HIV အကြောင်း သင်သိထားတာတွေ ပြည့်ရောပြည့်စုံရဲ့လား။ သိထားသင့်ပြီး တကယ်မသိတာတွေများ ရှိနေသေးလား 🤔

ကိုယ်မသိသေးတာ ဘာတွေများထွက်လာမလဲလို့ ဖတ်ကြည့်ရအောင်လေနော်။ တကယ် မသိသေးတာတွေလည်း ထွက်လာမှာပါ။ အကျိုးလည်း ရှိစေမှာပေါ့။

စမယ်နော်…
👇👇👇

ပထမဆုံးအနေနဲ့ အများစု သိထားပြီးသားတွေဖြစ်တဲ့…

  • အရေပြားချင်းထိတွေ့တာ (ဥပမာ – လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာ)
  • အိမ်သာ ရေချိုးခန်း ဘုံသုံးတာ
  • ထမင်းစား ပန်းကန်ခွက်ယောက် မျှဝေသုံးစွဲတာ
  • တစ်ဆက်တည်း တံတွေး၊ မျက်ရည်၊ ချွေးတို့ကနေတော့ HIV ပိုးက မကူးစက်နိုင်ပါဘူး။ (ဒါတွေက တော်တော်များများ သိထားပြီးသားတွေပါ)
  • နောက်ထပ် social kissing လို့ခေါ်တဲ့ ဥရောပစတိုင် နှုတ်ဆက်အနမ်း ပေးသလိုမျိုးကနေလည်း မကူးစက်နိုင်ပါဘူး။ deep kissing ကိုမှ ၂ ဦး ၂ ယောက်လုံး ပါးစပ်ထဲမှာ အနာတွေရှိတယ်၊ သွေးထွက်အောင် နမ်းတယ်ဆိုရင်တော့ ပိုးရှိနေသူကနေ မရှိနေသူကို ကူးစက်နိုင်ခြေ ရှိနိုင်ပါတယ်။

သွေးကြောင့်နော် အဲဒါ သွေးကြောင့်။ တံတွေးကြောင့် မဟုတ်ဘူး။ တချို့စာပေတွေမှာ ပြောထားတာက တံတွေးထဲမှာ HIV ပိုးပိစိလေး တွေ့နေရရင်တောင် တံတွေးရဲ့ သဘောသဘာဝအရ ပါဝင်ပစ္စည်းတွေ၊ အင်ဇိုင်းတွေကြောင့် ဆဲလ်အသစ်တွေဆီ မကူးစက်နိုင်တာလို့လည်း ဆိုပါတယ်။

ဒီလိုမျိုး ခံတွင်းရဲ့ပေါက်ပြဲဒဏ်ရာမှတစ်ဆင့် သွေးထွက်ပြီးကူးနိုင်ခြေက လိင်ဆံဆက်ရာ (vaginal/ anal) မှတစ်ဆင့် ကူးတာမျိုးနဲ့ယှဉ်ရင် ကူးစက်နှုန်း အလွန့်အလွန်ကို နည်းပါးပါသတဲ့။

လေ၊ ရေ၊ အစားအစာတွေကနေလည်း မကူးပါဘူးနော် 🤗

ဒါနဲ့ပတ်သက်ပြီး အမှတ်တရလေးတစ်ခု ပြောပြချင်ပါတယ်။

၂၀၂၁ မတိုင်ခင်ကတည်းက ခက်ခဲတဲ့ ခေါင်တဲ့နေရာတွေမှာ လူနာလေးတွေကြည့်ဖြစ်ရင်း ကြုံခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုပေါ့။

ထုံးစံအတိုင်း အေအာတီဆေး မစသေးခင်ဆို လူနာရော၊ ဆရာဝန်ရော၊ သူနာပြု၊ ကောင်ဆယ်လာ (နှစ်သိမ့်ဆွေးနွေး ပညာပေးသူ) တို့ရော ရှယ်ပြင်ဆင်ရတာပေါ့လေ။ ဆေးကိုလက်ခံဖို့ လူနာရဲ့ကျန်းမာရေးက အဆင်သင့်ဖြစ်အောင်သာမက စိတ်ပိုင်းဆိုင်ရာ၊ ဗဟုသုတပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်နေအောင် ပြောစရာရှိတာတွေ ပြောရတယ်။ ပြီးမှ စာပြန်မေးရတယ် ကိုယ့်လူနာတွေကို။ အဲဒါမှ ပိုမှတ်မိမှာလေနော်။

