်သောက်တဲ့ဆေး ဘာလေးလဲဆိုတာတော့ အကြမ်းဖျဥ်းသိနေမှ အဆင်ပြေမှာကိုး။ ဒါ အေအာတီ သောက်နေရတဲ့ လူနာတွေကိုပဲ ပြောတာမဟုတ်ဘူးနော်… ကျန်းမာရေးပြဿနာမျိုးစုံကို ထိန်းချုပ်နိုင်အောင် ဆေးတွေသောက်နေရတဲ့သူတွေ အကုန်ပါတယ်။ ဆီးချို၊ သွေးတိုး၊ အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာ၊ အသည်းရောင်အသားဝါဘီ ကစလို့ ပိုးဝင်နေမကောင်းလို့ ပိုးသတ်ဆေး တစ်ပတ် ဆယ်ရက်လောက် ခဏသောက်ရတဲ့သူတွေလည်း ပါပါတယ်။
“ဆရာ/ဆရာမတို့ ကောင်းသလိုလုပ်ပါ၊ စီမံပါ။ ကျွန်တော်/ကျွန်မတို့က ဘာမှမသိလို့” ဆိုတာ မရတော့ဘူးနော်။ ခေတ်တွေ စနစ်တွေ ပြောင်းလာတဲ့ အလျောက် ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင် သေချာနားလည်အောင် လုပ်ရမယ်… ပြီးရင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတယ်၊ မေးမြန်းပိုင်ခွင့်ရှိတယ်။ ကိုယ့်ခန္ဓာကိုယ်ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်က အတိုင်းအတာတစ်ခုလောက်အထိတော့ ရောဂါအကြောင်းနဲ့ ဆေးတွေရဲ့ ယေဘုယျသဘောထားလေးတွေ သိနေမှ ရေရှည်အဆင်ပြေမှာ။
ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေ၊ မတူကွဲပြားတဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေပေါ်မူတည်ပြီး ဘယ်လိုကုသမှုတွေရှိတယ်၊ ကောင်းကျိုး/ဆိုးကျိုးတွေက ဘာဖြစ်တယ်၊ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက် ဘာတွေ ပြန်လုပ်လို့ရတယ်၊ ဆိုးကျိုးဖြစ်မှာကြောက်လို့ မကုဘဲထားရင် ရနိုင်တယ်/မရနိုင်တယ် အစရှိသဖြင့် ပညာရပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို နားလည်အောင် ပြောပြရတာ။ အဲဒါတွေကို သိနားလည်ပြီးမှ နောက်ဆုံးမှာ တကယ် ကုသမှု ယူ/မယူနဲ့ လက်ခံတာ/ငြင်းဆန်တာကို လူနာက လုပ်ရမှာ။ မဟုတ်ရင် ရမ်းကုတွေနဲ့များ တွေ့သွားခဲ့လို့ “ဆရာ ကောင်းသလို လုပ်ပါ” ဆိုရင် နာပြီပဲ။
ကျွန်မတွေ့ဖူးတဲ့အထဲ ဆေးမြစ်ဆေးဥတွေ ထောင်းသောက်ရင် ပျောက်တယ်ဆိုလို့ အကြာကြီးထောင်းသောက်ပြီး အသည်းတွေပျက်စီးမှ ရောက်လာတဲ့ လူနာတွေ၊ ရေမန်းပဲသောက်နေလို့ ပိုးကောင်ရေတွေ အရမ်းတက်၊ စီဒီဖိုးတွေကျပြီးမှ ရောက်လာတဲ့ လူနာတွေ၊ ပြင်းထန်တွဲဖက်ပိုးတစ်မျိုး ဦးနှောက်ထဲဝင်သွားလို့ လူနာက နေ့ညမှား၊ ကယောင်ချောက်ချား ဖြစ်နေတာကို အောက်လမ်းနဲ့ ပြုစားခံရတာဆိုပြီး နေမကောင်းရတဲ့ကြားထဲ ကြိမ်နဲ့ရိုက်ခံရတဲ့ လူနာတွေနဲ့… စုံလို့ပါ့။
