Ganglion ဆိုတာ ခြေတွေလက်တွေမှာ အတွေ့ရများတဲ့ အရေပြားအောက်ကနေ ငေါထွက်နေတတ်တဲ့ ခပ်မာမာ အလုံးတစ်လုံးပါပဲ။ အလုံးထဲမှာတော့ ဂျယ်လီလို အရည်ကြည်တွေနဲ့ ပြည့်နေတတ်ပါတယ်။

◼️ အတွေ့ရများတတ်တဲ့ နေရာတွေက ?

လက်ကောက်ဝတ်မှာ အဖြစ်များပြီး လက်ဖမိုးဘက်မှာ ပိုတွေ့ရတတ်ပါတယ်။ လက်ချောင်းတွေရဲ့ အခြေနားနဲ့ ခြေဖမိုးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။

◼️ ရောဂါလက္ခဏာတွေက ?

Ganglion လုံးဟာ အရွယ်အမျိုးမျိုးနဲ့ လာတတ်ပါတယ်။ ပဲစေ့လုံး အရွယ်ကနေ ခြောက်စင်တီမီတာ အထိ ကြီးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အလုံးဟာ တစ်စင်တီမီတာလောက် ရှိတတ်ပါတယ်။

ခပ်မာမာ အလုံးတစ်လုံး ဖြစ်ပေမယ့် ထိကြည့်တဲ့အခါ ပျော့နေတာ မာနေတာ နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။

နာကျင်မှု ဒဏ်လည်း မခံစားရဘူး။ ဖြစ်လည်း အနည်းငယ် မသက်မသာ ဖြစ်တာလောက်ပါပဲ။ ဒါပေမယ့် လှုပ်ရှားမှုများတဲ့ လက်ချောင်းတွေရဲ့ အခြေမှာ အလုံးတည်ရင်တော့ အတော်လေး နာတတ်ပါတယ်။

◼️ ဘာကြောင့် Ganglion လုံးဖြစ် ?

အဆစ်နဲ့ အရွတ်ကာ တစ်ရှုး‌တွေ ပြဲရာကနေ ယောင်လာတာ ကြောင့်ပါ။ အဲ့နောက် ဂျယ်လီလို အရည်တည်ပြီး ဖောင်းပြီး ပြန့်ကားလာတယ်။ အဲ့ဒါကို Ganglion လုံးကို ခေါ်တာပါ။

အများအားဖြင့်တော့ လက်ကောက်ဝတ်နဲ့ ခြေထောက်မှာ ဖြစ်တဲ့ဒဏ်ကြောင့် Ganglion လုံးဖြစ်တတ်ပါတယ်။

◼️ ဘယ်လိုလူ‌တွေမှာ အတွေ့ရများလဲ ?

သက်လတ်ပိုင်း အမျိုးသမီးတွေမှာ အတွေ့ရများပါတယ်။ ပြီးတော့ လက်ကောက်ဝတ်ကို မကြာခဏ အသုံးရပြုလေ့ရှိတဲ့ ဂဟေဆော်သူ (ဝယ်ဒိန်သမား) တွေမှာလည်း အဖြစ်များတတ်ပါတယ်။

◼️ ဘယ်လို ကုသမလဲ ?

Ganglion လုံးဟာ အန္တရာယ်သိပ်မ‌ပေးနိုင်ဘူး ဆိုပေမယ့် လျစ်လျူရှုထားလို့ရတဲ့ အရာတော့လည်း မဟုတ်ပါဘူး။ ကျွမ်းကျင်ဆရာဝန်နဲ့ အရင်ဆွေးနွေးပြီး ရောဂါ အခြေအနေကို အတည်ပြုနိုင်ပါတယ်။

ရွေးချယ်စရာ ကုသနည်းများကို ပြောပြချင်ပါတယ်။

(၁) Ganglion လုံးဟာ သူ့ဟာသူ ပျောက်ကင်းတတ်တာမို့ ဘာကုသမှုမှ မယူပဲ ပျောက်ကင်းမယ့် အချိန်ကို စောင့်ပါ။

(၂) အလုံးကကြီးပြီး အချိန်လည်းကြာပြီမို့ မှည့်လာပြီဆို ညှစ်ထုတ်ပြီး ပေါက်အောင် ဖောက်နိုင်ပါတယ်။

(၃) အလုံးရဲ့ အလည်နားလောက်ကို Cortisone ထိုးပြီး ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

(၄) ခွဲစိတ်ဆရာဝန်က ဖြတ်ထုတ်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

◼️ အပြောများတဲ့ ကုသနည်းက အလုပ်ဖြစ်လား ?

အနောက်နိုင်ငံမှာတော့ Ganglion လုံးပေါ်ရင် သမ္မာကျမ်းစာအုပ် ထူထူနဲ့ ဖိတတ်ကြပါတယ်။ မြန်မာပြည်မှာတော့ ဇိနတ္ထပကာသနီကျမ်းနဲ့ ရိုက်ကြမလား မပြောတတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီနည်းလမ်းဟာ လက်တွေ့မကျတာကြောင့် ဒီနည်းသုံးဖို့ အားမပေးပါဘူး။

◼️ Ganglion လုံးဟာ ပြန်ပေါ်တတ်သလား ?

ပေါ်တတ်ပါတယ်။ ခွဲစိတ်ကုသ ပြီးရင်တောင် ပေါ်တတ်တာမျိုးရှိပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ ပထမဆုံး ကုသပြီးတဲ့ အခါမှာတင် ပျောက်ကင်းတတ်ပါတယ်။

Reference ???? Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 275

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.