G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ (G6PD Deficiency)
❓ G6PD ချို့တဲ့တယ်ဆိုတာ ဘာလဲ
G6PD ဆိုတာ Glucose-6-Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးပါ။ G6PD အင်ဇိုင်းဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ သွေးနီဥတွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ဖြစ်စဥ်မှာပါဝင်ပြီး ၊ သွေးနီဥတွေကိုအလွယ်တကူ မပြိုကွဲမပျက်စီးအောင် ကာကွယ်ပေးထားတဲ့ အရေးကြီးတဲ့အလုပ်ကိုလုပ်ရပါတယ်။
ဒီ G6PD အင်ဇိုင်းဓာတ်ချို့တဲ့တဲ့အခါ သွေးနီဥတွေဟာ ပြင်ပက ဓာတ်တိုးပစ္စည်း (Oxidants)တွေနဲ့တွေ့တဲ့အခါ အလွယ်တကူ ပျက်စီးပြိုကွဲပြီး အကျိုးဆက်အနေနဲ့ သွေးအားနည်းတာ၊ အသားဝါတာ၊ ဆီးမည်းမည်းသွားတာစတဲ့ G6PD ချို့တဲ့တဲ့ လက္ခဏာတွေဖြစ်လာရပါတယ်။ ဒါဟာ မျိုးရိုးလိုက်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ယောင်္ကျားလေးတွေမှာ အဓိကအဖြစ်များပါတယ်။
????ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၄၀၀ လောက်မှာ G6PD အင်ဇိုင်းချို့တဲ့ကြပါတယ်။ ယောင်္ကျားလေးတွေမှာ အဓိကဖြစ်တယ်။ မိန်းကလေးတွေမှာ ဖြစ်ခဲ့ရင်လည်း လက္ခဏာမပြတတ်ဘဲ မျိုးရိုးဗီဇကိုသာ သယ်ဆောင်ပါတယ်။ အာရှဒေသတွေမှာ ပိုအဖြစ်များပါတယ်။
????G6PD ချို့တဲ့သူတွေမှာ
– အချို့သောဆေးဝါးများ (ငှက်ဖျားဆေးတွေ (ဥပမာ Primaquine, Chloroquine)၊ ဆာလ်ဖာပါဝင်သောဆေးတွေ၊ အကိုက်အခဲပျောက်ဆေးအချို့ (ဥပမာ Aspirin)၊ ပိုးသတ်ဆေးအချို့ နဲ့ အဖျားကျဆေးအချို့၊ တရုတ်တိုင်းရင်းဆေးအချို့ စသည်)
– ပရုတ်လုံး နဲ့ ပရုတ်အေး (Methol) ပါဝင်တဲ့ သွားတိုက်ဆေး၊ သကြားလုံး၊ ခံတွင်းသန့်စင်ဆေးရည်တွေ
– တောင်ကြီးပဲ (Fava Bean)၊ ပဲကြား၊ ပဲလက်မ၊ ပဲပိစပ်
– အစားအသောက်ဆိုးဆေးလို ဓာတုပစ္စည်းတွေ
– အားဖြည့်ရေ (Tonic water) စတာတွေက သွေးနီဥပြိုကွဲပျက်စီးစေတဲ့ ဓာတ်တိုးပစ္စည်းတွေဖြစ်ပါတယ်။ ဒါတွေကို မတည့်တဲ့အရာတွေလို့ မှတ်သားထားပြီး ရှောင်ကြရပါမယ်။
❓ G6PD ချို့တဲ့တဲ့ လက္ခဏာ နဲ့ နောက်ဆက်တွဲအကျိုးဆက်များ
G6PD ချို့တဲ့သူ (ကလေး/လူကြီး)အများစုဟာ ဘာလက္ခဏာမှမပြဘဲ ပုံမှန်နေကောင်းကျန်းမာနေနိုင်ပါတယ်။ ဒါပေမယ့် ဖျားနာတဲ့အခါ၊ အထက်ကဖော်ပြခဲ့တဲ့မတည့်တဲ့ဆေးဝါးတွေသောက်သုံးမိတဲ့အခါ၊ တောင်ကြီးပဲလို မတည့်တာတွေစားမိတဲ့အခါ၊ ပရုတ်လုံးလိုမတည့်တဲ့အရာတွေနဲ့ထိတွေ့မိ/ရှုရှိုက်မိတဲ့အခါ သွေးနီဥတွေအမြောက်အများ ပျက်စီးပြိုကွဲမှုကိုဖြစ်စေပြီး ရုတ်တရက် သွေးအားအလွန်နည်းပြီး သွေးသွင်းရတဲ့အထိ ဖြစ်နိုင်ပါတယ်။
