HIV ကူးစက်ပုံနှင့် သွေးစစ်ပုံ (November,2023)

0
790

HIV ပိုး ကူးစက်ပုံအကြောင်း သင်သိထားတာ ပြည့်ရော ပြည့်စုံရဲ့လား… ဟုတ်ရော ဟုတ်ရဲ့လား… ???? ?

အသေးစိတ် ဖတ်ကြည့်လိုက်ရအောင်လေနော်….

ပထမဆုံးအနေနဲ့ အများစု တွေးထင်ထားတာတွေက ဟုတ်မယ်လို့ ထင်ပါတယ်။ အားလုံးပဲ သိထားပြီးသားဖြစ်နိုင်တဲ့…

အရေပြားချင်းထိတွေ့တာ (ဥပမာ – လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာ)

– အိမ်သာ ရေချိုးခန်း ဘုံသုံးတာ

– ထမင်းစား ပန်းကန်ခွက်ယောက် မျှဝေသုံးစွဲတာ

– တစ်ဆက်တည်း တံတွေး၊ မျက်ရည်၊ ချွေးတို့ကနေ HIV ပိုးက မကူးစက်နိုင်ပါဘူးတဲ့။

– social kissing လို့ခေါ်တဲ့ ဥရောပနိုင်ငံတွေမှာ နှုတ်ဆက်အနမ်း ပေးသလိုမျိုးကနေလည်း မကူးစက်နိုင်ပါဘူး။ deep kissing ကိုမှ ၂ ဦး ၂ ယောက်လုံး ပါးစပ်ထဲမှာ အနာတွေရှိတယ်၊ သွေးထွက်အောင် နမ်းတယ် ဆိုရင်တော့ ပိုးရှိနေသူကနေ မရှိနေသူကို ကူးစက်နိုင်ခြေ ရှိနိုင်ပါတယ်တဲ့။

သွေးကြောင့်နော် အဲဒါ သွေးကြောင့်၊ တံတွေးကြောင့် မဟုတ်ဘူး။ တချို့စာပေတွေမှာ ပြောထားတာက တံတွေးထဲမှာ HIV ပိုး ပိစိလေး တွေ့နေရရင်တောင် တံတွေးရဲ့ သဘောသဘာဝအရ ပါဝင်ပစ္စည်းတွေ အင်ဇိုင်းတွေကြောင့် ဆဲလ်အသစ်တွေဆီ မကူးစက်နိုင်တာလို့လည်း ဆိုပါတယ်။ ဒီလိုမျိုး ခံတွင်းရဲ့ ပေါက်ပြဲဒဏ်ရာမှတစ်ဆင့် သွေးထွက်ပြီးကူးနိုင်ခြေက လိင်ဆံဆက်ရာ (vaginal/ anal) မှတစ်ဆင့် ကူးတာမျိုးနဲ့ယှဉ်ရင် ကူးစက်နှုန်း အလွန့်အလွန်ကို နည်းပါသေးတယ်တဲ့။

– လေ၊ ရေ၊ အစားအစာတွေကနေ တစ်ဆင့်လည်း မကူးပါဘူးနော်။

ဒါနဲ့ပတ်သက်ပြီး အမှတ်တရလေးတစ်ခု ပြောပြချင်လို့ပါ…

၂၀၂၁ မတိုင်ခင်ကတည်းက ခက်ခဲတဲ့၊ ခေါင်တဲ့ နေရာတွေမှာ လူနာလေးတွေကြည့်ဖြစ်ရင်း ကြုံခဲ့တဲ့ အတွေ့အကြုံလေးပေါ့။

