မိုးရာသီရောက်ပြီဆိုတာနဲ့ တုပ်ကွေးရာသီ စပြီဆိုတာ အားလုံး သိထားကြမှာပါ။
ဒါပေမယ့် တော်တော်များများ မေ့နေကြတာတစ်ခုက တုပ်ကွေးရောဂါဆိုတာ ကာကွယ်လို့ရတယ်၊ ကြိုတင်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ရောဂါမဖြစ်အောင်၊ ဆေးရုံတက်ရတဲ့အထိ မပြင်းထန်အောင် ခုခံကာကွယ်လို့ရတယ်ဆိုတဲ့ အချက်ပါပဲ။
ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို အောက်မှာ ဖြေပေးထားပါတယ်။
..
..
◼️တုပ်ကွေးကာကွယ်ဆေးဆိုတာ ဘာလဲ
Influenza virus ကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါကို ကာကွယ်ပေးတဲ့ဆေး ဖြစ်ပါတယ်။
..
..
◼️ကာကွယ်ဆေးကို ဘယ်လိုအရွယ်တွေ ထိုးသင့်သလဲ
အသက်ခြောက်လအထက် မည်သူမဆို ထိုးလို့ရပါတယ်။ အသက်ငါးနှစ်အောက် ကလေးငယ်တွေနဲ့ အသက် ခြောက်ဆယ့်ငါးနှစ်အထက် လူကြီးတွေအနေနဲ့က အဓိက ပိုထိုးသင့်ပါတယ်။ ရုံးတက်၊ ကျောင်းတက်နေသူတွေအဖို့လည်း အလုပ်အကိုင်မပျက်၊ ခွင့်ရက်ရှည် မယူရလေအောင် ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပါတယ်။
..
..
◼️ကာကွယ်ဆေးထိုးလိုက်မှ တုပ်ကွေးရောဂါ ဖြစ်တယ်ဆိုတာ ဟုတ်သလား
လုံးဝ မဟုတ်ပါ။ ထိုးလိုက်တဲ့ ကာကွယ်ဆေးကို တုံ့ပြန်မှုအနေနဲ့ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲနာကျင်တာမျိုးသာ ဖြစ်တတ်ပါတယ်။ တုပ်ကွေးမဟုတ်ပါ။
..
..
◼️ကာကွယ်ဆေးကြောင့် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်သလား
ဓာတ်မတည့်ခြင်းနဲ့ တခြားပြင်းထန်ဆိုးကျိုးတွေက အင်မတန်ဖြစ်ခဲပါတယ်။ ယခင် မိမိကာကွယ်ဆေးထိုးစဉ်က ဓာတ်မတည့်မှုမျိုး ကြုံခဲ့ဖူးပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများကို ကြိုတင်အသိပေးထားဖို့တော့ လိုအပ်ပါမယ်။
..
..
◼️ကာကွယ်ဆေးထိုးထားရင် ရောဂါ လုံးဝကူးစက်ခြင်း မရှိတော့ဘူးလား
တုပ်ကွေးပိုးက ပုံစံအမျိုးမျိုး လာနိုင်တာကြောင့် ကူးစက်နိုင်ခြေ ရှိပါသေးတယ်။ ကာကွယ်ဆေးက နှစ်တစ်နှစ်ရဲ့ အဖြစ်အများဆုံး တုပ်ကွေးဗိုင်းရပ်စ်ကို အဓိကကာကွယ်ဖို့ ထိုးတာဖြစ်တဲ့အတွက် တုပ်ကွေးပိုးအမျိုးမျိုးအတွက် မကာကွယ်နိုင်ပါ။ ဒါပေမယ့် မိမိကိုယ်ကိုယ် အရင်ဆုံးကာကွယ်ထားခြင်းဖြင့် ကူးစက်မှုကို လျှော့ချနိုင်ပါတယ်။
..
..
◼️ကိုယ်ဝန်ဆောင်တွေ အနေနဲ့ရော ကာကွယ်ဆေးထိုးဖို့ သင့်တော်ရဲ့လား
ထိုးသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ပုံမှန်ထက် ကိုယ်ခံအားကျဆင်းနေတတ်တာမို့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေးထိုးသင့်ပါတယ်။
..
..
◼️ကာကွယ်ဆေးထိုးခြင်း တစ်ခုတည်းကသာ တုပ်ကွေးရောဂါကို ကာကွယ်နိုင်တာလား
ကာကွယ်ဆေးထိုးဖို့ လိုအပ်တဲ့အပြင် မဖြစ်မနေ လုပ်ဆောင်ရမှာက
????နှာခေါင်းစည်း (Mask) တပ်ပါ။
????လူအုပ်များတဲ့ နေရာတွေကို ရှောင်ရှားပါ။
????လက်ကို လက်ဆေးဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့်နှစ်ဆယ်ခန့် ဆေးကြောပေးပါ။
????မျက်နှာကို လက်နဲ့ မကြာခဏ ကိုင်တွယ်ပွတ်သပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။
????နှာချေ၊ ချောင်းဆိုးတဲ့အခါ တံတောင် (သို့) လက်ကိုင်ပဝါ အကာအကွယ်ယူပြီး ဆိုးပါ။ အကာအကွယ်မဲ့ မဆိုးပါနဲ့။
????အသက်ရှူလေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးပါ။
..
..
တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကနေ ကူးစက်တတ်တဲ့ ရောဂါဖြစ်တာကြောင့် မိမိကူးစက်ပါက မိမိပတ်ဝန်းကျင်နှင့် မိသားစုကိုပါ ထပ်ဆင့်ကူးစက်စေမှာပါ။ ဒါကြောင့် ရောဂါမကူးစက်လေအောင် လမ်းညွှန်ချက်များအတိုင်း ဂရုစိုက်နေထိုင်ရင်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေးကို မပျက်မကွက် ထိုးထားသင့်ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
.
Ref : https:// www. mayoclinichealthsystem. org /hometown-health/featured-topic/dont-skip-your-flu-shot-this-year
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.