တစ်ရက်ကျ အေအာတီသောက်ဖို့ ပြင်ဆင်နေတဲ့ လူနာတစ်ယောက်ကို ကူးစက်နည်းတွေ စာမေးဖြစ်တော့ လေကနေ ကူးလားဆိုတော့ ကူးနိုင်တယ်တဲ့။

ဟုတ်လား သေချာလားဆိုတော့ “အေးလေ ဆရာမတို့က HIV လူနာတွေကြည့်တဲ့ ဆေးခန်းဆိုတော့ ဆေးခန်းက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေအကုန် HIV ရှိတဲ့သူတွေ ခန့်ထားတာမို့လား။ လေက ကူးတာလည်း ဖြစ်နိုင်တာပေါ့။ HIV ပိုးမရှိတဲ့သူတွေက ငါတို့ကို ကြည့်မလား” တဲ့။

ရင်ထဲမှာအတော်ထိခိုက်သွားတယ်။ စိတ်ထဲလည်း မကောင်းဘူး။
(ကိုယ့်ကို ပိုးရှိတယ်ပြောလို့ မဟုတ်ဘူးနော်။ ရှိလည်း ဆေးသောက်မှာ အေးဆေး)

HIV ပိုးရှိသူတွေကို ပိုးမရှိသူတွေက အရေးတယူ မလုပ်လောက်ဘူးလို့ သူ့စိတ်ထဲထင်တာလေး ပြောပြတာ​လေးက ရင်ထဲထိသွားတာ။ ဒါနဲ့ပဲ သေချာပြန်ရှင်းပြရတော့တယ်။

သူ့ကိုလည်း အပြစ်မဆိုသာပါဘူး…

အလွန်ခက်ခဲတဲ့ဒေသမှာနေရပြီး ကျန်းမာရေးအသိပညာနည်းတဲ့သူတစ်ယောက်ဖြစ်ပေမယ့် HIV ပိုးရှိရင် ခွဲခြားဆက်ဆံခံရလေ့ရှိတာ၊ ပိုးမရှိသူနဲ့ တန်းတူ ဆက်ဆံခံရလေ့မရှိဘူးဆိုတာကို သူသိနေတာလေ။ ၁၉၈၀ ကျော်ခုနှစ်တွေက “ကုရာနတ္ထိ ဆေးမရှိ အေအိုင်ဒီအက်စ်” ဆိုတဲ့ ကြောက်စရာကြော်ငြာကြီးနဲ့။ ဒါကိုမှီငြမ်းပြီး ခုချိန်အထိ လူနာတွေ စိတ်ပူပန်ကြလွန်းလို့ “ ဆေးရှိတယ်… မတူတော့ဘူး၊ ကြောက်စရာမကောင်းဘူး” ဆိုတာကို အမြဲပြန်ရှင်းပြရတုန်း။

အဲဒါနဲ့ အစောက လူနာကို HIV ပိုးဆိုတာ လေကနေ မကူးကြောင်း၊ ကျန်းမာရေး ဝန်ထမ်းတွေသာမက ဘယ်သူမဆို HIV ပိုးရှိတဲ့သူ ဖြစ်နိုင်ပေမယ့် HIV ပိုးကူးစက်ခံရသူတိုင်းကို ဆရာဝန်တိုင်း၊ ကျန်းမာရေးဝန်ထမ်းတိုင်းက ကြည့်ပေးကြကြောင်း၊ အားငယ်စရာ မလိုကြောင်းနဲ့ အခြားသိဖို့လုပ်ဖို့ လိုအပ်တာတွေ တသီကြီး ရှင်းပြလိုက်တာပေါ့လေ။

ကိုယ်တစ်ခါပြောတာနဲ့ စိတ်အားတက်လာမှာ မဟုတ်ပေမယ့် ရက်ချိန်းတွေခေါ်၊ ကျန်းမာရေးအခြေအနေနဲ့ ဆေးသောက်ပုံတွေ လိုတာပြောပြပြီး သေချာလေးလုပ်ပေးခဲ့တော့ အများကြီးအဆင်ပြေသွားပါတယ်။

ဒါနဲ့ပတ်သတ်ပြီး
လေ၊ ရေ၊ အစာပြီးတဲ့နောက် ခဏခဏ လာလာမေးတတ်ကြတဲ့….

