အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း

ပြီးခဲ့တဲ့တစ်ခေါက် အသည်းရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၁)မှာ ပေါများလာနေတဲ့ အန္တရာယ်အများဆုံးဖြစ်တဲ့ အသည်းကင်ဆာ အကြောင်း တစေ့တစောင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါကတော့ အသည်းရောင် အသားဝါ ဘီပိုး စီပိုး အကြောင်း အနည်းငယ်ဆွေးနွေးလိုပါတယ်။

မြန်မာနိုင်ငံမှာ အသည်းကင်ဆာနဲ့ အသည်းခြောက်ရောဂါဖြစ်စေတဲ့အကြောင်းရင်း ၆၀~၇၀%က ဘီပိုး (Hepatitis B Virus) (သို့) စီပိုး( Hepatitis C Virus)ကြောင့် ဖြစ်တာပါ။

အသည်းကင်ဆာ(Hepatocellular carcinoma) နဲ့ အသည်းခြောက်ရောဂါ( Cirrhosis of Liver) ဖြစ်ပွားမှုကို လျော့ချနိုင်ဖို့အတွက် အသည်းရောင်အသားဝါ ဘီပိုး စီပိုးအကြောင်းကို အကြမ်းဖျင်းနားလည်ပြီး အသည်းကို စနစ်တကျဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်သိသင့်တဲ့ ဗဟုသုတလေးတွေကို မျှဝေလိုက်ပါတယ်။ အခုဆွေးနွေးချက်တွေဟာ လူနာအများစုအတွက် ခြုံငုံသုံးသပ်ထားတာဖြစ်လို့ သက်ဆိုင်ရာဆရာ၀န်က လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ညွှန်ကြားချက်အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။

???? ဘီပိုး စီပိုးက ဘယ်လိုကူးနိုင်ပါသလဲ?

(က)သွေးကနေတစ်ဆင့်ကူးနိုင်ပါတယ်။

-ရောဂါပိုးရှိတဲ့သူရဲ့သွေးကိုသွင်းမိတာမျိုးပါ။ သို့သော်ရှားပါတယ်။ သွေးမလှူခင် ပိုးကင်းမကင်းအရင်စစ်ပြီးမှ လက်ခံခြင်းကြောင့်ဖြစ်ပါတယ်။ မလိုအပ်ဘဲ သွေးမသွင်းရရင်တော့ အကောင်းဆုံးပါပဲ။ (ဥပမာ လိပ်ခေါင်းသွေးထွက်လို့ သွေးအားနည်းပြီးသွေးသွင်းရတာမျိုး)

-ရောဂါရှိသူရဲ့သွေးကို သွေးဖောက်စဉ်/သွေးအန်စဉ်/ သွေး၀မ်းသွားစဉ် အကာအကွယ်မပါဘဲ(လက်အိတ်မပါဘဲ) ကိုင်တွယ်တာမျိုးကနေလည်း ကူးပါတယ်။

-ရောဂါပိုးရှိသူအတွက်အသုံးပြုထားသော ဆေးထိုးအပ်များ ၊ ပိုက်များကို ပြန်လည်အသုံးပြုတာ (အခုခေတ်ကတော့ တစ်ခါသုံး ဆေးထိုးအပ်တွေ ၊ ပိုက်တွေသုံးလာနိုင်တော့ ဖြစ်ခဲပါတယ် )။ မုတ်ဆိတ်ရိတ်ဓားများ မျှဝေသုံးတာကနေလည်း ကူးပါတယ်။

(ခ) မိခင်မှတစ်ဆင့် ကလေးဆီကူးနိုင်ပါတယ်။

-ရောဂါပိုးရှိသော မိခင်ဆီမှ မိခင်၀မ်းတွင်းရှိစဉ် အချင်း/ချက်ကြိုးမှ တစ်ဆင့် ကူးနိုင်ပါတယ်။

-ဒီခေတ်မှာတော့ မိခင်ဘီပိုးရှိပါက ကလေးကို မွေးမွေးချင်း immunoglobulinနဲ့ ဘီပိုးကာကွယ်ဆေးကို မွေးပြီးပြီးချင်း ၆~၁၂နာရီအတွင်း ထိုးပေးခြင်းဖြင့် ကလေးဆီ မကူးအောင် ကြိုးစားကာကွယ်နိုင်ပါတယ်။

