“ မထူးဆန်းသော အိတ်စ်ရောဂါ (HIV/ AIDS)”

တယ်လီကျန်းမာကနေ လူထုကို ဘယ်လိုကျန်းမာရေးပညာပေးအကြာင်းအရာလေးတွေ ရေးပေးစေချင်သလဲ စစ်တမ်းကောက်တော့ HIV/AIDS ရောဂါအကြောင်းနဲ့

“ Living with HIV/AIDS” … “ HIV/AIDS ရောဂါနှင့် အတူယှဥ်တွဲနေထိုင်ကြသူတွေ” အတွက် ခွန်အားဖြစ်စေမယ့် စာကလေးပါ တပါတည်းရေးပေးဖို့ တောင်းဆိုကြတာဖတ်ရတော့ ဗဟုသုတရလိုတဲ့စိတ်အပြင် ကိုယ်တိုင်ခွန်အားလိုအပ်လို့ဖြစ်စေ၊ မိမိချစ်ရသူတွေအတွက်ဖြစ်စေ၊ ဝေဒနာရှင်တွေအတွက်ဖြစ်စေ ခွန်အားဖြစ်အောင် တောင်းဆိုကြတဲ့ စေတနာလေးကိုပါ ခံစားမိပြန်တယ် ….❤️

HIV/AIDS ရောဂါနှင့် အတူယှဥ်တွဲနေကြသူတွေအတွက် ????‍♂️

????ကျွန်တော်တို့ ခုခေတ်မှာ အထူး အားပေးဖေးမရမယ့်သူတွေ/ အရာတွေရှိပါတယ်။ အဲ့ထဲမှာ HIV နဲ့ယှဥ်တွဲပြီး ကြံ့ကြံ့ခံ ပျော်ပျော်ရွှင်ရွှင်နေနေတဲ့သူတွေ အပါအဝင်ပေါ့။

နောက်တစ်ဆင့်က Support ပေးတဲ့ အဆင့်ထက်ကျော်ပြီး…..လူတိုင်းက ဒီအရာကို ပုံမှန်ပဲ၊ ဘာမှထူးခြားတာမရှိဘူး ၊ HIV ရှိနေပြီလို့ကြားလိုက်တာနဲ့ “ အဲ့ဒါဘာဖြစ်လဲ ဆေးသောက်ရင် သက်တမ်းစေ့နေနိုင်တာပဲ၊ ခု ၂၁ ရာစုမှာ အေးဆေးပါ” ဆိုတာလိုမျိုး ထူးခြား/ ထူးဆန်းမနေတော့တဲ့အထိကို ဖြစ်သွားစေချင်တယ်။

တကယ်လည်း ခင်ဗျားမှာ HIV ပိုးရှိရင် ART ဆေးသာသောက်ရင် သက်တမ်းစေ့ ပျော်ပျော်ရွှင်ရွှင်နေသွားလို့ရတယ်။ နောက် U=U အခြေအနေရောက်ရင် (အကာအကွယ်လေးနဲ့) ကိုယ်ချစ်တဲ့သူနဲ့နေလို့ရတယ်။

HIV ပိုးနဲ့ ယှဥ်တွဲနေကြသူတွေ အားလုံး အဆင်ပြေကြစေ ????

U=U ဆိုတာ ❓

U=U ဆိုတာက ‘Undetectable = Untransmittable’ ART ဆေးပုံမှန်သောက်ရင် ကိုယ့်ဆီမှာ HIV ပိုးကောင်ရေ မတွေ့နိုင်တော့လောက်အောင်ဖြစ်သွား/နည်းသွားတဲ့အခြေအနေ…. အဲ့လိုဖြစ်တော့ ကိုယ့်ဆီကနေ ကိုယ်ချစ်တဲ့သူဆီ ကူးနိုင်ချေ အရမ်းနည်းသွားပြီ။

အဲ့လို U=U ဖြစ်ရင်တောင် အကာအကွယ်သုံးဖို့ ဘာလို့ပြော❓

U=U အခြေအနေရောက်ရင် လိင်ဆက်ဆံဖော်ဆီ မကူးစက်နိုင်တော့လောက်အောင်ထိ HIV ပိုးကောင်ရေ နည်း/ မတွေ့နိုင်လောက်အောင် ဖြစ်ပေမယ့် တခြား ဂနို၊ ဆစ်ဖလစ်၊ အသည်းရောင်အသားဝါ ဘီ ပိုးတို့လို့ လိင်ကတစ်ဆင့်ကူးတဲ့ရောဂါတွေကလည်းရှိသေးတာကို။ Condom ကတော့သုံးကိုသုံးရမယ်။