“ဆရာမရေ… ဘေးခန်းကလူက အေအာတီသောက်နေတာ၊ ကျွန်မ အဲဒီအခန်း ခဏစကားသွားပြောတုန်း ခြင်ကိုက်လိုက်လို့”

တချို့ကျတော့လည်း “ ဂျပိုးကိုက်လို့” ဆိုတာတွေကရော။

ဒါနဲ့ပတ်သက်ပြီး မနှစ်ကထင်တယ် စာရေးပြီးပြောပြဖူးတယ်။ သွေးစစ်မယ့်အကြောင်း မရောက်ခင်ကို စာအတော်ရှည်နေလို့ အတိုချုပ်ပြောရရင် “ခြင်၊ ဂျပိုးကိုက်လို့ မကူးဘူးနော်” လို့ပဲ ယတိပြတ်ပြောပါရစေ။

အဲဒီတော့ လက်သည်း၊ ခြေသည်းညှပ်တွေကရော။

အလှပြင်ဆိုင်ပဲ ဖြစ်ဖြစ်၊ လက်သည်းညှပ်ကို မျှသုံးတာပဲ ဖြစ်ဖြစ်…

ဒီအရာတွေက တစ်ကိုယ်ရေသုံးပစ္စည်းလို့ ခေါ်တာလေနော်။ တတ်နိုင်သမျှကို တကယ်တစ်ကိုယ်ရေပဲ သုံးသင့်တာ။ လက်သည်းခြေသည်းဆိုင်မှာ သန့်ရှင်းရေးလုပ်တယ်ဆိုပေမယ့်လည်း တတ်နိုင်သမျှ ကိုယ့်ပစ္စည်းလေးတွေနဲ့သွား၊ မဟုတ်ရင်လည်း သေချာလေးပြန်ပေါင်းတဲ့ဆိုင် (တချို့ဆိုင်တွေဆို ဆေးပစ္စည်းပေါင်းစက် mini-autoclave တွေရှိတတ်မယ်ထင်တယ်) အဲဒါမျိုးကို ရွေးပေါ့။

ဒီလိုပြောလို့ တအားကြောက်အောင် ခြောက်တာတော့မဟုတ်ဘူးနော်။ ထုံးစံအတိုင်း အဓိကက သွေးကို ကြောက်တာပါ။ ရှေ့လူက ပိုးရှိတယ်၊ ဆေးသောက် မနေဘူး၊ ပေနေတဲ့ သွေးကလည်း လောလောလတ်လတ်လေး၊ အဲဒီသွေးထဲမှာလည်း ပိုးကောင်ရေက မတရားများတယ်ဆိုရင်တော့ ကူးနိုင်ခြေ ပိစိလေးရှိပါတယ်တဲ့။

အဲဒီ ရာခိုင်နှုန်းပိစိလေးကို ကြောက်လို့ပဲ ရှိသမျှ risk အကုန်လျှော့ဖို့ မှာကြတာပေါ့။

လက်ရှိကာလအထိ မှတ်တမ်းတွေအရတော့ လက်သည်းခြေသည်းညှပ်ကနေ HIV ပိုးကူးတယ်ဆိုတာက မရှိသလောက်ကို နည်းပါတယ်။ ဒါပေမယ့်လည်း မပေါ့ဆဖို့တော့လည်း လိုတာပေါ့နော်။

ဘာလို့ မပေါ့ဆဖို့ အမြဲပြောလည်းဆိုတော့ HIV ပိုးကို ကူးစမ်းဟယ်ဆိုပြီး ကူးစေတာမျိုးက မရှိသလောက်နည်းပါးပါတယ်။ အဓိကက ရှိမှန်းကို သိမနေကြလို့ ဖြစ်ကြတာပါ။

