အသည်းရောင်အသားဝါ B ပိုးရောဂါသည် Hepatitis B virus ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အသည်းကို အဓိကထိခိုက်စေပါသည်။ ဤရောဂါသည် ကာလတိုရောဂါ (acute illness) ဖြစ်နိုင်သလို ကာလရှည်ရောဂါ (chronic illness) လည်းဖြစ်နိုင်ပြီး အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာတို့ကို ဖြစ်စေနိုင်ပါသည်။
.
၁။ အသည်းရောင်အသားဝါ B ပိုးက မည်သို့ကူးစက်တတ်သလဲ။
- အကာအကွယ်မဲ့ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း
- ဆေးထိုးအပ် အတူသုံးစွဲမှုများမှတစ်ဆင့် ကူးစက်ခြင်း
- ရောဂါပိုးရှိမိခင်မှ ကလေးသို့ ကူးစက်ခြင်း
- ရောဂါပိုးရှိသူ၏အနာ၊ သွေးတို့နှင့် ထိတွေ့မိခြင်းမှတစ်ဆင့် ကူးစက်ခြင်း
- ရောဂါပိုးရှိသူ၏ သွေးပေနေသော သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓားတို့ကို သုံးစွဲမိခြင်းမှ ကူးစက်ခြင်း
- တက်တူးထိုးခြင်း၊ နားပေါက်ဖောက်ခြင်း စသည်တို့တွင် သုံးစွဲသော ပိုးသေချာမသတ်ထားသော ကိရိယာများကို သုံးစွဲမှုများမှတစ်ဆင့် ကူးစက်ခြင်းတို့ ဖြစ်နိုင်ပါသည်။
.
၂။ အသည်းရောင်အသားဝါ B ပိုးကြောင့်ဖြစ်သော ရောဂါလက္ခဏာတွေက ဘာတွေလဲ။
- ကိုယ်လက် မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း
- အဖျားတက်ခြင်း
- အစားအသောက်ပျက်ခြင်း
- ပျို့ခြင်း အန်ခြင်း
- ဗိုက်နာခြင်း
- ဆီးအရောင်ရင့်ခြင်း
- ဝမ်းအရောင်ဖျော့ဖြင်း
- မျက်လုံးဝါ၊ အသားဝါခြင်း
အထက်ပါ ရောဂါလက္ခဏာများသည် တချို့သော ရောဂါပိုးရှိသူများတွင် လက္ခဏာမပြသည်လည်း ဖြစ်နိုင်ပါသည်။ ကာလရှည် အသည်းရောင်အသားဝါ B ပိုးရှိနေသူများတွင် အသည်းမပျက်မစီးမချင်း ရောဂါလက္ခဏာ မပြတာမျိုးကြောင့် ရောဂါလက္ခဏာမပြဟုဆိုကာ ပေါ့ဆမနေသင့်ပါ။
.
၃။ အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံရကြောင်း ဘယ်လိုသိနိုင်မလဲ။
အသည်းရောင်အသားဝါ B ပိုး (hepatitis B Antigen) ရှိ/ မရှိ သွေးစစ်ခြင်းမှတစ်ဆင့် သိနိုင်ပါသည်။
.
၄။ မိမိဆီမှာ အသည်းရောင်အသားဝါ B ပိုးရောဂါရှိပြီဟုသိလျှင် ဆေးကုသမှုခံယူတာအပြင် တခြားဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ။
အရေးအကြီးဆုံးကတော့ အတူနေမိသားစုမှာ အသည်းရောင်အသားဝါ B ပိုးရောဂါ ကူးစက်ခံနေရခြင်း ရှိ/ မရှိ စစ်ဆေးဖို့လိုအပ်ပါတယ်။
ရောဂါပိုးရှိရင် ဆေးကုသဖို့လိုအပ်ပြီး ရောဂါပိုးကူးစက်ခြင်းမခံရပါက ကာကွယ်ဆေးထိုးဖို့ အရေးကြီးပါတယ်။
.
၅။ အသည်းရောင်အသားဝါ B ပိုးရောဂါရှိသူတစ်ယောက်က ဘယ်လိုမျိုးနေထိုင်ရမလဲ။
အရက်၊ ဘီယာ လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
အသည်းကိုထိခိုက်စေသော ဆေးဝါးများ (paracetamol, ibuprofen, နနွင်း) ဒါတွေကို ရှောင်ဖို့လိုအပ်ပါတယ်။
ဆေးရုံဆေးခန်းသွားလျှင် မိမိမှာ အသည်းရောင် အသားဝါ B ပိုးရှိကြောင်း အမြဲပြောဖို့လိုအပ်ပါတယ်။ ဒါမှ ဆရာဝန်က အသည်းထိခိုက်စေသော ဆေးများကို မပေးမိအောင် ရှောင်နိုင်မှာဖြစ်ပါတယ်။
အာဟာရှိအောင် စားသောက်ဖို့လိုအပ်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းကလည်း အကျိုးရှိပါတယ်။
အသည်းဓာတ်စစ်ဆေးခြင်းကိုလည်း ပုံမှန်လုပ်ပေးသင့်ပါတယ်။
.