အဲဒါကြောင့် အမှားနဲ့အမှန် သိစေချင်တဲ့ စေတနာတွေနဲ့ ဒီတယ်လီကျန်းမာမှာ အကြောင်းအရာပေါင်းစုံအတွက် တစ်ရက်တစ်ရက် စာတွေအများကြီး ရေးတင်နေရတာပါ။ လူနာတွေ၊ စာဖတ်သူတွေက ကွန်းမန့်မှာ ဒါလေးသိချင်တယ် တစ်ခုပဲရေးရေး၊ မက်ဆင်ဂျာမှာ ဒါလေးပြောပြပေးပါပဲ လာလာ၊ မျက်စိဒေါက်ထောက် သေချာလေးမှတ်ပြီး တိုင်ပင်ပြီး ရေးပေးကြတာပါ။ ဆေးခန်း အသီးသီးကို ပြတဲ့အချိန်မှာ မသိတာ၊ မရှင်းတာလေးတွေ ရှိရင်လည်း သေချာလေးပြန်မေးရမှာနော်။ သေချာမေးပြီးရင်တော့ သေချာနားထောင်ကြေး၊ သေချာဖတ်ကြေး။
…
…
အစချီနေတာနဲ့ အတော်ကြာပြီ။ ဆောရီး ဆောရီး… စကားများတဲ့ ဆရာဝန်မို့လို့ပါ။ အေအာတီ (ART) ဆိုတာ Antiretroviral Therapy (အန်တီ ရီထွိုဘိုင်းရယ် သာရပီ) ရဲ့ အတိုကောက်လေးပါ။ မသိရင် အာ့တ် ဆိုတော့ အနုပညာဆန်တာပေါ့။ တကယ်တော့ retrovirus ဆိုတာ HIV ပိုးရဲ့ မျိုးရိုးဗီဇဖွဲ့စည်းပုံပေါ် မူတည်ပြီး နောက်တစ်မျိုးခေါ်တာပါ။ ထပ်ရှင်းရင် RNA, DNA တွေပါလာမှာစိုးလို့ မသွားတော့ဘူးနော်။ အဲဒီ retrovirus သို့မဟုတ် HIV ကို ဆန့်ကျင်တိုက်ခိုက်မယ့် ကုထုံးဆိုတော့ Anti-retroviral Therapy (ART-အေအာတီ) ဖြစ်သွားတာပါပဲ။
သေချာလေးသိထားရမှာက အေအာတီဆိုတာ ဆေးတစ်မျိုးတည်းရဲ့နာမည် မဟုတ်ဘူးနော်။ ကုထုံးရဲ့နာမည်ကို ချုံ့ပြောထားတာ။ အဲဒီတော့ ဆေးခန်းလာပြတဲ့အချိန် “ကျွန်တော်/ကျွန်မ အေအာတီ သောက်နေတယ်” ဆိုရင် “ဟုတ်လား… ဘာအေအာတီတွေ သောက်နေတာလဲ” ဆိုတာလေးက နောက်က လိုက်လာမယ့် မေးခွန်းပေါ့။ HIV ပိုးရှိတာ သေချာပြီဆိုရင် အများစုက ၃ မျိုးစပ် အေအာတီ သောက်ရမှာပါ။ ၃ မျိုးစပ်ဆိုတော့ အခြားအမျိုးစပ်တွေရှိတာလား… ရှိတာပေါ့… ဟိုးအရင်တုန်းကဆို ၂ မျိုးစပ် သောက်ကြတယ်။ ဆေးမတိုး HIV သမားတွေမှာဆို ၄ မျိုး ၅ မျိုးစပ်အထိတောင် ရှိတယ်။ ဘာတွေ မတူတာလဲဆိုတော့ အဲဒီ ၃ မျိုးစပ်ကိုမှ စပ်ပုံစပ်နည်းတွေ မတူကြတာ။