ထုံးစံအတိုင်း အေအာတီဆေး မစသေးခင်ဆို လူနာရော ဆရာဝန်၊ သူနာပြု၊ ကောင်ဆယ်လာ (နှစ်သိမ့်ဆွေးနွေး ပညာပေးသူ) တို့ရော ရှယ်ပြင်ဆင်ရတာပေါ့ ။ ဆေးကိုလက်ခံဖို့ လူနာရဲ့ကျန်းမာရေးက အဆင်သင့်ဖြစ်အောင်သာမက စိတ်ပိုင်းဆိုင်ရာ၊ ဗဟုသုတပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်နေအောင် ပြောစရာရှိတာတွေ ပြောပြီးရင် စာပြန်မေးရတယ် ကိုယ့်လူနာတွေကို… အဲဒါမှ ပိုမှတ်မိမှာလေနော်။

တစ်ရက်ကျ အေအာတီသောက်ဖို့ ပြင်ဆင်နေတဲ့ လူနာတစ်ယောက်ကို ကူးစက်နည်းလမ်းတွေ စာမေးဖြစ်တော့ လေက ကူးလားဆိုတော့ ကူးနိုင်တယ်တဲ့။ ဟုတ်လား သေချာလားဆိုတော့ “အေးလေ ဆရာတို့က HIV လူနာတွေကြည့်တဲ့ ဆေးခန်းဆိုတော့ ဆေးခန်းက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေအကုန် HIV ရှိတဲ့သူတွေ ခန့်ထားတာမို့လား၊ လေက ကူးတာလည်း ဖြစ်နိုင်တာပေါ့။ HIV ပိုးမရှိတဲ့သူတွေက ငါတို့ကို ကြည့်မလား” တဲ့။

ကြားကြားချင်း စိတ်မကောင်းဘူး။ ကိုယ့်ကို ပိုးရှိတယ် ပြောလို့ မဟုတ်ဘူးနော်… ရှိလည်း ဆေးသောက်မှာ အေးဆေးပဲ။ ပိုးမရှိသူတွေက HIV ပိုးရှိသူတွေကို အရေးတယူ မလုပ်လောက်ဘူးလို့ သူ့စိတ်ထဲ ထင်တာလေး ပြောပြတာကြောင့်။ စကားသိပ်မပြောချင်တဲ့ ဆရာဝန်နဲ့မှ ဒီလူနာ လာပြောပြမိလေတော့ ရှင်းရတော့တာပေါ့လေ။

သူ့ကိုလည်း အပြစ်မဆိုသာပါဘူး…

အလွန်ခက်ခဲတဲ့ဒေသမှာ နေရပြီး ကျန်းမာရေးအသိပညာ နည်းတဲ့သူတစ်ယောက် ဖြစ်ပေမယ့် HIV ပိုးရှိရင် ခွဲခြားဆက်ဆံခံရလေ့ရှိတာ၊ ပိုးမရှိသူနဲ့ တန်းတူ ဆက်ဆံခံရလေ့ မရှိဘူးဆိုတာမျိုးကို သူသိနေတာလေ။ ၁၉၈၀ ကျော် ခုနှစ်တွေက “ကုရာနတ္ထိ ဆေးမရှိ အေအိုင်ဒီအက်စ်” ဆိုတဲ့ ကြောက်စရာ ကြော်ငြာကြီးကို မီငြမ်းပြီး အခုချိန်အထိ လူနာတွေ စိတ်ပူပန်ကြလို့ “ ဆေးရှိတယ်၊ မတူတော့ဘူး၊ ကြောက်စရာမကောင်းဘူး” ဆိုတာကို အမြဲ ပြန်ရှင်းပြရတုန်း။

အဲဒါနဲ့ အစောက လူနာကို HIV ပိုးဆိုတာ လေက မကူးကြောင်း၊ ကျန်းမာရေး ဝန်ထမ်းတွေသာမက ဘယ်သူမဆို HIV ပိုးရှိတဲ့သူ ဖြစ်နိုင်ပေမယ့် HIV ပိုးကူးစက်ခံရသူတိုင်းကို ဆရာဝန်တိုင်း၊ ကျန်းမာရေးဝန်ထမ်းတိုင်းက ကြည့်ပေးနိုင်ကြောင်း၊ အားငယ်စရာ မလိုကြောင်းနဲ့ အခြားသိဖို့ လုပ်ဖို့ လိုအပ်တာတွေ တသီကြီး ရှင်းပြလိုက်တာပေါ့လေ။