စစ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာဆိုရင် လူ ၈ ဦးမှာ ၁ ဦးက HIV ပိုး ရှိနေမှန်းကိုမသိဘူးလို့ စီဒီစီ ဗဟိုရောဂါထိန်းချုပ်ရေးဌာနက (CDC) ပြောပါတယ်။

၂၀၁၆ – ၂၀၁၇ ခုနှစ်မှာဆိုရင် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းအောက်ကပဲ တစ်သက်တာမှာ HIV ပိုး ရှိ/မရှိ စစ်ဆေးမှု ခံယူဖူးပါတယ်တဲ့။ အဲဒီတော့ ၆၀ ရာခိုင်နှုန်းလောက်က တစ်ခါမှာ မစစ်ဖူးဘူးဆိုတဲ့သဘောပေါ့နော်။

၂၀၁၉ ခုနှစ် အကုန်မှာတော့ လူဦးရေ ၁၅၈,၅၀၀ ယောက်ဟာ HIV ပိုးရှိမှန်းကို သူတို့ကိုယ်တိုင် သိမနေခဲ့ဘဲ အကြောင်းကြောင်းကြောင့် စစ်ဆေးရင်းနဲ့မှ သိလာကြတာတဲ့။ အချက်အလက်တွေက ကြောက်စရာကြီးနော်။

အဲဒီလို အမေရိကန်လိုနိုင်ငံမှာတောင် ဒီလိုမျိုး လွတ်နေကြတာရှိရင် ကျွန်မတို့ဖွံဖြိုးဆဲနိုင်ငံတွေမှာလည်း ပိုးရှိလျက်နဲ့ မသိသူတွေဟာ အများကြီးရှိနေမှာ အမှန်ပေါ့။

ဗမာလိုရေးပြီး ဘာလို့ အမေရိကန်နံပါတ်တွေပဲ ပြောနေရသလဲဆိုတော့ နောက်ဆုံး သတင်းအချက်အလက်တွေက သူတို့လို ကျန်းမာရေးနဲ့ သုတေသနအတွက် ငွေဖောဖောသီသီ သုံးနိုင်တဲ့ နိုင်ငံတွေကပဲ ထွက်လာလို့ပါ။

(ကိုဗစ်နဲ့အတူ ကျန်းမာရေးစနစ်ကို လှလှပပပြန်တည်ဆောက်နေချိန် စစ်အုပ်စုရဲ့ မတရားသဖြင့်အာဏာသိမ်းတဲ့လုပ်ရပ်​ကြောင့် ပိုပြီးယိုယွင်းသွားတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်အတွက်လည်း ရင်နာရပါတယ်)

ဒါနဲ့ နံနံရေးတွေ ဘေးဖယ်ထားပြီး သွေးစစ်ပုံလေး ပြောပြလို့ရပြီထင်ပါတယ် 😃

စစ်ပုံနည်းလမ်းတွေ၊ ကိရိယာတွေ၊ ပစ္စည်းတွေက ကမ္ဘာနဲ့အဝှမ်း တိုးတက်ရင်တိုးတက်သလို အများကြီးရှိတော့ ဒီနေ့တော့ မြန်မာနိုင်ငံမှာလုပ်လို့ရတာလေးတွေနဲ့ နီးစပ်တာလေးတွေပဲ ဦးစားပေးပြောပါရစေ။

HIV/ ART အဓိက ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ HIV ပိုးစစ်တော့မယ်ဆိုရင် သွေးမစစ်မီ၊ သွေးစစ်ပြီး ဝန်ဆောင်မှုတွေနဲ့ ဓာတ်ခွဲတိကျအဖြေထုတ်ပေးတဲ့ အပိုင်းတွေ ပါပါတယ်။

အင်္ဂလိပ်လိုဆိုရင် pre-test services, post-test services နဲ့ laboratory diagnosis of HIV infection ပေါ့။

အပြင်ဆေးခန်း၊ ဆေးရုံတွေမှာဆိုရင်တော့ ဒီဝန်ဆောင်မှုတွေမပါဘဲ HIV စစ်ချင်ပါတယ်ဆိုရင် ရော့အင့်ဆိုပြီး သွေးပဲဖောက်စစ်လိုက်ပြီး နေ့ချင်း သို့မဟုတ် နောက်ရက် အဖြေပြန်ထုတ်ပေးတာပဲ များမယ်ထင်တယ်နော်။ သွေးစစ်ဆေးခ ငွေကြေးရဖို့ အဓိကမဟုတ်လား။