၆။ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း၊ ခန္တာကိုယ် အပေါက်ဖောက်ခြင်းတို့မှတစ်ဆင့် အသည်းရောင် အသားဝါ B ပိုးရောဂါ မကူးစက်အောင် ဘာတွေလုပ်ဖို့လိုလဲ။
လိုင်စင်ရှိ တက်တူးဆိုင်၊ နားဖောက်ဆိုင်များကို ရွေးချယ်ရန်လိုအပ်ပါတယ်။
တက်တူးဆိုင်၊ နားဖောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်များ၊ ခြေသည်းလက်သည်း အလှပြင်ဆိုင်များမှာ တစ်ခါသုံးအပ်၊ တစ်ခါသုံးဓား သို့ ပိုးသေချာသတ်ထားသော ပစ္စည်းကိရိယာများကို အသုံးပြုတာ ဟုတ်/မဟုတ် သေချာအောင် မေးမြန်းသင့်ပါတယ်။
တက်တူးထိုးပေးသူ၊ နားဖောက်ပေးသူသည် လက်အိတ်စွပ်ပြီး သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုအပ်ပါသည်။
.
၇။ အရက်မူးပြီး one-night stand တစ်ညတာ အတူနေမိပါတယ်။ အကာအကွယ်မသုံးမိလို့ အသည်းရောင်အသားဝါ B ပိုး မကူးစက်အောင် ဘာလုပ်ရမလဲ။
မိမိသည် တစ်ကြိမ်တစ်ခါမှ အသည်းရောင်အသားဝါ B ပို ကာကွယ်ဆေး မထိုးဖူးဘူးဆိုလျှင် အရင်ဆုံး အသည်းရောင်အသားဝါ B ပိုး ရှိ/မရှိ စစ်ဆေးဖို့ လိုအပ်ပြီး ရောဂါပိုးမရှိလျှင် ၂၄ နာရီအတွင်း hepatitis B immunoglobulin နဲ့ အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေး (hepatitis B vaccine) ထိုးရန် လိုအပ်ပါသည်။ ဖြစ်သည့်နေ့မှစ ၇ ရက်အတွင်း ဆေးထိုးနိုင်သော်လည်း မြန်မြန်ထိုးနိုင်လေ ပိုကောင်းလေပါ။
မိမိသည် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ထိုးထားဖူးသည်ဆိုပါက Antibody ပမာဏကို စစ်ဆေးဖို့လိုအပ်ပြီး <10 mIU/ml အောက် ဖြစ်နေပါက hepatitis B immunoglobulin နဲ့ အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေး booster dose ချက်ချင်းထိုးရန် လိုအပ်ပါသည်။ >10 mIU/ml ဖြစ်ပါက ကာကွယ်ဆေးအာနိသင်ရှိနေသေးတဲ့အတွက် ဘာမှ လုပ်စရာ မလိုအပ်ပါဘူး။
.
၈။ ကိုယ်ဝန်ဆောင်မိခင်မှာ အသည်းရောင်အသားဝါ B ပိုး ရှိနေတယ်။ ဘာတွေ ဆက်လုပ်သင့်ပါသလဲ။
မိခင်ကို ပိုးကောင်ရေ (viral load) နဲ့ အသည်းဓာတ် ပုံမှန်စစ်ဖို့လိုအပ်ပြီး ပိုးကောင်ရေများနေခြင်း၊ အသည်းဓာတ် တက်နေခြင်းရှိပါက မိခင်မှတစ်ဆင့် ကလေးသို့ကူးစက်ခြင်းကို ကာကွယ်ရန် ကိုယ်ဝန်ဆောင်သောက်သုံးလို့ရသော antiviral ဆေးများကို တိုက်ကျွေးဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လည်း ပိုးကောင်ရေ (viral load) နဲ့ အသည်းဓာတ်စစ်ဆေးခြင်းလုပ်ပြီး တောက်လျှောက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
ကလေးမီးဖွားရာတွင် အသည်းရောင်အသားဝါ B ပိုးရှိလို့ဆိုပြီး ခွဲမွေးရန် မလိုအပ်ပါ။ ရိုးရိုးမွေးလို့ ရပါတယ်။
သို့သော် မွေးပြီး ၁၂ နာရီအတွင်း ကလေးကို hepatitis B immunoglobulin နဲ့ အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေး (hepatitis B vaccine) ထိုးရန် လိုအပ်ပါတယ်။
ကလေးအသက် ၁ လ သို့မဟုတ် ၂ လမှာ တစ်ခါနဲ့ ခြောက်လအရွယ်မှာ တစ်ခါ အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး (hepatitis B vaccine) နောက်နှစ်ခေါက် ထပ်ထိုးရန် လိုအပ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် ကလေးအသက် ၉ လမှ ၁၂ လကြားထဲတွင် ကလေးဆီမှာ ရောဂါမကူးစက်တာသေချာရန်၊ ရောဂါကာကွယ်သော antibody ထွက်ပေါ်တာ သေချာရန်လည်း Hbs Ag နဲ့ anti-HBs ပြန်စစ်ဖို့ လိုအပ်ပါတယ်။
.
