အသည်းအဆီဖုံးခြင်းနဲ့ နာတာရှည်ရောဂါများ ဖြစ်ပေါ်စေခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်တဲ့ အစားအစာတွေထဲက ပစ္စည်းလေးတစ်မျိုးအကြောင်းကို ဒီတစ်ပတ် ပြောပြပေးသွားမှာပါ…..

သူ့နာမည်ကတော့ HFCS လို့ခေါ်တဲ့ ပြောင်းသကြားရည် ဖြစ်ပါတယ်။

.

????High Fructose Corn Syrup ဆိုတဲ့ ဖရူးတို့စ်သကြား များပြားသော ပြောင်းသကြားရည်

ဒီအသုံးအနှုန်းကို တအားကြီးတော့ ရင်းနှီးကြမယ် မထင်ပါဘူး။ ဒါပေမယ့် ဆီးချို၊ အသည်းအဆီဖုံး စတာတွေရဲ့ နောက်ကွယ်က လက်မည်းကြီးမို့ သူ့အကြောင်းမသိလို့ မဖြစ်ဘူးနော်…..

ဦးဆုံးအနေနဲ့ အသည်းဆိုတာကတော့ စားသမျှကို စုပ်ယူသင့်တာ စုပ်ယူ၊ ချေဖျက်သင့်တာ ချေဖျက်ပြီး ခန္ဓာကိုယ်အနှံ့ လိုအပ်သလို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတဲ့ သော့ချက်တစ်ခုပေါ့။ သကြားရည်ကတော့ များများစားရင် ဆီးချိုဖြစ်စေတယ်ဆိုပြီး အလွယ်သိကြတာပါပဲ….

ဒါပေမယ့် fructose များများပါတဲ့ ပြောင်းဖူးသကြားရည်က ရိုးရိုးသကြားရည်ထက် ပိုဆိုးစေပါတယ်။

ရိုးရိုးသကြားဆိုတာ glucose ၁ လုံးနဲ့ fructose ၁ လုံးကို အချိုးကျတွဲစပ်ထားတဲ့ အဖြူရောင် ပုံဆောင်ခဲလေးတွေဖြစ်ပြီး၊ High Fructose Corn Syrup ဆိုတာကတော့ ရိုးရိုးကြံသကြားလို အချိုးကျမဟုတ်ဘဲ fructose ပိုများများပါ၀င်တဲ့ သကြားရည်ပါ။

Fructose ပိုများများပါသွားတဲ့အခါ ခန္ဓာကိုယ်က သကြားတွေကို ချေဖျက်ရတဲ့အခါ ပိုမိုခက်ခဲပြီး အလုပ်ပိုစေတဲ့အတွက် ကျန်းမာရေးဆိုးကျိုးတွေ ပိုဖြစ်စေပါတယ်။

High fructose corn syrup ရဲ့ ဆိုးကျိုးများ

၁။ အသည်းအဆီဖုံးခြင်း

အဆီဖုံးတယ်ဆိုတာ အဆီတွေ အစားများလို့တင်မဟုတ်ပါဘူး။ အချို၊ သကြား၊ ကစီဓာတ် အစားများပြီး အစားအစာနဲ့ ကိုယ်လက်လှုပ်ရှားမှု မျှခြေမရှိတဲ့အခါမှာလည်း ပိုလျှံတဲ့စွမ်းအင်တွေကို အသည်းမှာ အဆီအဖြစ် မှားယွင်းစွာ သိုလှောင်မိတတ်ပါတယ်။

ပုံမှန်အားဖြင့် ကိုယ်တွင်းအဆီတွေဟာ အရေပြားအောက်တို့ တင်ပါးတို့လို နေရာတွေမှာရှိတဲ့ အဆီဆဲလ်တွေမှာ သိုလှောင်ပါတယ်။ ဖရူးတို့စ် သကြားများများ စားတဲ့အခါ ပုံမှန်လုပ်ငန်းစဥ်တွေ ၀ေ၀ါးပြီး အသည်းမှာ အဆီတွေ မှားယွင်းစွာသိုလှောင်တဲ့အတွက် အသည်းအဆီဖုံးခြင်းနဲ့ နောက်ဆက်တွဲ အသည်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။

..

..

၂။ အ၀လွန်ခြင်း

အဆီသိုလှောင်မှု ပုံမှန်မဖြစ်ခြင်းကြောင့် အစားအစာတွေ စားထားတာထက်ကို ပို၀လွယ်စေပါတယ်။

အခုနောက်ပိုင်း အချိုရည်တွေ ရောင်းအားတက်လာနဲ့အမျှ အ၀လွန်တဲ့ရာခိုင်နှုန်းလည်း ထောင်တက်လာတာကို သိသိသာသာ မြင်တွေ့ရတာကြောင့် အချိုရည်တွေ သောက်သုံးခြင်းကို လျှော့ချဖို့လိုပါတယ်။

..

..