တကယ်တမ်းက HIV ပိုးမစစ်ခင် (Pre-test services) မှာ ဘာတွေပါသလဲဆိုတော့ အဓိကကတော့ သတင်းအချက်ပေးတာပေါ့။ စစ်ဆေးမှုတွေကို ဘယ်လိုစစ်ဆေးတာ ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေ (ဥပမာ – ပိုးတွေ့ positive ၊ ပိုးမတွေ့ negative ၊ အဖြေမသေချာ – indeterminate) စသဖြင့် ထွက်လာတဲ့ အဖြေတွေဟာ ဘာကိုဆိုလိုကြောင်းနဲ့ ကာကွယ်ဖို့နည်းလမ်းတွေ ပြောပြတာအပြင်… ပိုးတွေ့ပြီဆို ကုသဖို့၊ စောင့်ရှောက်ဖို့နည်းလမ်းတွေ ဘာတွေရှိမယ်ဆိုတာကို HIV ပိုးမစစ်ခင် အချိန်ထဲက ကြိုတင်ပြင်ဆင်ပြီး အသိပညာပေးထားတာမျိုး ဖြစ်ရပါမယ်။

တစ်ခါတစ်ရံ ကိုယ်သိပြီးသားထင်ပေမယ့် လက်တွေ့ရောက်မှ မသိနေတာမျိုးလည်းရှိတတ်တော့ ဘက်စုံထောင့်စုံ ဖြစ်အောင်လို့ သေချာပြောပြပေး ရှင်းပြပေးရတာပေါ့။ အရေးကြီးတာကိုး… (+) ဖြစ်ခဲ့ရင် တစ်သက်လုံး ရင်ဆိုင်သွားရမယ့်ကိစ္စကြီးလေ။

ဒါ့အပြင် HIV ပိုးစစ်ပြီး (post-test services) မှာတော့ နောက်တစ်ခါ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနဲ့ လိုအပ်တဲ့ သတင်းအချက်အလက်တွေထပ်ပေး၊ ထွက်လာတဲ့ အဖြေပေါ်မူတည်ပြီး ညွှန်းပို့ပေးတာ၊ ကာကွယ်နည်းလမ်းတွေ ထပ်ပြောပေးတာမျိုးတွေ ပါပါတယ်။ (+) ပဲထွက်ထွက်၊ (-) ပဲထွက်ထွက်ပါ။ စနစ်တကျ အသိပညာပေးရတာပေါ့ 😇
….
….

ကဲ ဒါဆို ပိုးကိုဘယ်လိုစစ်သလဲပေါ့။

COVID-19 ကပ်ရောဂါလည်း အတော်ဖြစ်လိုက်ပြီးပြီဆိုတော့ လူတွေက အရင်ကထက် ဗိုင်းရပ်စ်ပိုးတွေအကြောင်း၊ ပဋိဇီဝပစ္စည်းတွေအကြောင်း၊ Rapid Diagnostic Test – RDT လို့ခေါ်တဲ့ အမြန်ရောဂါရှာတဲ့ test kit လေးတွေကို ရင်းနှီးပြီးသား ဖြစ်နေမလား မသိ။

ယေဘုယျအားဖြင့် စစ်ဆေးနည်းသုံးမျိုးရှိပါတယ်။ antibody လို့ခေါ်တဲ့ ပိုးကိုတုံ့ပြန်ပြီး ခန္ဓာကိုယ်ကထုတ်တဲ့ ပဋိဇီဝပစ္စည်းလေးတွေကို ရှာရင်းစစ်တာကတစ်မျိုး၊ ဒုတိယအနေနဲ့ ပိုးရဲ့အပိုင်းအစ (antigen) ရော၊ စောစောက antibody ကိုပါ အတူတူရှာရင်း စစ်တာကတစ်ခု၊ နောက်ဆုံးတစ်ခုကတော့ NAT nuclei acid test လို့ခေါ်တဲ့ တကယ့်ဗိုင်းရပ်စ်ပိုးကိုရှာတဲ့ စစ်ဆေးမှုတစ်မျိုးပေါ့။