ကိုယ်တစ်ခါပြောတာနဲ့ စိတ်အားတက်လာမှာ မဟုတ်ပေမယ့် ရက်ချိန်းတွေခေါ်၊ ကျန်းမာရေးအခြေအနေနဲ့ ဆေးသောက်ပုံတွေ လိုတာပြောပြပြီး အလုပ်နဲ့ သက်သေပြလိုက်ရတာပေါ့။

လေ၊ ရေ၊ အစာ ပြီးတဲ့နောက် ခဏခဏ လာလာမေးကြတဲ့….

“ဆရာရေ… ဘေးခန်းက လူက အေအာတီသောက်နေတာ၊ ကျွန်မ အဲ့အခန်း ခဏစကားသွားပြောတုန်း ခြင်ကိုက်လိုက်လို့”

တချို့ကျတော့လည်း “ ဂျပိုးကိုက်လို့” ဆိုတာတွေကရော။

ဒါနဲ့ပတ်သက်ပြီး မနှစ်ကထင်တယ် စာရေးပြီး ပြောပြဖူးတယ်။ သွေးစစ်မယ့်အကြောင်း မရောက်ခင်ကို စာအတော်ရှည်နေလို့ အတိုချုပ်ပြောရရင် “ခြင်၊ ဂျပိုးကိုက်လို့ မကူးဘူးနော်” လို့ပဲ။

အဲဒီတော့ လက်သည်း၊ ခြေသည်းညှပ်တွေကရော။

အလှပြင်ဆိုင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်လက်သည်းညှပ်ကို မျှသုံးတာပဲ ဖြစ်ဖြစ်ပေါ့… ဒီအရာတွေက တစ်ကိုယ်ရေသုံးပစ္စည်းလို့ ခေါ်တာလေနော်၊ တတ်နိုင်သမျှကို တကယ် တစ်ကိုယ်ရေပဲ သုံးသင့်တာ။ လက်သည်း ခြေသည်းဆိုင်မှာ သန့်ရှင်းရေး လုပ်တယ်ဆိုလည်း တတ်နိုင်သမျှ ကိုယ့်ပစ္စည်းလေးတွေနဲ့သွား၊ မဟုတ်ရင်လည်း သေချာလေးပြန်ပေါင်းတဲ့ဆိုင် (တချို့ဆိုင်တွေဆို ဆေးပစ္စည်းပေါင်းစက် mini-autoclave တွေရှိတတ်မယ်ထင်တယ်) အဲဒါမျိုးကို ရွေးပေါ့။

ဒီလိုပြောလို့ တအားကြောက်အောင် ခြောက်တာတော့မဟုတ်ဘူးနော်။ ထုံးစံအတိုင်း အဓိကက သွေးကို ကြောက်တာပါ၊ ရှေ့လူက ပိုးရှိတယ်၊ ဆေးသောက် မနေဘူး၊ ပေနေတဲ့ သွေးကလည်း လောလောလတ်လတ်လေး၊ အဲ့သွေးထဲမှာလည်း ပိုးကောင်ရေက မတရားများတယ်ဆိုရင်တော့ ကူးနိုင်ခြေ ပိစိလေး ရှိပါတယ်တဲ့။

အဲဒီ ရာခိုင်နှုန်းပိစိလေးကို ကြောက်လို့ပဲ ရှိသမျှ risk အကုန်လျှော့ဖို့ မှာကြတာပါ။ လက်ရှိကာလအထိ မှတ်တမ်းတွေအရတော့ လက်သည်း ခြေသည်း ညှပ်ကနေ HIV ပိုးကူးတယ်ဆိုတာက မရှိသလောက်ကို နည်းပါတယ်၊ ဒါပေမယ့်လည်း မပေါ့ဆဖို့တော့လည်း လိုတာပေါ့နော်။

