ဒီနေ့မှာ ကျရောက်တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကို အမေရိကန်နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း နိုင်ငံရဲ့ပွေ့ဖက်ခြင်းနေ့ (National Hugging Day) ဆိုပြီး တရားဝင် အသိအမှတ်ပြု‌ထားပါတယ်။

Rev. Kevin Zaborney ဆိုသူက ၁၉၈၆ မတ်လ ၂၉ ရက်နေ့မှာ Caro မြို့ Michigan ပြည်နယ်မှာ စတင် ပြုလုပ် ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ပါဝင်ဆင်နွှဲတဲ့နည်းလမ်းကတော့ တစ်‌ယောက်ယောက်ကို ပွေ့ဖက်ခွင့်ပြုဖို့ ဒါမှမဟုတ် ကိုယ့်ကိုပွေ့ဖက်ပေးဖို့ တောင်းဆိုလိုက်ရုံပါပဲ။

ပွေ့ဖက်ခြင်းနေ့ကို ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ခံစားမှုတွေ ထွက်ပေါ်လာနိုင်အောင် အချင်းချင်း ကူညီပေးစေနိုင်ဖို့ပေါ့လေ။ ဒီအခါမှာ ပွေ့ဖက်ကြသူတွေဟာ ချစ်သူရည်းစားတွေ၊ ဆွေမျိုးတွေ၊ ရင်းနှီးတဲ့သူတွေ ဖြစ်နိုင်သလို သူစိမ်းလည်း ဖြစ်လို့ ရပါတယ်။

ပွေ့ဖက်ခြင်းက ခံစားမှုတွေ ထွက်ပေါ်လာစေရုံသက်သက်ပဲလားဆိုတာကို လေ့လာကြည့်တဲ့အခါ အကျိုးကျေးဇူးတွေ ကြီးကြီးမားမားရှိနေတာကို တွေ့‌ရပါတယ်။

ပွေ့ဖက်တဲ့အခါ ဘာတွေဖြစ်လာမလဲ…….

????ပထမတစ်ခုက Dopamine လို့ခေါ်တဲ့ သာယာနာပျော်ဖွယ်ဖြစ်စေတဲ့ ဟော်မုန်းထွက်တာကို မြှင့်တင်ပေးတဲ့အတွက် လူကို နေရထိုင်ရကောင်းစေပါတယ်။

????Serotonin လို့ ခေါ်တဲ့ စိတ်ဓာတ်ကျဆင်းမှုကို တွန်းလှန်ပေးတဲ့ ဟော်မုန်းထွက်တာကို မြှင့်တင်ပေးတဲ့အတွက် စိတ်အခြေအနေကောင်းလာစေပြီး စိုးရိမ်ပူပန်တာတွေကို ထိန်းချုပ်လာနိုင်သလို အထီးကျန်ဆန်တဲ့ ခံစားချက်တွေကိုလည်း လျော့ကျစေပါတယ်။

????နောက်ဆုံးတစ်ခုကတော့ အချစ်ဟော်မုန်းဆိုပြီး လူသိများတဲ့ Oxytocin ထွက်တာကိုလည်း မြှင့်တင်ပေးပါတယ်။ အကျိုးဆက်ကတော့ စိတ်ဖိစီးမှုတွေ၊ ဒေါသတွေကို ပြေလျော့စေတာအပြင် သွေးပေါင်ချိန်ကို လျော့ကျစေတာ၊ ကိုယ်အလေးချိန် လျှော့ချတာတွေမှာ ကူညီပေးပါတယ်။

????ဆယ်စက္ကန့်ကြာ ပွေ့ဖက်တာဟာ ခန္ဓာကိုယ်ကနေ ရောဂါတိုက်ထုတ်တဲ့ဖြစ်စဉ်တွေမှာ အကူအညီဖြစ်စေပြီး စိတ်ဓာတ်ကျတာကို ပြေပျောက်စေတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုကို နည်းပါးသွားစေမှာပါ။

????စက္ကန့်နှစ်ဆယ်ကြာ ပွေ့ဖက်မယ်ဆိုရင်တော့ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျော့ကျစေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးတာကြောင့် ကျန်းမာသန်စွမ်းတဲ့နှလုံးသားကို ပိုင်ဆိုင်စေမှာပါ။