” Support ထက် သာလွန်သော မထူးဆန်းခြင်း ???? “

အရင်ကဆို HIV/ AIDS ရောဂါရှိသူတွေကို ကြဥ်ကြတယ်။ ရှောင်ဖယ်ကြတယ်။ နောက်ဆုံး HIV/AIDS ရောဂါနဲ့ ဆုံးပါးရရင်တောင် ‘အေကိုက်သေတယ်’ ‘ကုရာနတ္ထိဆေးမရှိတဲ့ ဝဋ်နာကံနာရောဂါဆိုးနဲ့ သနားစဖွယ် သေရတယ်’ စသည်ဖြင့် ခွဲခြားနှိမ့်ချဆက်ဆံခံရမှုတွေ၊ အနိုင်ကျင့်ခံရမှုတွေ၊ ပြစ်တင်ရှုတ်ချခံရမှုတွေနဲ့ ဒီရောဂါရဲ့ အမည်းစက် (Stigma) ဟာ အင်မတန်ကြီးလှတယ်။

နောက်တော့ ဒီရောဂါကို ကုသဖို့ ခေတ်မီဆေးဝါးတွေပေါ်လာတယ်။ ကူးစက်နိုင်တဲ့နည်းလမ်းတွေနဲ့ မကူးစက်နိုင်တဲ့နည်းလမ်းတွေ စသဖြင့် လူထုက အသိအမြင်ကျယ်လာကြတော့ ခွဲခြားကြောက်ရွံ့မှုတွေနည်းလာပြီး ဝေဒနာသည်တွေအပေါ် မိသားစုကရော ပတ်ဝန်းကျင်ကပါ အမြင်ပြောင်းလဲလာပြီး ဖေးမကူညီကြတဲ့ Supportive ဖြစ်တဲ့ အ​နေအထားလေးတစ်ခု ဖြစ်တည်လာတယ်။

အထက်ကပြောခဲ့တဲ့အတိုင်း Support ထက်သာလွန်သော….HIV/AIDS လို့​ကြားလိုက်တာနဲ့ အခြားသော နှလုံးရောဂါ၊ သွေးတိုး၊ဆီးချို ရောဂါတွေလိုပဲ ဘာမျှမထူးဆန်းတဲ့ ပုံမှန်ရောဂါတစ်ခုလို Normalize ဖြစ်သွားစေချင်တယ်။ တကယ်လည်းဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဖြစ်အောင်လည်း ကျွန်တော်တို့ ကြိုးစားကြရမယ် ????

❓HIV နဲ့ AIDS အတူတူပဲလား ????

HIV ဆိုတာ AIDS ရောဂါဖြစ်စေတဲ့ (Human Immunodeficiency Virus) ပိုး ဖြစ်ပြီး AIDS ဆိုတာ HIV ပိုးကူးစက်ခံရပြီး ဖြစ်ပွားတဲ့ ရောဂါဖြစ်တယ်။

AIDS ဆိုတဲ့ စာလုံးကို အကျယ်ဖြန့်လိုက်ရင်

A- Acquired (မွေးရာပါရောဂါမဟုတ်တဲ့ ကူးစက်ရောဂါ)

I- Immune (ခန္ဓာကိုယ်ခုခံအားစနစ်)

D- Deficiency (ကျဆင်းမှု)

S- Syndrome (ရောဂါလက္ခဏာအစုအဝေး) လို့ အဓိပ္ပာယ်ရတယ်။ မြန်မာပြန်ရရင် “ ခုခံအားကျဆင်းမှုကူးစက်ရောဂါ” ပေါ့။

HIV ပိုးဟာ ခန္ဓာကိုယ်ခုခံအားစနစ် အထူးသဖြင့် CD4 cell လို့ခေါ်တဲ့ သွေးဖြူဥတစ်မျိုးကို တိုက်ခိုက်တယ်။ HIV ပိုးကူးစက်ခံရပြီး ကနဦးပိုင်းမှာ သာမန်အအေးမိဖျားနာလက္ခဏာတွေပြတတ်တယ်။ ပိုးကူးစက်ခံရပြီး တကယ့် AIDS ရောဂါလက္ခဏာတွေပြသဖို့က အနည်းဆုံး ၃ လ ကနေ အများဆုံး အနှစ် ၂၀ ထိကြာတတ်ပါတယ်တဲ့ဗျာ။

သိကောင်းစရာ AIDS ရောဂါလက္ခဏာ ????