- အဲ့လိုအခါမျိုးမှာ
- ဖျားတာ၊ နုံးတာ၊ နှလုံးခုန်မြန်တာ၊ နောက်ကျောနာတာစတဲ့ လက္ခဏာတွေ
- ဆီးမည်းမည်းတွေသွားတာ/ ဆီးအရောင်ရင့်တာ
- အသားဝါတာ
- သွေးအားနည်းတာ စတဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
G6PD ချို့တဲ့တဲ့ ဗျိုးရိုးဗီဇသယ်ဆောင်တဲ့ မိခင်က မွေးတဲ့ကလေးငယ် (အများအားဖြင့် ယောင်္ကျားလေး) ဟာ ဒီရောဂါကိုအမွေဆက်ခံရနိုင်ပါတယ်။ မွေးစကလေးငယ်လေးမှာ အသားဝါလာတာတွေဖြစ်လာတဲ့အခါ မီးပြရတာ၊ သွေးလဲရတာတွေအထိ ဖြစ်နိုင်ပါတယ်။ မွေးစကလေး အသားဝါတဲ့အခါ ဆေးရုံဆေးခန်းမှာ လိုအပ်တဲ့ကုသမှုမခံယူခဲ့ရင် နောက်ဆက်တွဲအနေနဲ့ ကလေးငယ်ရဲ့ ဦးနှောက်ပျက်စီးတဲ့အခြေအနေ (Kernicterus) အထိဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
❓ G6PD ချို့တဲ့နေမှန်းဘယ်လိုသိနိုင်သလဲ
သွေးစစ်တာ၊ G6DP အင်ဇိုင်းဓာတ်စစ်တာ စတာတွေလုပ်နိုင်ပါတယ်။
ခေတ်ကာလတိုးတက်လာတာနဲ့အမျှ G6PD ချို့တဲ့မှုအတွက် မိမိကလေးငယ်တွေကို G6PD Screening ကြိုတင်စစ်ဆေးမှုတွေပြုလုပ်လာကြပါတယ်။
❓ ဘယ်လိုကုသနိုင်သလဲ
- မတည့်တာတွေကို ရှောင်ဖို့က အဓိကဖြစ်တယ်။
- သွေးနီဥတွေအမြောက်အများ ပြိုကွဲပျက်စီးပြီး သွေးအားအလွန်နည်းလာတဲ့အခြေအနေမျိုးမှာ သွေးသွင်းဖို့လိုနိုင်တယ်။
- မွေးကင်းစကလေးငယ်လေးတွေမှာ အသားဝါလာရင် မီးပြတာ (Phototherapy) ၊ သွေးလဲတာ (Exchange Transfusion) စတာတွေ လုပ်ဖို့လိုနိုင်တယ်။
- ထပ်ခါထပ်ခါ သွေးအားနည်း/သွေးသွင်းဖို့လိုအပ်နေရင်တော့ ဘေလုံး( spleen )ထုတ်လိုက်တာကလည်း အကျိုးများစေတယ်။
- ဖောလစ်အက်ဆစ် (Folic Acid) ကလည်း အထောက်အကူပြုပါတယ်။
????G6PD ချို့တဲ့ရင်သွေးငယ်ရှိတဲ့ မိခင်တို့သိအပ်စရာ
‼️G6PD ချို့တဲ့တာဟာ မျိုးရိုးဗီဇအရ ဘဝတစ်သက်တာ မပျောက်ကင်းနိုင်ဘဲ ဆက်လက်ချို့တဲ့နေမှာကို နားလည်ထားရမယ်။ ဓာတ်တိုးပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါတိုင်း ပြန်ဖြစ်နေဦးမှာဖြစ်တဲ့အတွက် ဒီ မတည့်တဲ့ အရာတွေ/ ဓာတ်တိုးပစ္စည်းတွေကို အမြဲတစေရှောင်ဖို့အထူးလိုအပ်ပါတယ်‼️
• မိဘတွေအနေနဲ့ G6PD ချို့တဲ့ကလေးငယ်ကို ပရုတ်လုံးနဲ့ ပရုတ်ပါဝင်တဲ့အရာတွေနဲ့ ပေးတွေ့လို့မရဘူး။ မွေးစကလေးငယ်တွေရဲ့အနှီးမှာ ပရုတ်လုံးသုံးတာရှောင်ရမယ်။