-မိခင်စီပိုးရှိပါက ကလေးကို ကြိုတင်ကာကွယ်ရန် ကာကွယ်ဆေးတော့မရှိပါ။

-နောက်ပိုင်းမှာလည်း အသည်းအထူးကု (သို့) သားဖွားမီးယပ်ဆရာ၀န်ကြီးများနဲ့တိုင်ပင်ပြီး ကလေးကို ပိုးကူး/မကူးပြန်စစ်ပြီး ဆက်လက် ကုသသင့်ပါတယ်။

-ရောဂါပိုးရှိမိခင်က ကလေးကို နို့တိုက်လို့ရပါတယ်။ မိခင်နို့ကနေ ကူးစက်နိုင်ချေ အင်မတန်နည်းပါးပြီး ၊ ကလေးအတွက်တော့ မိခင်နို့က အဖိုးအတန်ဆုံး အားဆေးတမျှ ဖြစ်နေလို့ပါ။

(ဂ) ရောဂါပိုးရှိခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်သော အညစ်အကြေးတို့မှ တစ်ဆင့် ကူးနိုင်ပါတယ်။

-ရောဂါပိုးရှိသူကို ပြုစုမယ်ဆို လက်အိပ်စွပ်ပြီးမှ အညစ်အကြေးများကို ကိုင်တွယ်သင့်ပါတယ်။

-ရောဂါပိုးရှိသူဟာ မိမိကိုယ်ပိုင် တစ်ကိုယ်ရေသုံးပစ္စည်းများ ခွဲခြား ထားရှိသင့်ပါတယ်။

(ဃ) ရောဂါရှိသူ အမျိုးသမီး (သို့) အမျိုးသားနှင့် လိင်ဆက်ဆံပါကလည်း ကူးစက်နိုင်ပါတယ်။

-ဒါကြောင့် ဘီပိုး စီပိုးသာမက တခြားလိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများဘေးမှ ကင်းဝေးစေရန် ကွန်ဒုံ သုံးသင့်ပါတယ်။ ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထ တစ်ခုလည်းဖြစ်ပါတယ်။

???? ရောဂါပိုးရှိ/မရှိ မသိပါက စစ်သင့်ပါသလား ? မရှိရင် ဘာဆက်လုပ်ရမလဲ?

-စစ်သင့်ပါတယ်။ ‌ဘီပိုး စီပိုးအကြောင်းကို စတင်ကြားသိမိချိန်ကစလို့ စစ်သင့်ပါတယ် (သို့) မိမိနှင့် အတူနေ (သို့) ဆွေမျိုးမောင်နှမများတွင် ဘီပိုးစီပိုးရှိပါကလည်း စစ်သင့်ပါတယ်။

-ဘီပိုးက မဖြစ်အောင် ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ရပါတယ်။ စီပိုးကတော့ ကာကွယ်ဆေးမရှိပါ။

-စစ်ပြီး ပိုးမရှိပါက ဘီပိုး ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ ၅နှစ်တစ်ခါလည်း boosterအမြဲ ပြန်ထိုးရပါမယ်။

-ပုံမှန် ပိုးမရှိသောမိဘများရဲ့ မွေးကင်းစ ကလေးတွေမှာလည်း ခုအခါမှာ ဘီပိုးကာကွယ်ဆေးတွေ ထိုးနှံပေးနေပါပြီ။ ကာကွယ်ဆေးတွေကို သူ့အချိန်နဲ့သူ အပြည့်အ၀ထိုးနှံဖို့ အရေးကြီးပါတယ်။ မွေးကင်းစမှာ ထိုးပြီးပါကလည်း ၅နှစ်တစ်ခါ boosterထိုးဖို့မမေ့ရန်လိုအပ်ပါတယ်။ အသေးစိတ်ကိုတော့ ကလေးအထူးကုဆရာ၀န်ကြီးများနဲ့တိုင်ပင်ပြီး ထိုးနှံရန် အကြံပေးလိုပါတယ်။

???? ရောဂါပိုး ရှိလာရင် ဘယ်လိုလုပ်ရမလဲ?