၃။ ဆီးချိုဖြစ်လွယ်ခြင်းနှင့် ထိန်းရခက်ခြင်း

သကြားချင်းတူတာတောင် တကယ်တော့ မတူပါဘူး။

High fructose ပါတာနဲ့ လုပ်ထားတဲ့ အစားအစာတွေ၊ အချိုရည်တွေ သောက်သုံးခြင်း​ဟာ ရိုးရိုးသကြားပါတဲ့အစားအစာနဲ့ အရည်တွေသောက်ခြင်းထက်ကို ဆီးချို ပိုဖြစ်လွယ်စေပါတယ်။

အသည်းအဆီဖုံးခြင်းပါ ဖြစ်ပွားနေခဲ့ရင်တော့ ဆီးချိုဆေးတွေရဲ့အာနိသင်ကို ပြောင်းလဲစေတဲ့အပြင်၊ အင်ဆူလင်ကဲ့သို့ ဟော်မုန်းတွေရဲ့ အလုပ်လုပ်ပုံကိုပါ တားဆီးနှောင့်ယှက်ပါတယ်။ ပိုလည်း ဆီးချို တက်စေသလို ထိန်းရလည်း ပိုခက်စေပါတယ်။

..

..

၄။ နှလုံးသွေးကြောကျဥ်းခြင်းနှင့် အခြားဆက်စပ်နာတာရှည်ရောဂါများ

သကြားနဲ့ ဘေးထွက်ပစ္စည်းတွေဟာ သွေးကြောနံရံတွေမှာ စုပုံလာတာကြောင့် သွေးကြောကျဥ်းရောဂါများ၊ နှလုံးသွေးကြောကျဥ်းခြင်းများ ပိုဖြစ်စေကာ အသက်တိုစေနိုင်ပါတယ်။

..

..

၅။ အဆစ်ရောင် ဂေါက်ရောဂါ ပိုဖြစ်စေခြင်း

အဆစ်အမြစ်တွေရောင်ရင် ၀မ်းတွင်းသားတွေ ရှောင်တာတို့၊ တခြားအစားအစာ ရှောင်တာတို့ လုပ်ကြပါတယ်။ တကယ်က ကိုကာကိုလာလို အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေကမှ သွေးထဲက ယူရစ်အက်ဆစ်ကို ပိုတက်စေပြီး အဆစ်ရောင်ဂေါက်ရောဂါကို ပိုဆိုးစေတာပါ။

..

..

ဆိုးကျိုးတွေများတဲ့ ဒီ ပြောင်းသကြားရည်ကို ဘယ်လို ရှောင်ကြမလဲ

အချိုရည်တွေမှာ အရင်က ရိုးရိုးသကြားကို အသုံးပြုကြပေမယ့်လည်း HFCS (high fructose corn syrup) ပေါ်လာပြီးနောက်ပိုင်းမှာ သကြားထက်အများကြီးစျေးသက်သာတာကြောင့် စက်ရုံတွေ၊ မုန့်လုပ်ငန်းတွေမှာ သကြားအစားထိုးအနေနဲ့ တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။

ဒါကြောင့် အချိုရည်များ၊ energy drink များ၊ စက်ရုံထုတ်မုန့်များ၊ ပါကင်နဲ့လာသော မုန့်များ ဘီစကစ်များ၊ ready made ကော်ဖီထုပ်များကို တတ်နိုင်သလောက် လျှော့စားဖို့ လိုပါတယ်။

ဗဟုသုတအနေနဲ့ပြောရရင် ဟိုးယခင်က ကိုကာကိုလာလို အချိုရည်တွေ​ စပေါ်တဲ့အချိန်မှာ ရိုးရိုးသကြားကိုသာ အသုံးပြုခဲ့တာပါ။ ၁၉၈၀ နောက်ပိုင်း HFCS စျေးကွက် ကျယ်ပြန့်လာမှုနောက်မှာ တ​ဖြည်းဖြည်း ပိုသုံးလာရင်းနဲ့ အခုဆို အချိုရည်မှာပါတဲ့ သကြားရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးဟာ သကြားစစ်စစ် မဟုတ်တော့ဘဲ HFCS ပြောင်းသကာရည်သာ ဖြစ်နေပါတော့တယ်။ နောက်ပိုင်းမှာတော့ ၁၀၀ ရာခိုင်နှုန်းအစား လျှော့ချမယ်လို့ ပြန်ကြေညာတာတွေရှိပေမယ့် အကောင်အထည်မပေါ်သေးပါ။

အခြားနိုင်ငံတွေမှာလည်း HFCS ပါ၀င်တဲ့ အစားအစာ တွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ဆွေးနွေးမှုတွေ လုပ်နေကြပြီး sugar tax လုပ်ဖို့တောင် အစီအစဥ်တွေ လုပ်နေကြပါပြီ။

ဒီတော့ ကျန်းမာရေးကို ဂရုပြုပါလျက် နာတာရှည်ရောဂါတွေ ဖြစ်လာတာ၊ အ၀လွန်လာတာမျိုး မဖြစ်ရအောင် အရင်လို အိမ်လုပ်မုန့်လေးတွေ၊ မြန်မာမုန့်တွေ၊ နှပ်ကော်ဖီ စတဲ့ သဘာ၀နဲ့နီးစပ်တဲ့ အစားအစားလေးတွေကို ပြန်လည်ရွေးချယ်စားသုံးကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ….။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here