ဆင်ခြင်စရာ ဂနိုရောဂါ (Gonorrhea)

ဂနိုရောဂါ / ဆီးပူညောင်းကျရောဂါရယ်လို့ ဆိုလိုက်တာနဲ့ ရှက်ကြောက်လို့ ဆေးကုသမှုခံယူဖို့ တွန့်ဆုတ်တဲ့အခါ မြန်မြန်ကုသ/ မြန်မြန်ပျောက်ကင်းရမဲ့ ရောဂါဟာ အမြစ်မပြတ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ရပါတယ်။ တကယ်တော့ ဂနိုရောဂါဟာ ရှက်စရာရောဂါတစ်ခုမဟုတ်တဲ့အပြင် ရိုးရှင်းတဲ့ စစ်ဆေးကုသမှုပြုရုံနဲ့ ပျောက်ကင်းနိုင်တဲ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။

ဆီးပူညောင်းကျရောဂါ/ ဂနိုရောဂါဘယ်လိုကူးစက်သလဲ❓

Neisseria gonorrhoeae ဆိုတဲ့ ဘတ်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်ရတယ်။

• ရောဂါပိုးရှိနေတဲ့သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုရာကတစ်ဆင့် ကူးစက်တယ်။ လိင်ဆက်ဆံမှုလို့ဆိုရာမှာ ပါးစပ်/ စအို ဖြင့် လိင်ဆက်ဆံခြင်းပါ အကျုံးဝင်တယ်။ လိင်ဆက်ဆံမှုအမျိုးအစားပေါ်မူတည်ပြီး ဆီးလမ်းကြောင်း/ အမျိုးသား၊ အမျိုးသမီးအင်္ဂါ/ လည်ချောင်း / စအိုနေရာတွေမှာ ပိုးကူးစက် ရောင်ရမ်းမှုဖြစ်စေပါတယ်။

• ရောဂါပိုးရှိမိခင်ကနေလည်း မီးဖွားချိန်မှာ ကလေးငယ်ကိုကူးစက်နိုင်ပါတယ်။

သိကောင်းစရာ ဂနိုရောဂါလက္ခဏာ

ရောဂါပိုးကူးစက်ပြီး အများအားဖြင့် (၂)ရက်ကနေ (၁၀)ရက်အတွင်း အောက်ပါလက္ခဏာရပ်တွေပြသတတ်ပါတယ်။ ဘာရောဂါလက္ခဏာမှမပြသဘဲ (အထူးသဖြင့် အမျိုးသမီးတွေမှာ) နေတတ်သလို ရောဂါလက္ခဏာပြဖို့ (၃) ပတ်အထိလည်း ကြာမြင့်တတ်ပါတယ်။

အမျိုးသားတွေမှာ –

???? ဆီးလမ်းကြောင်း ရောင်ရမ်းပိုးဝင်ခြင်း

???? ဆီးသွားရ ခက်ခဲခြင်း၊ နာကျင်ခြင်း၊ ဆီးပူခြင်း

???? ဆီးလမ်းကြောင်းကနေ အဖြူ/ အဝါ/ အစိမ်းရောင်ရှိ ပြည်ကဲ့သို့သော ပျစ်ပျစ် အရည်/ အနှစ် တွေ ထွက်ခြင်း

အမျိုးသမီးတွေမှာ –

???? ဆီးသွားရခက်ခဲခြင်း၊ နာကျင်ခြင်း၊ ဆီးပူခြင်း

???? မိန်းမကိုယ်မှ အဖြူ/ အဝါ/ အစိမ်းရောင်ရှိ ပြည်ကဲ့သို့ အရည်ထွက်ခြင်း

???? ရာသီမလာခင် စပ်ကြားသွေးဆင်းခြင်း

???? နောက်ဆက်တွဲ နာတာရှည်အမျိုးသမီးကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း (Plevic Inflammatory Disease) ပါဆက်လက်ဖြစ်ပွားရင်တော့ ဝမ်းဗိုက်အောက်ပိုင်း နဲ့ တင်ပဆုံတစ်ဝိုက် နာကျင်ကိုက်ခဲခြင်း၊ လိင်ဆက်ဆံချိန် နာကျင်ခြင်း၊ ဖျားနာခြင်း၊ ရာသီလာစဥ် အလွန်နာကျင်ခြင်း စတာတွေဖြစ်ပေါ်တတ်ပါတယ်။