ရောဂါရှိတာကို သိရရင် မကြောက်ပါနဲ့။ ဆရာ၀န်နဲ့ ပြသ တိုင်ပင်သင့်ပါတယ်။

အသည်းအခြေအနေကို သွေးစစ်၊ အာထရာဆောင်းရိုက်( Ultrasound abdomen and pelvis)၊ အဆင်ပြေရင် ပိုးကောင်ရေစစ်ပြီး ဆရာ၀န်က လိုအပ်သလို ညွှန်ပါလိမ့်မယ်။ (ပိုးကောင်ရေစစ်နိုင်ရင်တော့ ကိုယ်ကနေ သူများဆီကို ပိုးကူးနိုင်မကူးနိုင်၊ ပိုးသတ်ဆေး ( antiviral ) သောက်ဖို့လိုမလို အစရှိသဖြင့် သိရှိနိုင်ပါတယ်။)

***ယေဘုယျအားဖြင့်***

-ဘီပိုးက ကာကွယ်ဆေးရှိပေမယ့် ဖြစ်ခဲ့ရင် အပျောက်ကုသလို့မရပါ။ ရောဂါပိုးရှိတိုင်းလည်း ဘီပိုးသတ်ဆေး သောက်စရာမလိုပါ။ သောက်ဖို့လိုရင်လည်း အများစုမှာတစ်သက်လုံးသောက်ရပါတယ်။

-စီပိုးကတော့ ကာကွယ်ဆေး မရှိပေမယ့် ဖြစ်ခဲ့ရင် သောက်ဆေးသောက်ပြီး အပျောက်ကုလို့ရပါတယ်။ သို့သော် genome (မျိုးစိတ်) မတူတာတော့ ပြန်ဖြစ်နိုင်ပါတယ်။

???? ဒါဆို ဆရာ၀န်နဲ့ ပြပြီး သေချာကုရင် အဆင်ပြေပြီလား?

ဘီပိုး စီပိုးဟာ လူခန္ဓာကိုယ်ထဲတခါ၀င်ပြီးရင် ပိုးမရှိတော့ရင်တောင် သူတို့ရဲ့ အခွံ သတ္တိလေးကျန်နေသေးတဲ့အတွက် အသည်းရောင်အဆင့်–>အသည်းခြောက်အဆင့်–>အသည်းကင်ဆာအဆင့် ဖြစ်နိုင်သေးတာမို့ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း ရက်ချိန်းမှန်မှန်ပြ၊ ပုံမှန်စစ်ဆေးမှုကိုသေချာလိုက်နာ ကုသမှုခံယူမယ်ဆိုရင် အသည်းကို လက်ရှိအနေအထားကနေ ပိုမဆိုးအောင် ကြိုးစားထိန်းနိုင်ပါတယ်။ တစ်ခုခု အဆင့်ပြောင်းလဲသွားရင်လည်း စောစောစီးစီး သိနိုင်တဲ့အတွက် လိုအပ်တဲ့ကုသမှုကို စောလျင်စွာ လုပ်နိုင်မယ်ဆို ရလဒ်ကောင်းပါတယ်။

???? တချို့ အရွက်ပြုတ်ရည်တွေက အသည်းအားကောင်းတယ်ဆိုလို့ သောက်လို့ရလား?

အရွက်ပြုတ်ရည်တွေ၊ တိုင်းရင်းဆေးတွေ သောက်ဖို့အားမပေးလိုပါ။အဲ့ဆေးတွေ အရွက်ပြုတ်‌ရည်တွေသောက်ပြီး အသည်းရောင် အသားဝါ ဖြစ်ပြီး ရောက်လာသောလူနာများ မနည်းပါ။

နိဂုံးချုပ်အနေနဲ့ကတော့ ဒီဆောင်းပါးကို ဖတ်အပြီးမှာ ကိုယ်ရောဂါရှိမရှိ စစ်၊ မရှိရင် ကာကွယ်ဆေးထိုးလို့ရတာထိုး၊ သူများဆီက မကူးစက်အောင် ဂရုစိုက်နေထိုင်၊ ရောဂါရှိလာရင်လည်း ဆရာ၀န်နဲ့ သေချာတိုင်ပင်ပြီး ပိုမဆိုးအောင်ထိန်း၊ ကိုယ့်ဆီကနေ တခြားသူ မကူးစက်အောင် သတိထားနေထိုင် အစရှိတဲ့ ဗဟုသုတ သတိပြုစရာများ ရရှိသွားပြီး လိုက်နာခြင်းဖြင့် နောင်မှာ ဘီပိုးစီပိုး ဖြစ်ပွားနှုန်း လျော့ချနိုင်ပြီး အသည်းခြောက်၊ အသည်းကင်ဆာ ရောဂါများကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပါတယ်။

❤ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 8 February 2022
Last Updated: 8 February 2022