၉။ အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ထိုးပြီးရင် antibody ထွက်/မထွက် ပြန်စစ်ဆေးဖို့ လိုအပ်ပါသလား။
ပုံမှန်ကျန်းမာတဲ့သူတစ်ယောက်မှာ ကာကွယ်ဆေး ၃ ကြိမ်အပြည့်ထိုးပြီးလျှင် antibody ပြန်စစ်ဆေးဖို့ မလိုအပ်ပါဘူး။ Antibodiy ပမာဏသည် အချိန်နဲ့အမျှ ကျဆင်းပြီး နည်းလာသော်လည်း တစ်ခါဆေးအပြည့်ထိုးပြီးလျှင် အနည်းဆုံးအနှစ်နှစ်ဆယ်မှ တစ်သက်လုံး ကာကွယ်ပြီးသား ဖြစ်ပါတယ်။
သို့သော် ကျန်းမာရေးဝန်ထမ်းများ၊ အသည်းရောင်အသားဝါရောဂါပိုးရှိသူနဲ့ အတူနေဆက်ဆံသူများ၊ ကိုယ်ခံအားကျဆင်းနေသူများ၊ ကျောက်ကပ်ဆေးနေသူများကိုတော့ ၅-၁၀ နှစ်အကြာမှာ antibody level ပြန်စစ်ဆေးဖို့ လိုအပ်ပါတယ်။
ပုံမှန်လူတစ်ယောက်အနေနဲ့ကတော့ ရောဂါပိုးကူးစက်ခံရသူနဲ့ ထိတွေ့ဆက်ဆံမှုရှိမှသာ antibody ပမာဏ ပြန်စစ်ဆေးဖို့လိုအပ်ပြီး <10 mIU/ml အောက်ရောက်မှသာ booster dose ထိုးဖို့ လိုအပ်ပါတယ်။
.
၁၀။ အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ထိုးနေရင်း ဆရာဝန်ခေါ်ထားတဲ့ ဒုတိယအကြိမ်ထိုးဖို့နေ့ကို မေ့သွားပါတယ်။ အစကနေပြန်ထိုးဖို့ လိုပါသလား။
အစကနေ ပြန်ထိုးဖို့ မလိုပါဘူး။ သတိရတာနဲ့ သွားထိုးပြီးတော့ တတိယအကြိမ်ကို နောက်နှစ်လနေရင် ထိုးလိုက်ပါ။ အကယ်၍ တတိယအကြိမ်ထိုးဖို့ မေ့ခဲ့ရင်လည်း သတိရတာနဲ့ သွားထိုးလိုက်ပါ။
ပြီးရင်တော့ ကာကွယ်ဆေးအာနိသင် ရှိ/မရှိ သေချာရန် နောက်ဆုံးအကြိမ်ထိုးပြီး တစ်လကြာချိန်မှာ antibody titres သွေးဖောက်စစ်လိုက်ရင် ရပါပြီ။
…
…
အသည်းရောင်အသားဝါ B ပိုးရောဂါသည် ရောဂါလက္ခဏာမပြင်းထန်သောကြောင့် နေ့စဉ်လူနေမှုဘဝကို အခက်အခဲမရှိ ဖြတ်သန်းနိုင်သော်လည်း အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်နိုင်ခြင်းကြောင့် ကုသဖို့လိုအပ်တဲ့ ရောဂါဖြစ်ပါတယ်။ အသည်းရောင်အသားဝါ B ပိုးရောဂါရှိဖူးသောသူတွင် အချိန်မရွေး ရောဂါပြန်ပွား/ ပြန်ထနိုင်သောကြောင့် ဆရာဝန်၏ လမ်းညွှန်ချက်ဖြင့် တစ်သက်လုံး စောင့်ကြည့်ရန်လိုအပ်ပါသည်။
အသည်းရောင်အသားဝါ B ပိုးရောဂါသည် ကူးစက်လွယ်သောရောဂါဖြစ်ပြီး ကျန်းမာရေးအပေါ် ထိခိုက်မှုများစွာ ဖြစ်စေပါသည်။ သို့သော် မိမိကိုယ်ကိုယ် ကာကွယ်မှုနှင့် စောင့်ကြည့်မှုမှတစ်ဆင့် ရောဂါကူးစက်မှုနှင့် အသည်းပျက်စီးမှုတို့ကို သက်သာစေရန် တားဆီးနိုင်ပါသည်။ ရောဂါပိုးရှိသည်ဟု သိရှိသောသူများအနေနှင့် ဆရာဝန်များ၏ လမ်းညွှန်ချက်များနှင့်အတူ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန်၊ မိမိကျန်းမာရေးကို ဂရုစိုက်ရန်နှင့် တတ်နိုင်သမျှ ကူးစက်မှုကို ကာကွယ်ရန် အရေးကြီးပါသည်…။
Dr. Latte
Telekyanmar
Reference : 📚
https:// www. hepb. org /prevention-and-diagnosis/ vaccination/
https:// www. who. int / news-room/fact-sheets/detail/hepatitis-b
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.