အမျိုးသား/ အမျိုးသမီး နှစ်ဦးစလုံးမှာ –

???? စအိုဖြင့် လိင်ဆက်ဆံခြင်းက ကူးစက်တဲ့အခါမှာ စအိုတစ်ဝိုက် ယားယံတာ၊ အရည်ထွက်ပြီး တစိုစိုဖြစ်တာ၊ သွေးထွက်တာ၊ ဝမ်းသွားရနာကျင်တာ စတာတွေဖြစ်တတ်တယ်။

ဂနိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်နိုင်သလဲ❓

– အရိုးအဆစ် ရောင်ရမ်းပိုးဝင်ခြင်း

– အမျိုးသားတွေမှာ ဝှေးစေ့ရောင်ရမ်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းကျဥ်းခြင်း

– အမျိုးသမီးတွေမှာ နာတာရှည်အမျိုးသမီးကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း (Pelvic Inflammatory Disease) ၊ မျိုးမအောင်ခြင်း… စတာတွေထိ ဖြစ်နိုင်ပါတယ်။

ဂနိုရောဂါကို ဘယ်လိုကုသနိုင်သလဲ❓

✅ဂနိုရောဂါဟာ ပုံမှန်အားဖြင့် နှစ်ပတ်အတွင်း ပိုးသတ်ဆေး ဆေးသောက်/ ဆေးထိုး ကုသမှုခံယူပြီး ပျောက်ကင်းနိုင်တဲ့အတွက် ဂနိုရောဂါသံသယရှိရင် ကုသမှုခံယူဖို့ ရှက်ကြောက်မနေပါနဲ့။ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနဲ့ စစ်ဆေးပြသကုသမှုခံယူပါ။

✅ဆရာဝန်က လိုအပ်သလို ရောဂါပိုးရှိတဲ့ အနာနေရာကနေ တို့ပတ်ယူပိုးစစ်ဆေးခြင်း၊ ဆီးမှ ပိုးစစ်ဆေးခြင်းတွေပြုလုပ်ပြီး ရောဂါအတည်ပြုပေးပါမယ်။

✅မိမိရဲ့ လိင်ဆက်ဆံဖော်ကိုလည်း ဆေးစစ်ပါ။ လိုအပ်ပါက ကုသမှုခံယူစေပါ။

❌ရောဂါပိုးပျောက်ကင်းကုသမှုပြီးဆုံးသည့်တိုင်အောင် မိမိရော မိမိလိင်ဆက်ဆံဖော်ပါ လိင်ဆက်ဆံမှုပြုခြင်းကို ရှောင်ကြဥ်ပါ။

ဂနိုရောဂါ မဖြစ်ရလေအောင်

❎အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်မယ်။

✅ပါးစပ်ဖြင့် ဆက်ဆံခြင်း၊ စအိုဖြင့်ဆက်ဆံခြင်း အပါအဝင် လိင်ဆက်ဆံမှုအားလုံးမှာ ကွန်ဒုံးကို စနစ်တကျအသုံးပြုမယ်။

✅လိင်ဆက်ဆံဖော်များတဲ့သူ၊ အပျော်အပါးလိုက်စားတတ်သူဖြစ်ရင်တော့ အနည်းဆုံးတစ်နှစ်တစ်ကြိမ် ဆေးစစ်သင့်ပါတယ်။

????အနှစ်ချုပ်ရရင် လိင်ဆက်ဆံမှုပြုတိုင်း အကာအကွယ်သုံးပါ။ ရောဂါကူးစက်ဖြစ်လာခဲ့ရင်လည်း ဒါဟာ ရှက်ကြောက်စရာ ရောဂါမဟုတ်ပါ။ ဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူပါ။ လိင်ဆက်ဆံဖော်ကိုပါ စစ်ဆေးမှုပြုလုပ်စေပါ။ လိုအပ်ကကုသမှုခံယူစေပါ။ ရောဂါအမြစ်မပြတ်သေးသည့် ကုသမှုခံနေစဥ်တစ်လျှောက် လိင်ဆက်ဆံခြင်းကိုရှောင်ကြည်ပါလို့ ပြောကြားလိုက်ပါရစေ????

References ????

????John Murtagh’s Patient Education, Sixth Edition : Gonorrhea pg-133

????CDC : Centers for Disease Control and Prevention : Gonorrhea

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.