နောက်ဆုံးတစ်ခုကတော့ အေအာတီဆေးနဲ့ ရင်းနှီးနေတဲ့ သူတွေဆို ပိုသိပါလိမ့်မယ်။ အရပ်ထဲပြောနေကြတဲ့ ပိုးကောင်ရေစစ်တယ် (HIV Viral Load Test) ဆိုတာကို ပြောချင်တာပါ။ ခန္ဓာကိုယ်ထဲ HIV ပိုးကောင်ရေ ဘယ်နှကောင်ရှိလဲ၊ ကျန်လဲဆိုတာ အေအာတီဆေးသောက်ပြီး ၆ လကနေ တနှစ်အတွင်း စစ်ကြည့်တဲ့ test ပေါ့။

ကျွန်မတို့နိုင်ငံမှာတော့ နောက်ဆုံးနည်း (NAT) ကို ဆေးမသောက်ခင် ပဏာမပိုးအရေအတွက် ဘယ်လောက် ရှိ/မရှိ စစ်တဲ့နေရာမှာ တော်ရုံမသုံးနိုင်ပါဘူး။ အချိန်ကြာတာရော၊ ဈေးကြီးတာရောကြောင့် ဆေးသောက်ပြီးလူနာတွေကျမှ အချိန်တစ်ခုရောက်ရင် ပိုးကို နိုင်နိုင်နင်းနင်း ဖိမိမိမိသိချင်လို့ တိုင်းတာတဲ့အခါကျမှ သုံးနိုင်ကြပါတယ်။

အဲဒီတော့ ပထမဆုံးနည်းလမ်း….

Antibody စစ်တဲ့နည်းလမ်းက ပဏာမ HIV ပိုး ရှိ/မရှိ စစ်တဲ့နေရာမှာ အသုံးအများဆုံးပါနော်။ ဖတ်ရလွယ်အောင် RDT လို့ သုံးလိုက်မယ်။ အဲဒီ RDT နဲ့ စစ်လို့ ပထမဆုံးအဖြေမှာ non-reactive (ပိုးမတွေ့) လို့ထွက်ခဲ့ရင် ကျွန်မတို့လူနာကို လတ်တလော HIV ပိုးမရှိနေတဲ့သူလို့သတ်မှတ်ပြီး အဖြေထုတ်ပေးလို့ရပါတယ်။

ဆိုတော့ အဲ့ဒီပထမဆုံး RDT က “reactive” (ပိုးတွေ့) ဆိုရင်ရော။ မင်းမှာ ပိုးရှိပြီ ဆေးသောက်တော့လို့ တန်းပြီး ပြောမလား။

မပြောပါဘူးတဲ့နော်။ အမျိုးအစားမတူတဲ့ RDT နဲ့ ဒုတိယအကြိမ် ထပ်စစ်ပါမယ်တဲ့။ ဒီအကြိမ်မှာပါ “reactive” (ပိုးတွေ့) လို့ထွက်ရင်တော့ ပထမအကြိမ်က “reactive” (ပိုးတွေ့) နဲ့ပါ ပေါင်းပြီး HIV positive (ပိုးတွေ့ရှိပါတယ်) လို့ အဖြေထုတ်မှာပါ။ ဆိုလိုချင်တာက HIV ပိုး ရှိတယ်လို့သတ်မှတ်ဖို့ အမြဲ နှစ်ခါပြန်စစ်ပါတယ်။

ဒါဆို ကတ်သီးကတ်သတ် ဖြစ်တတ်တာတစ်ခု ကျန်ပါသေးတယ်။ ပထမအကြိမ် reactive (ပိုးတွေ့)၊ ဒုတိယအကြိမ်ကျ non-reactive (ပိုးမတွေ့) ထွက်နေရင် ဘာဆက်လုပ်ရမလဲ။

အဆုံးအဖြတ် တတိယအကြိမ် စစ်မှာပေါ့။ ဒီ တတိယအကြိမ်မှာ non-reactive (ပိုးမတွေ့) ဆိုရင် ၂ ကြိမ် non-reactive (ပိုးမတွေ့)၊ ၁ကြိမ် reactive (ပိုးတွေ့) ဖြစ်တဲ့အတွက် ပိုးမတွေ့ “non-reactive” လို့ပဲ အဖြေထုတ်မှာပါနော်။