ဘာလို့ မပေါ့ဆဖို့ အမြဲပြောလည်းဆိုတော့ HIV ပိုးကို ကူးစမ်းဟယ်ဆိုပြီး ကူးစေတာမျိုးက မရှိသလောက်နည်းပါးမှာပါ။ အဓိကက ရှိမှန်းကို သိမနေကြလို့ ဖြစ်ပါတယ်။

စစ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာဆိုရင် လူ ၈ ဦးမှာ ၁ ဦးက HIV ပိုး ရှိနေမှန်းကို မသိဘူးလို့ စီဒီစီ ဗဟိုရောဂါထိန်းချုပ်ရေးဌာနက (CDC) ပြောပါတယ်။

၂၀၁၆ – ၂၀၁၇ ခုနှစ်မှာဆိုရင် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူဦးရေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းအောက်ကပဲ တစ်သက်တာမှာ HIV ပိုး ရှိ/မရှိ စစ်ဆေးမှု ခံယူဖူးပါတယ်တဲ့။ အဲဒီတော့ ၆၀ ရာခိုင်နှုန်းလောက်က တစ်ခါမှာ မစစ်ဖူးဘူးဆိုတဲ့သဘောပေါ့နော်။

၂၀၁၉ ခုနှစ် အကုန်မှာတော့ လူဦးရေ ၁၅၈,၅၀၀ ယောက်ဟာ HIV ပိုးရှိမှန်းကို သူတို့ကိုယ်တိုင် သိမနေခဲ့ပါဘူးတဲ့။ အကြောင်းကြောင်းကြောင့် စစ်ဆေးရင်းနဲ့မှ သိလာကြတာမျိုးပေါ့။

အမေရိကန်နိုင်ငံမှာတောင် ဒီလို လွတ်ကြရင် ကျွန်မတို့ ဖွံဖြိုးဆဲနိုင်ငံတွေမှာလည်း ပိုးရှိလျက်နဲ့ မသိသူတွေဟာ အများကြီးရှိနေမှာ အမှန်ပေါ့။ ဗမာလိုရေးပြီး ဘာလို့ အမေရိကန်နံပါတ်တွေပဲ ပြောနေရသလဲ ဆိုတော့ နောက်ဆုံး သတင်းအချက်အလက်တွေက သူတို့လို ကျန်းမာရေးနဲ့ သုတေသနအတွက် ငွေဖောဖောသီသီ သုံးနိုင်တဲ့ နိုင်ငံတွေကပဲ ထွက်လာလို့ပါ။

ကိုးဗစ်နဲ့အတူ ကျန်းမာရေးစနစ်ကို ပြန်တည်ဆောက်နေတဲ့အချိန် စစ်အုပ်စုရဲ့ ယုတ်မာတဲ့လုပ်ရပ်နဲ့ ပိုပြီးယိုယွင်းသွားတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အလားတူတွေ ဖြစ်နေနိုင်တာမို့လို့ သွေးစစ်ဖို့တွေ၊ အကာအကွယ်သုံးဖို့တွေကို ဒီဆရာဝန်တွေ ပွစိပွစိနဲ့ နားငြီးအောင်ပြောနေတာပါနော်။

ဒါဆို သွေးစစ်ပုံလေး ပြောပြလို့ရပြီထင်ပါတယ်။

စစ်ပုံနည်းလမ်းတွေ၊ ကိရိယာတွေ၊ ပစ္စည်းတွေက ကမ္ဘာနဲ့အဝှမ်း တိုးတက်ရင် တိုးတက်သလို အများကြီးရှိတော့ ဒီနေ့တော့ မြန်မာနိုင်ငံမှာ လုပ်လို့ရတာလေးတွေနဲ့ နီးစပ်တာလေးတွေပဲ ဦးစားပေးပြောပါရစေ။