????နာကျင်ကိုက်ခဲတာ‌တွေကိုလည်း ပွေ့ဖက်တာက သက်သာစေပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းစေလို့ပါ။

????ပွေ့ဖက်ခြင်းက သွေးဖြူဥထုတ်လုပ်မှုကို ထိန်းညှိပေးတဲ့အတွက် ကိုယ်ခံအားစနစ်ကိုပါ အားကောင်းလာစေပါတယ်။

????မွေးကင်းစကလေးငယ်လေးတွေကို ပွေ့ဖက်တာ (Kangaroo mother care) ကလည်း ကလေးရဲ့ ကိုယ်အလေးချိန်ကို တိုးလာစေတဲ့အပြင် ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတိုင်းကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။

ကဲ ကဲ ဒီလောက်ဆိုရင် ပွေ့ဖက်ခြင်းက ဘယ်လောက်တောင် ကောင်းကျိုးတွေ ပေးလဲဆိုတာကို သိလောက်ပါပြီ။ ဒါပေမယ့်‌ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရကျလည်း သူစိမ်းတွေနဲ့ ပွေ့ဖက်ဖို့က သိပ်အဆင်မပြေနိုင်တာမို့ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ ပွေ့ဖက်ပေးကြပါ။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ချောကလက်ကျိန်းသေစားရမယ့်အဖွဲ့ကတော့ ဘေးမှာရှိနေတဲ့ ကိုယ့်အပိုင် အသည်းတို့၊ နှလုံးတို့၊ ကျောက်ကပ်တို့၊ ပူတူတူးလေးတို့၊ အူချီကွေးတို့ကို တစ်ခါဖက်ရင် စက္ကန့်နှစ်ဆယ်လောက်နဲ့ ခဏခဏဖက်ပေးကြပါ။

ဒီလိုမှမဟုတ်ဘဲ စာရေးသူလို “ ချောကလက်မစားရမယ့် ဂေါ်မစွံ FA များ” ဆိုရင်တော့ အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်စတာ) လေးတွေကို ပွေ့ဖက်လို့ရပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်ပွေ့ဖက်တာ (Self hug) လည်း လုပ်လို့ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပွေ့ဖက်တာက မခက်ပါဘူး…လက်နှစ်ဖက်ကိုယှက်ပြီး ပခုံး ဒါမှမဟုတ် လက်မောင်းပေါ်မှာ လက်‌တွေကို အသာလေးတင်ထားပြီး ဖြည်းဖြည်းချင်း တစ်လှည့်စီ ပုတ်ပေးရတာမို့ လိပ်ပြာပုံစံမျိုး ဖြစ်နေတဲ့အတွက် (Butterfly hug) လို့လည်း လူသိများပါတယ်။

လက်နဲ့ပုတ်ပေးနေချိန်မှာ အသက်ကို ဝဝရှူပါ။ ကိုယ့်ကို စိတ်ရှုပ်စေ၊ စိတ်ညစ်စေ၊ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းအရာကို အတွေးထဲမှာ မြင်ယောင်ကြည့်‌ပေးပါ။ ပြီးရင် တစ်လှည့်စီ လက်ကလေးနဲ့ပုတ်ပေးနေတာက အဲဒီအတွေးတွေကို ဖြေလျှော့သွားစေနိုင်ပါလိမ့်မယ်။ မိနစ်ပိုင်းလောက်ကြာပြီးရင်တော့ ရပ်လို့ရပါပြီ။ ကိုယ့်မှာ ကူးစက်တတ်တဲ့ရောဂါရှိနေတာမို့ တခြားသူနဲ့ပွေ့ဖက်ဖို့ မသင့်လျော်တဲ့သူများအတွက်လည်း ဒီနည်းက အသုံးဝင်ပါလိမ့်မယ်။

ကျန်းမာပျော်ရွှင်သော ဘဝများဖြစ်ကြစေဖို့ အားလုံးပဲ ပွေ့ဖက်ကြပါစို့‌ဗျာ…….။

Dr Frodo

တယ်လီကျန်းမာဆရာဝန်တစ်ဦး

Reference

https:// www. medicinenet. com /how_do_hugs_make_you_feel/article.htm

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here