တတိယအကြိမ်မှာ “reactive” (ပိုးတွေ့) ဆိုရင်တော့ ၂ ကြိမ် reactive (ပိုးတွေ့)၊ ၁ ကြိမ် non-reactive (ပိုးမတွေ့) ဖြစ်တဲ့အတွက် “reactive” (ပိုးတွေ့) လို့ အဖြေထုတ်မှာပါ။

ဒါဆိုရင်တော့ ပိုးတွေ့ / မတွေ့ နဲ့ပတ်သက်ပြီး ဆုံးဖြတ်ပုံလေးတွေအကြောင်း သိရှိသွားလောက်မှာပါ။ တစ်ကြိမ်တစ်ခါတည်း စစ်ဆေးပြီး ပိုးရှိတယ်လို့ ဘယ်တော့မှ မသတ်မှတ်ပါနော် 🤗

နောက်တစ်ခါ…

ပထမဆုံးစစ်ဆေးကြည့်တဲ့အခါ Non-reactive (ပိုးမတွေ့) လို့ အဖြေထွက်ပေမယ့်လည်း ကိုယ့်မှာ ကူးစက်နိုင်ခြေရှိတယ်လို့ ထင်နေသေးရင် နောက် ၃ လအကြာမှာ ပြန်စစ်လို့ရပါတယ်။

ဘာလို့ တစ်လအကြာမှာ ပြန်မစစ်ခိုင်းသလဲ… ဘာလို့ ၃ လတောင် စောင့်လဲဆိုရင် ပိုးရဲသဘာဝအရ ဝင်ပြီး ၃ လဝန်းကျင်မှာမှ မြင်တွေ့နိုင်ခြေများတဲ့အတွက် ၃ လ ခွာခိုင်းတာပါ။ (window period လို့လည်း ခေါ်ပါတယ်)

အရမ်းစိတ်ပူတဲ့ ကျွန်မလူနာတွေက တစ်လတစ်ခါ သွားစစ်ကြတာမျိုးလည်း ရှိပါတယ်။ ငွေကြေးအဆင်ပြေရင် ကိစ္စမရှိပေမယ့် ဒီကာလထဲ ခြိုးခြံချွေတာပြီး ပုံမှန်စစ်ရမယ့် စာရင်းထဲဝင်နေရင်တော့ ၃ လတစ်ကြိမ်စစ်ရင် ရပါတယ်နော်။

….

ဒီနေ့တော့ စာဖတ်သူတွေကို အတော်မူးအောင်လုပ်ထားပြီမို့ နောက်ရက်မှ CD4, Viral Load နဲ့ Window Period အကြောင်း ထပ်ပြောပြမယ်နော်။

HIV, ART နဲ့ ပတ်သက်ပြီး ဆေးခန်းပြချင်ရင် တယ်လီကျန်းမာ မက်ဆင်ဂျာမှတစ်ဆင့် TeleRed ကို ဘွတ်ကင်လှမ်းတင်ထားလို့ ရပါတယ်။

ဆေးခန်းပြချင်တဲ့အခါ အတိအကျ အများကြီးမဟုတ်တောင် ဘာလို့ပြချင်တယ်၊ ဘာကို ပိုသိချင်တယ်ဆိုတာမျိုးလေး မက်ဆင်ဂျာကို ကြိုပြောပြပေးထားရင် TeleRed က ဆရာဝန်တွေ ကြိုပြီး ပလန်လေးတွေကူစဉ်းစားပေးလို့ ရတာမို့ ဘာကြောင့်ဘာအတွက်ဆိုတာလေးတွေ ကြိုပြောထားပေးကြပါ။ မပြောပြချင်လည်း တွေ့မှပဲ သေချာပြောကြတာပေါ့……။

အားလုံးပဲ
နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း ဆုတောင်းလျက်… 💞

Dr. Maya
TeleRed HIV Clinic (Telekyanmar)

#WAD #WAD2024 #WorldAIDSDay

#Take_the_rights_path_My_health_my_right

#NoStigma #NoDiscrimination

#NHAP #National_HIV_AIDS_Program

#NHAP_MOH_NUG

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here