HIV/ ART အဓိက ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ HIV ပိုးစစ်တော့မယ်ဆိုရင် သွေးမစစ်မီ၊ သွေးစစ်ပြီး ဝန်ဆောင်မှုတွေနဲ့ ဓာတ်ခွဲတိကျအဖြေထုတ်ပေးတဲ့ အပိုင်းတွေ ပါပါတယ်။ အင်္ဂလိပ်လိုဆိုရင် pre-test services, post-test services နဲ့ laboratory diagnosis of HIV infection ပေါ့။ အပြင်ဆေးခန်း၊ ဆေးရုံတွေမှာဆိုရင်တော့ ဒီဝန်ဆောင်မှုတွေ မပါဘဲ သွေးသီးသန့် ဖောက်စစ်လိုက်ပြီး နေ့ချင်း သို့မဟုတ် နောက်ရက် အဖြေပြန်ထုတ်ပေးတာပဲ များမယ်ထင်တယ်နော်။

HIV ပိုးမစစ်ခင် (Pre-test services) မှာ ဘာတွေပါသလဲဆိုတော့ အဓိကကတော့ သတင်းအချက်ပေးတာပေါ့။ စစ်ဆေးမှုတွေကို ဘယ်လိုစစ်ဆေးတာ ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေ (ဥပမာ – ပိုးတွေ့ positive ၊ ပိုးမတွေ့ negative ၊ အဖြေမသေချာ – indeterminate) စသဖြင့် ထွက်လာတဲ့ အဖြေတွေဟာ ဘာကိုဆိုလိုကြောင်းနဲ့ ကာကွယ်ဖို့နည်းလမ်းတွေ ပြောပြတာအပြင်… ပိုးတွေ့ပြီဆို ကုသဖို့၊ စောင့်ရှောက်ဖို့နည်းလမ်းတွေ ဘာတွေရှိမယ်ဆိုတာကို HIV ပိုးမစစ်ခင် အချိန်ထဲက ကြိုတင်ပြင်ဆင်ပြီး အသိပညာပေးထားတာမျိုး ဖြစ်ပါတယ်။

တစ်ခါတစ်ရံ ကိုယ်သိပြီးသား ထင်ပေမယ့် လက်တွေ့ရောက်မှ မသိနေတာမျိုးလည်း ရှိတတ်တော့ ဘက်စုံထောင့်စုံ ဖြစ်အောင်ပေါ့။ HIV ပိုးစစ်ပြီး (post-test services) မှာတော့ နောက်တစ်ခါ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနဲ့ လိုအပ်တဲ့ သတင်းအချက်အလက်တွေထပ်ပေး၊ ထွက်လာတဲ့ အဖြေပေါ်မူတည်ပြီး ညွှန်းပို့ပေးတာ၊ ကာကွယ်နည်းလမ်းတွေ ထပ်ပြောပေးတာမျိုးတွေ ပါပါတယ်။

….

….

အခု ပိုးကိုဘယ်လိုစစ်သလဲပေါ့။

COVID-19 ကပ်ရောဂါလည်း အတော်ဖြစ်လိုက်ပြီးပြီဆိုတော့ လူတွေက အရင်ကထက် ဗိုင်းရပ်စ်ပိုးတွေအကြောင်း၊ ပဋိဇီဝပစ္စည်းတွေအကြောင်း၊ Rapid Diagnostic Test – RDT လို့ခေါ်တဲ့ အမြန်ရောဂါရှာတဲ့ test kit လေးတွေကို ရင်းနှီးပြီးသား ဖြစ်နေမလား မသိဘူး။

ယေဘုယျအားဖြင့် စစ်ဆေးနည်း သုံးမျိုးရှိပါတယ်။ antibody လို့ခေါ်တဲ့ ပိုးကိုတုံ့ပြန်ပြီး ခန္ဓာကိုယ်ကထုတ်တဲ့ ပဋိဇီဝပစ္စည်းလေးတွေကို ရှာရင်းစစ်တာ၊ ဒုတိယအနေနဲ့ ပိုးရဲ့အပိုင်းအစ (antigen) ရော၊ စောစောက antibody ကိုပါ အတူတူရှာရင်း စစ်တာ၊ နောက်ဆုံးတစ်ခုကတော့ NAT nuclei acid test လို့ခေါ်တဲ့ တကယ့် ဗိုင်းရပ်စ်ပိုးကိုရှာတဲ့ စစ်ဆေးမှုပေါ့။