  • ပင်ပန်း နွမ်းနယ် အားအင်ကုန်ခမ်းနေမယ်
  • အကြောင်းမယ်မယ်ရရမရှိဘဲ အရင်ကထက် ပိန်သွားမယ်၊ (Unexplained weight loss)
  • ထပ်ခါတလဲလဲ အဖျားနာတာရှည်မယ်၊ ညပိုင်းတွေ ချွေးထွက်​ချွေးပြန်နေတတ်တယ်
  • အစားအသောက်ပျက်မယ်
  • ဝမ်းလျှောမယ်
  • ချောင်းမပြတ်ဆိုးနေမယ်
  • လည်ပင်း၊ ပေါင်ခြံ၊ ချိုင်းတွေမှာ အကျိတ်တွေ စမ်းမိမယ်
  • ပါးစပ်မှာ အနာတွေ ပေါက်မယ်
  • HIV ပိုးရှိတိုင်း ရောဂါလက္ခဏာမပြတတ်တာကိုလည်း မှတ်သားထားရမယ်။

HIV ပိုး ဘယ်လိုကူး ❓

ဒီအကြောင်းကတော့ စာဖတ်သူတို့ ဖန်တရာထပ်အောင် သိပြီးသားဖြစ်လောက်ပေမယ့် ပြည့်ပြည့်စုံစုံဖတ်ရအောင် ပြော​ပြပေးသွားပါမယ်

  • HIV ပိုးဟာ သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အရည်၊ သွေး စတဲ့ ခန္ဓာကိုယ်အရည်တွေကတစ်ဆင့် ကူးတယ်။
  • (အကာအကွယ်မဲ့) လိင်ဆက်ဆံမှုကတစ်ဆင့် ကူးတယ်။ လိင်ဆက်ဆံမှုလို့ဆိုရာမှာ စအိုနဲ့ လိင်ဆက်ဆံခြင်းပါ အကျုံးဝင်တယ်။ ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကနေ ကူးဖို့ရာတော့ ရှားပါးလှပါတယ်တဲ့။
  • သွေးသွင်းကုသမှုယူရာကနေကူးတာ၊ မူးယစ်ဆေးသုံးသူတွေမှာ ဆေးထိုးအပ်ဝေမျှသုံးစွဲကြတာ၊ Tattoo ဆိုင်၊ ဆံသဆိုင် စတာတွေမှာ တစ်ခါသုံး အပ်/ ဂျုတ်ဓား မသုံးစွဲလို့ ကူးစက်ရတာ။
  • ရောဂါပိုးရှိသူမိခင်ကနေ ကလေးငယ်ကို ကိုယ်ဝန်ဆောင်ချိန်/ မီးဖွားချိန် ကနေ ကူးစက်တတ်သလို မိခင်နို့ရည်ကနေလည်း ကူးနိုင်သေးတယ်။

❌ HIV ပိုးရှိသူနဲ့ ပွေ့ဖက်နမ်းရှုံ့ရုံ၊ ထမင်းအတူစားရုံ၊ ဇွန်းခက်ရင်းမျှဝေသုံးရုံ၊ ရေအိမ်အတူသုံးရုံနဲ့ မကူးစက်ပါ။

HIV Antibody ( + ) ဆိုတာ ❓

သွေးစစ်ကြည့်လို့ HIV Antibody positive (HIV positive) ထွက်ရင် သွေးထဲမှာ HIV ပိုးအတွက် HIV Antibody ထွက်နေတာကို ဆိုလိုပြီး ဒါဟာ HIV ပိုးကူးစက်ခံခဲ့ရတာကို ပြသပါတယ်။ HIV (+) ထွက်ရင်ဆက်လက်လုပ်ဆောင်ရမှာတွေက –

???? HIV ပိုးကောင်ရေ (Viral Load) စစ်ရမယ်

???? CD4 cell အရေအတွက် (CD4 count) စစ်ရမယ်။

ပိုးကောင်ရေများလေ CD4 ဆဲလ်အရေအတွက် နည်းနေဖြစ်ပြီး ဆရာဝန်က လိုအပ်ရင် ART ဆေးပေးမယ်။