• တောင်ကြီးပဲလို မတည့်တဲ့ အစားအစာတွေမကျွေးမိအောင် သတိထားဆင်ခြင်ပါ။
• မိမိရဲ့ G6PD ချို့တဲ့တဲ့ကလေးငယ်တွေကို မတည့်တဲ့ အရာတွေကို အသေအချာသင်ပြပေးထားရမယ်။
• ကလေးငယ်နဲ့ထိတွေ့ရမယ့်သူတွေ (ဆရာ/ဆရာမတွေ၊ ကလေးငယ်ရဲ့ သူငယ်ချင်းတွေ စသည်) ကိုပါ မိမိကလေးငယ်နဲ့ မတည့်တဲ့အရာတွေကို ကြိုတင်ပြောပြပေးထားရမယ်။
• မိမိရဲ့ G6PD ချို့တဲ့ကလေးငယ်ကို ဆေးဝါးတိုက်စရာရှိရင်ဖြစ်ဖြစ်၊ တည့်မတည့်မသေချာတဲ့ အစားအစာကျွေးစရာရှိရင်ဖြစ်ဖြစ် တည့်မတည့် ဦးစွာလေ့လာပါ။ လိုအပ်ပါက ဆရာဝန်ရဲ့ အကြံဥာဏ်ရယူပါ။
• ဆေးရုံ/ ဆေးခန်းပြသတိုင်း G6PD ချို့တဲ့ကြောင်း ထည့်သွင်းပြောပေးပါ။
• လိုအပ်ပါက သွေးသွင်းကုသမှု လိုနိုင်တယ်ဆိုတာသိနားလည်ထားပါ။
• Vitamin C, Vitamin K စတဲ့ တချို့ဗီတာမင်အားဆေးတွေမှာ လူလုပ်ဓာတ်ပစ္စည်းတွေပါဝင်တတ်လို့ တစ်နေ့တာလိုအပ်တဲ့ပမာဏထက် ပိုမတိုက်ကျွေးပါနဲ့။
• ကြက်ဟင်းခါးသီး နဲ့ Gluten ပါဝင်မှုမရှိတဲ့အစားအစာထုတ်ကုန်တွေ (Gluten Free Products) ကိုလည်း G6PD ချို့တဲ့ကလေးငယ်ကို မကျွေးသင့်ပါ။
‼️G6PD ကလေးရှိတဲ့ မေမေတို့ဟာ အောက်ပါ အရေးပေါ်လက္ခဏာရပ်တွေကို မှတ်သားထားပါ။
– အသားအရောင်ဖြူဖျော့၊ နှုတ်ခမ်းဖြူဖျော့လာတာ
– ကလေးကနုံးနေရင်
– နှလုံးခုန်မြန်ပြီး အသက်ရှုမြန်နေတဲ့အခါ
– အသက်ရှုမဝ/မောနေရင်
– မျက်လုံးဝါ/အသားဝါလာရင်
– နောက်ကျောနာတာ
– ဆီးမည်းမည်းသွားတာ/ ဆီးအရောင်ရင့်တာ စတဲ့ လက္ခဏာရပ်တွေရှိလာရင် သွေးသွင်းကုသဖို့လိုအပ်နိုင်တာကြောင့် ဆေးရုံဆေးခန်း အမြန်ပြသပါ။
????G6PD ချို့တဲ့တာဟာ အမှန်ဆို ရောဂါတစ်ခုအနေနဲ့တောင် သတ်မှတ်ဖို့ခက်ပြီး ဒါဟာ မျိုးရိုးလိုက်တဲ့ အခြေအနေတစ်မျိုးသာဖြစ်ပါတယ်။ G6PDရှိတဲ့သူအများစုဟာလည်း လူကောင်းပကတိအတိုင်း ကျန်းမာစွာနေထိုင်နိုင်ပါတယ်။ မတည့်တာတွေကို ရှောင်ရှားဖို့က အရေးကြီးဆုံးဆိုတာကို သိနားလည်ထားပါ။ မိခင်တွေအနေနဲ့ မတည့်တာတွေကို ကိုယ်တိုင်အတိအကျမှတ်သားထားရမယ့်အပြင် ကလေးကိုရော၊ ကလေးနဲ့ထိတွေ့ရမယ့်သူတွေကိုပါ ကြိုတင်ပြောပြထားပါ။ အရေးပေါ်လက္ခဏာတွေပေါ်ပေါက်ပါက ဆေးရုံဆေးခန်း အမြန်ပြသပါ????
????References :
????Oxford Handbook of Clinical Haematology, Fourth Edition ; G6PD Deficiency pg-88
????AboutKidsHealth-G6PD deficiency
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.