နောက်ဆုံးတစ်ခုက အေအာတီဆေးနဲ့ ရင်းနှီးနေတဲ့ သူတွေဆို သိပါလိမ့်မယ်၊ ပိုးကောင်ရေ စစ်တယ် (HIV Viral Load Test) ဆိုတာပေါ့။ ခန္ဓာကိုယ်ထဲ HIV ပိုးကောင်ရေ ဘယ်နှစ်ကောင်ရှိလဲ၊ ကျန်လဲ ဆိုတာ အေအာတီဆေးသောက်ပြီး ၆ လကနေ တနှစ်အတွင်း စစ်ကြည့်တဲ့ test ပေါ့။ ကျွန်မတို့နိုင်ငံမှာတော့ နောက်ဆုံးနည်း (NAT) ကို ဆေးမသောက်ခင် ပဏာမ ပိုး ရှိ/မရှိ စစ်တဲ့နေရာမှာ တော်ရုံမသုံးဘူး။ အချိန်ကြာတာရော၊ ဈေးကြီးတာရောကြောင့် ဆေးသောက်ပြီးလူနာတွေမှာ အချိန်တစ်ခုရောက်ရင် ပိုးကို နိုင်နိုင်နင်းနင်း ဖိမိ မဖိမိ သိချင်ရင် တိုင်းတာတဲ့အနေနဲ့ စစ်တာမျိုးမှာ သုံးပါတယ်။

အဲဒီတော့ ပထမဆုံး Antibody စစ်တဲ့ နည်းလမ်းက ပဏာမ HIV ပိုး ရှိ/မရှိ စစ်တဲ့နေရာမှာ အသုံးအများဆုံးပါနော်။ ဖတ်ရလွယ်အောင် RDT လို့ သုံးလိုက်မယ်။ ဒီ RDT နဲ့ စစ်လို့ ပထမဆုံးအဖြေမှာ non-reactive (ပိုးမတွေ့) လို့ထွက်ခဲ့ရင် ကျွန်မတို့ လူနာကို လတ်တလော HIV ပိုးမရှိနေတဲ့သူလို့ သတ်မှတ်ပြီး အဖြေထုတ်ပေးလို့ရပါတယ်။

ဆိုတော့ အဲ့ဒီ့ ပထမဆုံး RDT က “reactive” (ပိုးတွေ့) ဆိုရင်ရော။ မင်းမှာ ပိုးရှိပြီ ဆေးသောက်တော့လို့ တန်းပြီး ပြောမလား။ မပြောပါဘူးတဲ့နော်။ အမျိုးအစားမတူတဲ့ RDT နဲ့ ဒုတိယအကြိမ် ထပ်စစ်ပါမယ်တဲ့။ ဒီအကြိမ်မှာပါ “reactive” (ပိုးတွေ့) လို့ထွက်ရင်တော့ ပထမအကြိမ်က “reactive” (ပိုးတွေ့) နဲ့ပါ ပေါင်းပြီး HIV positive (ပိုးတွေ့ရှိပါတယ်) လို့ ကျွန်မတို့က အဖြေထုတ်မှာပါ။

ဒါဆို ကတ်သီးကတ်သတ် ဖြစ်တတ်တာတစ်ခု ကျန်သေးတယ်။ ပထမအကြိမ် reactive (ပိုးတွေ့)၊ ဒုတိယအကြိမ်ကျ non-reactive (ပိုးမတွေ့) ထွက်နေရင် ဘာဆက်လုပ်ရမလဲ။ အဆုံးအဖြတ် တတိယအကြိမ် စစ်မှာပေါ့။ ဒီ တတိယအကြိမ်မှာ non-reactive (ပိုးမတွေ့) ဆိုရင် ၂ ကြိမ် non-reactive (ပိုးမတွေ့)၊ ၁ကြိမ် reactive (ပိုးတွေ့) ဖြစ်တဲ့အတွက် ပိုးမတွေ့ “non-reactive” လို့ပဲ အဖြေထုတ်မှာပါ။