ကလေးလေးတွေကို အေအာတီဆေး ပေးမယ်ဆိုရင် အသက်အရွယ်၊ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး လူကြီးတွေကိုပေးတဲ့ အေအာတီ ဆေးအမျိုးအစားတွေနဲ့ မတူတော့ဘူး၊ dose (ပမာဏ) လည်းမတူဘူး။ တချို့ဆို အေအာတီ အရည်လေးတွေ၊ တချို့ဆို ဆေးလုံး ပိစိလေးတွေ အများကြီး။ လူကြီးဆိုရင်လည်း တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေနဲ့ နဂိုအခံရှိတဲ့ ရောဂါတွေပေါ် မူတည်ပြီး သောက်ရမယ့် အေအာတီထဲ ဆေးပေါင်းလေးတွေ ကွာတတ်တယ်။ ကျောက်ကပ်မကောင်းတဲ့သူ၊ အသည်းမကောင်းတဲ့သူ၊ သွေးအားနည်းတဲ့သူဆိုရင် ပုံမှန်ပေးနေကျ အသုံးများတဲ့ အေအာတီဆေးပေါင်းထဲက ခွဲပြီး ထွက်ပေးရတယ်။ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးလေးတွေ ဆေးသောက်ဖို့လိုလာရင် ကလေးယူဖို့ အစီအစဉ် ရှိ/မရှိမေးပြီး၊ ကိုယ်ဝန်တားဆေးတွေလိုရင် ထိုးပေး၊ အေအာတီဆေး ရွေးပေးရပေါ့။
ပြောချင်တာက လူတစ်ယောက်သောက်ရတဲ့ အေအာတီဆေးက ၃ မျိုးစပ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပါဝင်ဆေးအမျိုးအစားတွေက တူချင်မှတူမှာ။ အဲဒါကြောင့် ဆေးမျှသောက်လိုက်တယ်၊ သူများဆေး ယူသောက်လိုက်တယ်ဆိုတာ အေအာတီသောက်နေတဲ့ လူနာတွေမှာ လုပ်လို့မရတာပေါ့။ တခြားဆေးသောက်နေတဲ့ သူတွေလည်း အမျိုးအမည်မသိရင် မရဘူးနော်။ နောက်ဆုံး ကိုယ်မမှတ်နိုင်ရင် ဆေးဘူးလေးကို ဓာတ်ပုံရိုက်ထား သို့မဟုတ် ကိုယ့်ကို ကြည့်ပေးနေတဲ့ ဆရာဝန်ကို “ဒီဆေး အတိုကောက် ဘယ်လိုမှတ်ထားလို့ရမလဲ” မေးလို့ရပါတယ်။ မဟုတ်ရင် အကြောင်းကြောင်းကြောင့် ဆေးပြတ်လပ်တဲ့အခါ၊ ရှာဝယ်ဖို့ လိုတဲ့အခါ အရမ်းဒုက္ခရောက်ကြလို့လေ…အထူးသဖြင့် ဒီကာလပေါ့။
…
…
ရှေ့ဆယ်စုနှစ်တစ်ခုတုန်းက ဒီ အေအာတီဆေး စဖို့ဆိုရင် စီဒီဖိုး ဘယ်နှစ်လုံးရှိမှ စပေးမယ်၊ လူနာက ဘယ်လောက်နေမကောင်းဖြစ်ရမယ်နဲ့ အဆင့်ဆင့်မှတ်ချက်တွေပေါ် မူတည်ပြီး ဦးစားပေးတာမျိုးပေါ့။ ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ သူ့ဟာသူ စီဒီဖိုး ဘယ်လောက်ရှိနေရှိနေ၊ HIV ပိုးတွေ့ပြီဆိုတာနဲ့ အေအာတီ သောက်ရမယ်လို့ ပြောင်းလဲသတ်မှတ်လာကြပါတယ်။ အရင် အေအာတီဆေး စပေါ်ချိန်တုန်းကကျ ကျွန်မတို့လို ဖွံဖြိုးဆဲနိုင်ငံတွေမှာ ဆေးတွေ သိပ်လက်လှမ်းမမီတာရယ်၊ သုတေသနတွေ နည်းပါးတာရယ်နဲ့ လူတိုင်းကို ပိုးတွေ့တာနဲ့ မပေးနိုင်ခဲ့ဘူး။ ၂၁ ရာစုထဲမှာတော့ တအားကို သိသိသာသာ တိုးတက်လာတာ။ ဆေးတွေပိုရလာတယ်၊ သွေးစစ်တဲ့ ဝန်ဆောင်မှုတွေ အများကြီး ပိုပေးလာနိုင်တယ်၊ ခွဲခြားဆက်ဆံမှုတွေကို လူနာနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေ အတူတိုက်ဖျက်လာနိုင်ကြတယ်။ ဘေးထွက်ဆိုးကျိုး အလွန်နည်းတဲ့ ဆေးတွေလည်း ထပ်ထွက်လာတယ်။
စစ်အုပ်စု အာဏာမသိမ်းခင် အချိန်ထိ အရာရာဟာ တဖြည်းဖြည်း တိုးတက်လာနေတာ… ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ဆေးကောင်းကောင်းတွေ ပေးနိုင်တယ်၊ ကူးစက်မှုတွေ အများကြီး လျော့ကျလာတယ်၊ လူနာတွေ HIV ပိုးကောင်ရေ ငြိမ်နေကြတာ များတယ်၊ late stage (ပြင်းထန်ရောဂါအဆင့်) နဲ့ လာပြတဲ့ လူနာတွေ နည်းနည်းလာတယ်၊ ပိုးရှိမိခင်ကနေ မွေးကင်းစ ကလေးလေးတွေကို ကူးစက်တဲ့ ကိစ္စတွေဟာဆိုရင်လည်း မရှိသလောက်ကို ရှားကုန်ခဲ့တာ။ လူနာတွေတည်ငြိမ်ပြီး အတော်လေး စိတ်ချရလာပြီမို့လို့ အရင်ကူညီနေတဲ့ အဖွဲ့တွေဟာ ပြည်သူ့အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကိုတောင် လူနာတွေ လက်ဆင့်ကမ်းနေကြပြီ။
အနှစ်နှစ်အလလ တည်ဆောက်လာခဲ့ရတဲ့ အရာတွေကို ဟိုမကောင်းဆိုးဝါးတစ်သိုက် ဖျက်ဆီးလိုက်တာ ၂ နှစ် ၃ နှစ်အတွင်းမှာတင် ကုန်ရောပဲ။ အေအာတီ ဆေး ပြတ်လပ်တဲ့ လူနာတွေ အများကြီးထွက်လာတယ်။ သွေးစစ်စရာ နေရာတွေ ရှားလာလို့၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလေးတောင် မရအောင် မျိုးစုံ ဖိနှိပ်ခံထားရလို့ ရောဂါကျွမ်းတဲ့အချိန်မှ လူနာတွေ ဆေးရုံ၊ ဆေးခန်း ရောက်တယ်။ အသက်အန္တရာယ်က အရင်မို့လို့ ကူးစက်ရောဂါထိန်းချုပ်မှုတွေ သိပ်မလုပ်နိုင်တော့တဲ့အခါမှာ ပိုးတွေ့လူနာတွေ ပိုများလာတယ်။ အရင်က ဆေးသေချာသောက်လို့ ပိပြားငြိမ်ဝပ်နေတဲ့ ပိုးကောင်တွေက ဆေးတွေပြတ်ကုန်လို့ အရေအတွက်တွေ ပြန်တက်၊ နေမကောင်းတွေ ဖြစ်ကြတယ်။ ပိုးရှိမေမေတွေ စစ်ရှောင်ရလို့၊ မကောင်းဆိုးဝါးရန်က အရင်လွတ်အောင် ပြေးရလို့ ဆေးမသောက်နိုင်ဘဲ မီးဖွားရတဲ့အခါ ကလေးလေးတွေမှာပါ ပိုးတွေ့လာတာတွေ ပြန်ရှိလာတယ်။ ဆက်ပြောရင် အများကြီးပဲ… ထားပါတော့။
…
…