အခုဆို သွေးအခမဲ့စစ်တာ၊ ART ဆေးကို အခမဲ့ ရယူနိုင်တာ စတဲ့ ဝန်ဆောင်မှုပေးတဲ့နေရာတွေရှိနေပါပြီ။

AIDS ရောဂါက တကယ်ပဲ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါဆိုးကြီးလား❓

လုံးဝ မဟုတ်ပါ။

အမြစ်ပြတ်အောင် မကုသနိုင်သေးပေမယ့် AIDS ရောဂါအတွက် ခေတ်မီ ART ဆေးဝါးတွေ အများအပြားရှိနေပြီး ART ဆေးကို သတ်မှတ်ထားတဲ့အတိုင်း မှန်မှန် သောက်သုံးပြီး စနစ်တကျကုသမှုခံယူရင် သက်တမ်းစေ့ လူတမ်းစေ့ နီးပါး (Near-normal Lifespan) နေနိုင်နေပါပြီ ????

HIV ပိုးရှိသူ သွေးလှူလို့ ရ/မရ❓

သွေးလှူခါနီး ကြိုတင်စစ်ရတဲ့ ကူးစက်ရောဂါစစ်ဆေးမှုတွေမှာ HIV ပိုးဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး HIV ပိုးရှိနေရင် သွေးလှုလို့မရပါ။

လိင်ဆက်ဆံမှုကနေ မကူးနိုင်တဲ့ U=U အခြေအနေရောက်သည့်တိုင် သွေးလှုလို့တော့ မရပါဘူး။

သိထားရမယ့် PrEP ဆေး (Pre-Exposure Prophylaxis) အကြောင်း❓

PrEPဆေးကို နေ့စဥ်မှန်မှန်သောက်ရင် HIV ပိုးမကူးစက်နိုင်အောင် ၉၀ ရာခိုင်နှုန်းကျော်ထိ ကာကွယ်ပေးတယ်။ ဒီမှာ PrEP ဟာ HIV ပိုးတစ်မျိုးကိုသာ ကာကွယ်ပေးတဲ့အတွက် အခြားလိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေမကူးအောင် အကာအကွယ်ကတော့ သုံးရမယ်ဗျ…

သိထားရမယ့် PEP ဆေး (Post-Exposure Prophylaxis) အကြောင်း

HIV ပိုးကူးစက်ခံရပြီလို့ သံသယရှိတဲ့အခါ (HIVပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ၊ ဆေးထိုးအပ်မျှဝေသုံးမိတဲ့အခါ စသည်) PEP ဆေးကို ၇၂ နာရီအတွင်းသောက်ပြီး ပိုးမကူးစက်အောင် ကာကွယ်နိုင်တယ်။

ကျင့်သုံးရမယ့် Safe Sex ❤️

Safe Sex ဆိုတာ လိင်ဆက်ဆံမှုပြုနေစဥ်၊ ထိတွေ့မှုပြုစဥ်၊ နောက်ဆုံး အချင်းချင်းအာသာဖြေပေးမှုပြုစဥ် အတွင်း လိင်ဆက်ဆံဖော်နဲ့ သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အရည်၊ သွေး စတာတွေကို မထိတွေ့ရအောင် ကာကွယ်ထားတာကိုဆိုလိုတယ်။ ဒီမှာ အကောင်းဆုံးနည်းကတော့ အကာအကွယ် (Condom) အသုံးပြုတာဖြစ်ပြီး Condom ကို စနစ်တကျအသုံးပြုခြင်းဖြင့် HIV ပိုးအပါအဝင် အခြားသော လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကူးစက်ခံရနှုန်းကို လျှော့ချပေးတယ်။

တာဝန်ကလေးတစ်ခု ????

HIV ပိုးရှိသူတွေဟာ မိမိရဲ့ လိင်ဆက်ဆံဖော်ကို မိမိမှာရောဂါပိုးရှိကြောင်း အသိပေးထားရမယ်။ ဆေးရုံဆေးခန်းသွားရောက်တဲ့အခါလည်း မိမိအခြေအနေကို မကွယ်မဝှက်ပြောပြထားဖို့ လိုအပ်တယ်နော်…

  • References ????
  • John Murtagh’s Patient Education, Sixth Edition : HIV Infection and AIDS pg-141
  • CDC | Living with HIV

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.