တတိယအကြိမ်မှာ “reactive” (ပိုးတွေ့) ဆိုရင် ၂ ကြိမ် reactive (ပိုးတွေ့)၊ ၁ ကြိမ် non-reactive (ပိုးမတွေ့) ဖြစ်တဲ့အတွက် “reactive” (ပိုးတွေ့) လို့ အဖြေထုတ်မှာပါ။ မူးသွားလားဟင်… ပိုးတွေ့ /ပိုးမတွေ့နဲ့တင်။ ဖတ်တဲ့သူတော့ မသိဘူး၊ စာရိုက်တဲ့သူတော့ မူးသွားပြီ။

Non-reactive (ပိုးမတွေ့) လို့ အဖြေထွက်ပေမယ့်လည်း ကိုယ့်မှာ ကူးစက်နိုင်ခြေရှိတယ်လို့ ထင်နေသေးရင် နောက် ၃ လအကြာမှာ ပြန်စစ်လို့ရပါတယ်နော်။

ဘာလို့ တစ်လအကြာမှာ ပြန်မစစ်ခိုင်းသလဲ… ဘာလို့ ၃ လတောင် စောင့်လဲဆိုရင် ပိုးရဲ့သဘာဝအရ ဝင်ပြီး ၃ လဝန်းကျင်မှာမှ မြင်တွေ့နိုင်ခြေ များတဲ့အတွက် ၃ လ ခွာခိုင်းတာပါ။ window period လို့လည်း ခေါ်တယ်လေ။ အရမ်းစိတ်ပူတဲ့ ကျွန်မလူနာတွေ တစ်လတစ်ခါ သွားစစ်တာမျိုးလည်းရှိတယ်။ ငွေကြေးအဆင်ပြေရင် ကိစ္စမရှိပေမယ့် ဒီကာလထဲ ခြိုးခြံပြီး ပုံမှန်စစ်ရမယ့် စာရင်းထဲ ဝင်နေရင်တော့ ၃ လတစ်ကြိမ်စစ်ရင် ရပါတယ်နော်။

ဒီနေ့တော့ စာဖတ်သူတွေကို အတော်မူးအောင်လုပ်ထားပြီမို့လို့ နောက်ရက်မှ CD4, Viral Load နဲ့ Window Period အကြောင်း ထပ်ပြောပြမယ်နော်။

HIV, ART နဲ့ ပတ်သက်ပြီး ဆေးခန်းပြချင်ရင် တယ်လီကျန်းမာ မက်ဆင်ဂျာကတစ်ဆင့် TeleRed ကို ဘွတ်ကင်လှမ်းတင်ထားလို့ ရပါတယ်နော်။ ဆေးခန်းပြချင်တဲ့ အခါကျ အတိအကျ အများကြီးမဟုတ်တောင် ဘာလို့ပြချင်တယ်၊ ဘာကို ပိုသိချင်တယ်ဆိုတာမျိုးလေး မက်ဆင်ဂျာက ဆရာတွေကို ပြောပြထားပေးနိုင်ရင် တယ်လီရက်က ဆရာဝန်တွေ ကြိုပြီး ပလန်လေးတွေ ကူစဉ်းစားပေးလို့ ရတာမို့လို့ ဘာကြောင့် ဘာအတွက်ဆိုတာလေးတွေ ကြိုပြောထားပေးနော်။ မပြောပြချင်ရင်လည်း တွေ့မှပဲ သေချာပြောကြတာပေါ့။

နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ ????

-ဒေါက်တာမာယာ-

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here