လက်ရှိကာလမှာတော့ ကိုယ်တတ်နိုင်သလောက် ကျွန်မတို့ ကြိုးစားကြတာပေါ့လေ။ ပြည်သူ့ဘက်က ကျန်းမာရေးဝန်ထမ်းတွေကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားပေးနေကြတယ်။ တယ်လီကျန်းမာမှာဆို တယ်လီရဒ်ဆေးခန်းအပါအဝင် ဆေးခန်းတိုင်းက ဆရာဝန်တွေ၊ အခြား ကျန်းမာရေးဝန်ထမ်းတွေဟာ လေးလေးစားစား အချိန်သတ်သတ်မှတ်မှတ်ပေးပြီး လူနာတွေကို စနစ်တကျ ဘွတ်ကင်တင်ပေးတာ၊ အခမဲ့ကြည့်ပေးတာ၊ ပညာပေးစာတွေရေးပေးတာမျိုးတွေ လုပ်ပေးနေပါတယ်။ မြေပြင်မှာရှိတဲ့ ခက်ခဲဒေသ၊ တိုက်ပွဲတွေကြားက ကျန်းမာရေးဝန်ထမ်းတွေဆိုရင်လည်း ရှိတဲ့ပစ္စည်း၊ ရှိတဲ့ဆေးတွေနဲ့ အသက်အန္တရာယ်ကြားက အစွမ်းကုန် နေ့မအားညမနား ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျက်ရှိပါတယ်။
အေအာတီ ဆေးသောက်နေရတဲ့ လူနာတွေအနေနဲ့လည်း ဒီကာလမှာ အခက်အခဲပေါင်းစုံ ပိုများလာတာမို့လို့ လက်ထဲရှိတဲ့ ဆေးလေးတွေကို အချိန်ကွက်တိ၊ နောက်မကျ၊ မပြတ်လပ်အောင် ပိုသတိထား သောက်ပေးဖို့ လိုလာတာပေါ့။ ဆေးသောက်တာ တစ်ခုခုများ လိုသွားလို့ ရောဂါတစ်ခုခု ပြန်ကြွလာရင် ဒီကာလကြီးမှာ ကျန်းမာရေးအတွက် ပူစရာတစ်ခု တိုးလာမှာ စိုးလို့လေ။ ဆေးမရနိုင်တော့တဲ့ နေရာတွေကို ရောက်နေတယ်၊ ဆေးသောက်ပျက်ခါနီးပြီ၊ ပျက်နေပြီဆိုရင် အရင် ကိုယ့်ကိုကြည့်ရှုပေး၊ ဆေးပေးတဲ့ နေရာတွေကို ဆက်သွယ်ဖို့ လိုသလို၊ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်ဖို့ အဆင်မပြေဘူးဆိုရင် အနီးအနားမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်ယောက်ကို ဖွင့်ပြောပြပြီး ဆေးမပြတ်ရေး အတူအကြံထုတ်ဖို့လိုပါတယ်။ HIV ပိုးရှိနေမှန်းသိပြီး အေအာတီဆေး စမသောက်ရသေးတဲ့ လူနာတွေလည်း ပါတယ်နော်။ တော်ကြာ နောက်မှနောက်မှဆိုပြီး စောင့်ရင်းစောင့်ရင်းနဲ့ စီဒီဖိုးတွေ အများကြီးထပ်ကျသွားပြီး ကိုယ်ခံအားတွေ အများကြီးယုတ်လျော့၊ ရောဂါဝင်မှာတွေ စိုးရိမ်လို့ပါ။
ဘေးမှာလည်း ကျန်းမာရေးဝန်ထမ်း ရှိမနေဘူး၊ HIV ပိုးနဲ့ ပတ်သက်ပြီး တစ်ခုခုတိုင်ပင်ချင်တယ် မေးမြန်းချင်တယ်ဆိုရင်တော့ တယ်လီကျန်းမာ မက်ဆင်ဂျာမှ တစ်ဆင့် တယ်လီရဒ်ကို ဘွတ်ကင်တင်ထားတယ်ဆိုရင် အတူဝိုင်းစဉ်းစားပေးမယ်နော်။
နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ ????
-ဒေါက်တာမာယာ-
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.